မတ်လ ၇ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA ၏ အကောင်အထည်ဖော်မှုများကို တိုးမြှင့်လုပ်ဆောင်သွား မည်ဟု NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၈)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့-PPSTက မတ်လ ၄ရက်မှ ၆ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ တိုးမြှင့်လုပ်ဆောင်ရာတွင် အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးသည့် NCA ၏ အခန်း(၆)၊ အပိုဒ် ၂၅ ပြဌာန်းချက် များအရ ကြားကာလအစီအစဉ်များကို အစိုးရနှင့်ဆက်လက်ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ကြားကာလ အစီအစဉ်များဆိုင်ရာကော်မတီကို ဖွဲ့စည်းပြင်ဆင်ထားခဲ့သည်ဟု PPST၏ ပြောခွင့်ရသူ ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက “အပစ်အခတ်ရပ်စဲလုပ်ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲကျင်းပနေစဉ်အတောအတွင်း နိုင်ငံရေးဆွေးနွေးပွဲ အဖြေမရ ရှိသေးတဲ့အချိန် ကြားကာလထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခ ထပ်မံမဖြစ်ပွားဖို့၊ အထူးသဖြင့် ဆက်စပ်နယ်မြေအတွင်းမှာ နယ်မြေ၊ နောက်ပြီး အုပ်ချုပ်ရေး စီမံခန့်ခွဲမှုဆိုင်ရာပဋိပက္ခ မဖြစ်ပွားရေးအတွက် စာချုပ်မှာ သဘောတူညီထားတဲ့အတိုင်း နောက်ထပ်ညှိနှိုင်းဖို့ လိုအပ်တဲ့ ကြားကာလ အစီအစဉ်များဆိုင်ရာကော်မတီကို ကျနော်တို့ဖွဲ့စည်းပြီး ပြင်ဆင်ထားတာ ဖြစ် တယ်”ဟု ပြောသည်။
ထို့အပြင် နှစ်ပေါင်း(၆၀)အတွင်း မြန်မာပြည်၏ လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းနိုင်ရန် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများ က ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းအရင်းများကို ဖြေရှင်းနိုင်ရန် ၎င်း (၈)ဖွဲ့အနေဖြင့် ဆက်လက်၍ NCA လမ်းကြောင်းအတိုင်း ရောက်နိုင်အောင် ကျန်ရှိသည့် အဖွဲ့အစည်း များနှင့် စုစည်းဆောင်ရွက်သွားရမည့် သဘောထားရှိသည်ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။
အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများ၊ NCA အကောင်အထည်ဖော်မှုများနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခဲ့မှုအပေါ် PPST ကိုယ်စားလှယ်များအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ -PPWT ကိုယ်စားလှယ်များ ပါဝင်သည့် စုစုပေါင်းကိုယ်စားလှယ်ပေါင်း ၃ဝ ကျော်က ဆွေးနွေးသုံးသပ်ခဲ့ကြ သည်ဟု အစည်းအဝေးတက်ရောက်သူ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
NCA ပြဌာန်းချက်များနှင့်အညီ အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်မှုညှိနှိုင်းအစည်းအဝေး-JICMကို အမြန်ဆုံး ခေါ်ယူကျင်းပသွားရန်နှင့် NCA ထိုးထားသည့် အဖွဲ့အစည်းများအားလုံးအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးမတိုင်မီ ကျင်းပသွားရန်လိုအပ်ကြောင်းလည်း အစည်းအဝေး၌ သဘောထားချမှတ်ခဲ့သည်ဟု PPSTက ဆိုသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၂ရက်မှ ၂၄ ရက်နေ့အထိ ပန်ခမ်းမြို့၌ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး ပါတီ-UWSP/UWSA မှ ဦးဆောင်ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ပါဝင်သော ပန်ခမ်းညီလာခံ ထုတ်ပြန်ချက်အရ မြန်မာအစိုးရသည် သမိုင်းဝင်ပင်လုံစာချုပ်အား NCA စာချုပ်ဖြင့် အစားထိုးရန် ရည်ရွယ်ခြင်းကို လက်မခံဘဲ တရားမျှတမှုရှိသော အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြင့် NCAကို အစားထိုးရန် တောင်းဆိုကြသည်ဟု ဖော်ပြပါရှိသည်။
ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-(Peace Process Steering Team-PPST) အဖွဲ့သည် ယခင်နှစ် ၂၀၁၆ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က ထိုုင်းနုိုင်ငံ၊ချင်းမုိုင် မြို့တွင်ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုုးထားသော တုိုင်းရင်းသားလက်နက်ကိုုင် တော် လှန်ရေး အဖွဲ့အစည်းများ၏ ဒုုတိယအကြိမ် ထိပ်သီးအစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့်အဖွဲ့ ဖြစ်သည်။
ထိုအဖွဲ့တွင် KNU- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗုိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဒု-အဖွဲ့ ခေါင်းဆောင်အဖြစ် ဦးဆောင်ကာ အဖွဲ့ ၈ဖွဲ့မှ ထိပ်သီးခေါင်းဆောင်ကိုုယ်စားလှယ်များဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နုိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန် ဖွဲ့ စည်းထားသည့် အဖွဲ့ဖြစ်သည်။



















