မတ်လ ၁ဝရက်၊ ၂၀၁၇ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်းရှိ လူငယ်များအနေဖြင့် စီးပွားရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ ပိုမိုသိရှိလာ စေရန် ရည်ရွယ်၍ ဖားအံမြို့၊ GABANA ဟိုတယ်၌ Generation Focused Monitor မီဒီယာနှင့် သုတေသနအဖွဲ့က ဦးဆောင် ကာ မတ်လ ၉ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွဲ့ဒါရိုက်တာ ကိုနေလင်းထိုက်က “ကရင်၊ မွန်၊ တနသာင်္ရီတို့က စီးပွားရေးအခွင့်အလမ်းပိုင်းမှာ အညာ(မြန်မာပြည်အလယ်ပိုင်း) ဒေသထက် ပိုပြီးကောင်းတယ်။ ကြပ်ကြပ်မတ်မတ်လုပ်ရင် တကယ့်ကို ဖွံ့ဖြိုးနိုင်တယ်။ ကျနော်တို့ပွဲကိုလည်း ပညာရှင်တွေ သူတို့ကို ဖိတ်ပြီး လာဆွေးနွေးခိုင်းတယ်။ ဆွေးနွေးပွဲရလဒ်တွေ က အစိုးရအတွက် တစုံတရာ အထောက်အကူပြုမယ့် မူဝါဒတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ပြည်နယ်အတွင်း ဖွံ့ဖြိုးမှုနည်းသေးသည့်အတွက် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိမှု နည်းပါးပြီး ဒေသအတွင်းရှိ လူငယ်အများစုမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေ ကြရသည်ကို တွေ့ရသည်ဟု မီဒီယာနှင့် သုတေသနအဖွဲ့၏ တွေ့ရှိချက်တွင် ဖော်ပြထားသည်။
အဆိုပါဆွေးနွေးပွဲကို “သမုဒ္ဒရာဝမ်းတစ်ထွာ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးပညာ ရှင်များ၊ မူဝါဒရေးရာ ကျွမ်းကျင်သူများ၊ ပြည်နယ် စက်မှုလက်မှု လုပ်ငန်းရှင်အသင်း၊ တက္ကသိုလ်ကျောင်းသားများ အပါအဝင် စုစုပေါင်း ၅ဝဦးကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ကရင်ပြည်နယ် လူငယ်ဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်ပေးနေသူ နန်းမြင့်အောင်က “ဒီလိုပွဲမျိုးက လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်း ပိုသိလာစေတယ်။ ဒီမှာ စီးပွားရေးလာလုပ်တဲ့သူတွေက တခြားသူတွေ ခေါ်လာပြီး ဦးဆောင်ခိုင်းတယ်။ ဒေသခံ လူငယ်တွေက ဦးဆောင်ခွင့်မရတော့ အရည်အချင်း ရှိပေမယ့်လည်း ယုံကြည်မှုတွေ နည်းသွားတယ်။ တစ်ဖက်နိုင်ငံကို သွား ရောက်လုပ်ကိုင်ရတဲ့ အဓိက ပြဿနာက ဝင်ငွေနည်းတော့ မိသားစုအတွက် မလုံလောက်ဘူး။ ဒါကြောင့် ကျောင်းပြီးပေမယ့် အလုပ်အကိုင်မရှိတော့ တစ်ဖက်နိုင်ငံကို သွားလုပ်နေရတယ်”ဟု သူမ၏အမြင်ကို ပြောသည်။
Generation Focused Monitor မီဒီယာနှင့် သုတေသန အဖွဲ့ အနေဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်းဒေသ ကြီးတို့တွင် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ အပါအဝင် လူငယ်များနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့ပြီး သုတေသန တွေ့ရှိချက်များနှင့် အလုပ်ရုံဆွေးနွေးပွဲရလဒ်များကို လာမည့် ၂၀၁၇၊ ဇွန်လတွင် ထုတ်ဝေသွားမည်ဟု အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။



















