လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများနှင့် အတူ ထိုင်း-မြန်မာ နယ်စပ်ရှိ ပြည်တွင်းစစ်ပြေး ဒုက္ခသည်များ အား နေရပ်ပြန်ပို့ရေး လုပ်ဆောင်မှုများရှိနေသည်ကိုတွေ့ရသည်။ ယင်းအပေါ် နယ်စပ်အခြေစိုက် ကရင်လူမှု အဖွဲ့အစည်းများ၏ အမြင်သဘောထားများကို ဇွန် ၂ဝ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်နေ့တွင် ကေအိုင်စီက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
ပဒိုစောလားစေး ။ ။ ဌာနမှူး (KED -ကရင်ပညာရေးဌာန)
ဒုက္ခသည်များ နေရပ်ကို ပြန်တယ်ဆိုတဲ့နေရာမှာ သိ်က္ခာရှိရှိနဲ့ ပြန်တယ်ဆိုရင် အများစုက လက်ခံနိုင်တယ်။ အခု အခြေအနေမှာကျတော့ ပြန်ချင်တာပဲဖြစ်ဖြစ်၊ မပြန်ချင်တာပဲဖြစ်ဖြစ် တစ်ဖက်တစ်လမ်းကနေပြီးတော့ နည်းမျိုးစုံနဲ့ ဖိအားပေးလာတဲ့အခါကျတော့ ဒါတရားမျှတမူ မရှိဘူးလို့ ကျနော်မြင်တယ်။ ဖိအားပေးတယ် ဆိုတာက ပြန်ပါလို့ မပြောပေမယ့် တစ်ဖက်က Funding (ရံပုံငွေ)တွေ မရှိလို့ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ထောက်ပံ့မူတွေကို လျှော့ချတယ်ဆိုပေမယ့်လည်း တစ်ဖက်ကနေ ပြန်ကြည့်မယ် ဆိုရင် တော့ ဒါဟာ ပညာရှိနည်းနဲ့ ဖိအားပေးတာပဲ။ တကယ်လို့ ဒုက္ခသည်များဟာ ကိုယ့်တိုင်းပြည်ကို ပြန်မယ်ဆိုရင် သိက္ခာရှိစွာနဲ့ ပြန်နိုင်ဖို့က အရေးအကြီးဆုံးပဲ။ ဒါမှ ဖိအားအနေနဲ့ ပေးတဲ့ပုံစံမျိုးလည်း မဖြစ်တဲ့အတွက်ကြောင့် ညင်သာပြီး သိက္ခာရှိမယ်၊ အများအမြင်မှာလည်း သင့်တော်မယ်။
ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ပေးချင်တယ်ဆိုလို့ရှိရင် မြန်မာပြည်အစိုးရလည်း လက်ခံရမယ်။ KNU အဖွဲ့ အစည်းတွေ၊ ဒုက္ခသည်စခန်းရဲ့ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ UNHCR နဲ့ ထိုင်းတို့ကပါ အကုန်ပူးပေါင်း ပါဝင်ရင်တော့ အကောင်းဆုံးပေါ့။
စောလယ်နယ် ။ ။ ဥက္ကဌ (ကရင်လူငယ်အစည်းအရုံး-KYO)
ဒုက္ခသည်တွေကို အတင်းပြန်ခိုင်းတာမျိုးက မကောင်းပါဘူး။ သူတို့က နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖြစ်လာတဲ့ စစ်ရေးပဋိပက္ခတွေကနေ ဖိနှိပ်မှုအမျိုးမျိုးကို ခံစားရတာကြောင့် မိမိနေရပ်ကိုစွန့်ပြီး ဒုက္ခသည်ဖြစ်လာကြတာပါ။ ဒီဒုက္ခသည် စခန်းမှာလည်း ဖိနှိပ်ခံရမှုအမျိုးမျိုးရှိတာပဲ။ စခန်းထဲမှာ လုပ်ကိုင်စားသောက်ရတာက အဆင် မပြေ သလို အကူအညီ ထောက်ပံ့မှုတွေလည်း ပြည့်ပြည့်စုံစုံမရနိုင် ဘူးလေ။ ဒါကြောင့် ကိုယ့်နေရပ်ကို ပြန်ဖို့ဆို အာမခံချက် သေသေချာချာ ရှိရမယ်လေ။
အခုက ပြန်ရမဲ့နေရာ ဒေသတချို့မှာဆိုရင် စစ်တပ်က စခန်းထိုင်နေတာမျိုး၊ မိုင်းအန္တရာယ်လိုမျိုး လုံခြုံရေး အတွက် ပြည့်ပြည့်ဝဝ မရှိသေးဘူး။ ဒီထက်မက ပြည်တွင်းထဲမှာလည်း အခုထိတိုက်ပွဲတွေက ရှိနေတုန်းပဲ။ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ကို ခေါင်းဆောင်တွေက ကြိုးစားလုပ်ဆောင်နေကြလည်း လိုအပ်ချက် ပန်းတိုင်ကို မရောက်နိုင်သေးဘူး။ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရသေးတာကြောင့် ဒုက္ခသည်တွေပြန်ဖို့ နေရာချဖို့နဲ့ လုပ်ကိုင်စားသောက်ဖို့ဆိုတာက လွယ်တဲ့ကိစ္စ မဟုတ်သေးပါဘူး။ အာမခံချက်ဘာမှ မရှိသေးဘူးလေ။
စောဟေစိုး။ ပညာရေးတာဝန်ခံ (ကရင်ဒုက္ခသည်ကော်မတီ-KRC)
ဒုက္ခသည်တွေအပေါ် နေရပ်ပြန်ဖို့ ကိုဖိအားပေးမှုတွေရှိတယ်ဆိုတာမျိုး တချို့ကမြင်ကြပေမဲ့ ကျနော်မြင်တာ ကတော့ ဒါကပြောင်းလဲမှုအချိန်တစ်ခုပေါ့။ ဆိုလိုတာက ကျနော်တို့ကိုကူညီထောက်ပံ့နေတဲ့ NGOအဖွဲ့အစည်း နဲ့ ပတ်သက်ပြီးတော့ပေါ့။ ဒါကြောင့် ဒီနေ့လို နေ့မျိုးမှာ ကရင်ဒုက္ခသည်ကော်မတီရဲ့ လမ်းညွန်မှုအောက်မှာရှိ နေတဲ့ ဒုက္ခသည်တွေကို ဒီအချိန်က ပြောင်းလဲမှုအခြေအနေတစ်ခုအနေနဲ့ ရှိနေတာကို ပွင့်ပွင့်လင်းလင်း အသိ ပေးဖို့ ဆိုလိုတာက တစ်နေ့ ဒီဒုက္ခသည်စခန်းထဲမှာနေလို့မရတော့ဘူးဆိုရင် ဒုက္ခသည်တွေအတွက် ပြင်ဆင်မှု ရှိရမယ်။ ဒါကြောင့် သူတို့စပြီးစဉ်းစားရမယ်။
KRC အနေနဲ့ကလည်း အကူအညီ ပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ ကြိုးစားတွေ့ဆုံပြီးတော့ တကယ်လို့ ပြန်သွားဖို့ အခြေအနေတွေရှိလာပြီးဆိုရင် ဖိအားပေးမှုတစ်ခုအနေနဲ့ ကျနော်တို့ မမြင်တွေ့ချင်ဘူး။ တိကျသေချာတဲ့ အစီ အစဉ် ရှိရမယ်။ ဒုက္ခသည်တွေ သူတို့ကိုယ်တိုင်ပြန်၊ မပြန် ဆုံးဖြတ်ချက်ချနိုင်တဲ့ အချိန်တစ်ခုကိုပေးရမယ်။ ပြန်ဖို့အတွက်ကို ဖိအားတစ်ခု အနေနဲ့ မဖြစ်စေချင်ဘူး။ အခုကူညီထောက်ပံ့မှုတွေ လျော့နည်းလာတာကြောင့် နေရပ်ပြန်ဖို့ိ ဖိအားတစ်ခုလို ဖြစ်နေသလားဆိုတာမျိုး ဒုက္ခသည်တွေမှာ ဝိရောဓိဖြစ်စေတယ်။ အစီအစဉ်က ဘယ်လိုလဲဆိုတာကို ကျနော်တို့ နားမလည်းဘူး။ ဒါကြောင့် ဖိအားတစ်ခုလို မဖြစ်စေချင်တာ။ ဒါပေမဲ့ ကူညီ ထောက်ပံ့မှု လျော့နည်းလာမှုနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတစ်ခုခုရှိလာပြီးဆိုရင် ကျနော်တို့ သေသေ ချာချာ နားလည်ရမယ်။ အကူအညီ ရပ်စဲသွားတဲ့ သူတွေအနေနဲ့ ထွက်သွားပြီးတော့ ကျနော်တို့ကိုထားခဲ့တာမျိုး မဖြစ်စေချင်ဘူး။
သူတို့ထွက်သွားတဲ့နောက်ပိုင်းမှာ သူတို့ရဲ့အစီအစဉ်တွေကို ဆက်ပြီးကူညီပေးနေသေးတဲ့ အဖွဲ့အစည်းတွေကို တာဝန်ပေးသွားဖို့လိုတယ်။ ဒါကြောင့် ကျနော်ပြောချင်တာက အစီအစဉ်တွေက တိကျသေချာမှုရှိရမယ်။ တိတိ ကျကျရှိမှ ဒုက္ခသည်တွေ အပေါ်ဖိအားပေးတာမျိုးမဖြစ်မှာ။ ဒါမှဒုက္ခသည်တွေ ဇဝေဇဝါဖြစ်မှု၊ ကြောက်ရွံ့မှု တွေ လျော့နည်းသွားမှာ ဖြစ်တယ်။
နော်လားအဲဒို့ ။ ။ သုတေသနာလက်ထောက် ( Progressive Voice – ရှေ့ပြေးအသံ )
အခုထိ မြန်မာပြည်မှာ မငြိမ်းချမ်းသေးဘူး။ အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းဆို ဒုက္ခသည်တွေ နည်းသွား ရမယ့်အစား ပိုပြီးတော့ များလာတယ်။ ဥပမာ- ကချင်၊ ရှမ်းမြောက်ပိုင်း ဒေသတွေမှာ စစ်ပွဲတွေများ သထက် များလာလို့ IDP- ပြည်တွင်း နေရပ်စွန့်ခွာ သူတွေလည်း များလာတယ်။ ကရင်ဖက်မှာ ဆိုရင်လည်း ငြိမ်းချမ်းမူ မရှိသေးလို့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ကို စိုးရိမ်နေကြတုန်းပဲ။ ဒါကြောင့် အစိုးရရော၊ UNHCR ရော၊ ဆက်စပ်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကို တစ်ခုတောင်းဆိုချင်တာက ဒုက္ခသည်တွေနဲ့ အတူတူ ပူးပေါင်းလုပ်ကိုင်ပါ။
သူတို့ဘာဖြစ်ချင်တာလည်းဆိုတဲ့ အပေါ်မှာမူတည်ပြီး သူတို့ရဲ့ ဆန္ဒကို မေးပါ။ ပြန်ဖို့ကိုတော့ ဖိအားမပေးနဲ့ ပေါ့နော်။ သူတို့မှာ စိုးရိမ်မူတွေ အများကြီးရှိနေတဲ့ အတွက် သူတို့ဆန္ဒတွေကို အလေးထားပေးပါ။ အစား အသောက်ဖြတ်၊ အကူအညီဖြတ်တာမျိုးတွေ မလုပ်ပဲ သူတို့ ဘာဖြစ်ချင်တာလဲကို အရင်မေးပြီး လိုအပ်တဲ့ အကူအညီတွေ ဆက်လက်ထောက်ပံ့သွားပါလို့ သက်ဆိုင်ရာ အားလုံးကို တောင်းဆို ချင်ပါတယ်။
စောထူးထူးစတင်း ဥက္ကဌ (ကရင်ကျောင်းသားများကွန်ရက်အဖွဲ့ -KSNG)
အစိုးရ၊ KNUနဲ့ ဒုက္ခသည်စခန်းက တာဝန်ရှိသူ ခေါင်းဆောင်ပိုင်းတွေကလည်း လက်ရှိ ငြိမ်းချမ်းရေးကိစ္စကို သူတို့ချည်း သိတာမဟုတ်ပဲနဲ့ ဒုက္ခသည်တွေကိုလည်း အချိန်မီ အသိပေးသင့်တယ်။ ဒါမှ ပြန်သင့် မပြန်သင့် ဒုက္ခသည်တွေ ဆုံးဖြတ်လို့ရမယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ မရှိတော့တဲ့အချိန်၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီးချိန်နဲ့ နိုင်ငံရေးအခြေအနေ ကောင်းလာတဲ့နောက်ပိုင်းမှ ဒုက္ခသည်နေရပ် ပြန်ရေးကိစ္စကို လုပ်ဆောင်သင့် တယ်လို့ ထင်တယ်။