ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၇ခုနှစ်။ စောညွန့်သောင်း
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် တင်သွင်းရန်အတွက် ကဏ္ဍကြီး(၄)ခုအနက် အချက် ၆၀ကျော်ပါ လူမှုရေးကဏ္ဍ ဆိုင်ရာအခြေခံမူကြမ်းကို ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ဇန်နဝါရီ ၈ရက်မှ ၁ဝရက်နေ့အထိ ကျင်းပသည့် လူမှုရေးကဏ္ဍဆိုင်ရာ ကရင်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲတွင် ဆွေးနွေးချမှတ်နိုင်ခဲ့သည်။
ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများ(IDP)၊ နယ်စပ်နှင့် တစ်ဘက်နိုင်ငံရောက် ဒုက္ခသည်များအား ပြန်လည်နေရာချထား ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူငယ်အရေး၊ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့်ကလေး စသည့်ခေါင်း စဉ်များ ပါဝင်သော ယင်းအခြေခံမူကြမ်းကို ကရင်လူမျိုးများနေထိုင်ရာ ဒေသအသီးသီးမှ ကိုယ်စားလှယ်များက ဆွေးနွေးချမှတ် ခဲ့ခြင်းဖြစ်သည်ဟု ဆွေးနွေးပွဲကို ဦးဆောင်သူ စောစတိဗ်က ပြောသည်။
၎င်းက “အဓိက ကျနော်တို့ ခေါင်းစဉ်ကြီးအနေနဲ့ ဆွေးနွေးသွားတာ IDP နဲ့ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည် ထူထောင်ရေးကိစ္စရပ်တွေမှာ ပိုမိုကောင်းမွန်ဖို့နဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူကြမ်းတွေကို ဆွေးနွေးဖြစ်ကြပါတယ်။ အဲဒါတွေ ကို အကြမ်းပဲ ရှိပါသေးတယ်။ မူကြမ်းကနေ မူချောအဆင့်ဆင့်ဆက်ပြီး ဆွေးနွေးသွားရဦးမှာဖြစ်တယ်။”ဟု ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထိုသို့ဆွေးနွေးကြရာ၌ IDPနှင့် Refugee ဒုက္ခသည်များအရေးကိစ္စအားလုံးကို အလွယ်တကူ အဆင်ပြေခဲ့သော်လည်း လူမှုရေး ကဏ္ဍတွင် အချို့ကဏ္ဍခွဲများ၌ အနည်းငယ် နားလည်မှုလွဲချော်မှုရှိပြီး နောက်ဆုံး အပြန်အလှန် ဆွေးနွေးရာ၌ ပြန်လည်အဆင် ပြေခဲ့သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်စူစဲနာလှလှစိုးက ပြောသည်။
“IDP နဲ့ Refugee ကဏ္ဍကတော့ အားလုံးရှင်းတယ်။ လူမှုရေးကဏ္ဍဆွေးနွေးကြမှာတော့ နည်းနည်းတော့ နားလည်မှုလွှဲတာ ရှိ တယ်။ နောက်ဆုံးမှာတော့ အဆင်ပြေသွားပါတယ်။ လူမှုရေးမှာ အမျိုးသမီးနဲ့ကလေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါးကိစ္စ အခြား ကဏ္ဍတွေလည်းပါဝင်ပြီးတော့ ခေါင်းစဉ်အလိုက်ခွဲပြီး ကျမတို့အားလုံး ပါဝင်ဆွေးနွေးကြပါတယ်”ဟု သူမက ပြောသည်။
ထိုဆွေးနွေးချမှတ်ခဲ့သည့် မူကြမ်းများအားလုံးကို ပြန်လည်စုစည်းနောက် ကဏ္ဍအားလုံးကို လုပ်ငန်းကော်မတီက အချောသတ် သွားမည်ဖြစ်ပြီး လာမည့် ဇန်နဝါရီ ၁၈ရက်မှ ၂ဝရက်နေ့အထိ ဖားအံမြို့၊ သီရိဖားအံဟိုတယ်တွင် ကျင်းပမည့် နိုင်ငံတော်အဆင့် သတ်မှတ်ပေးသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် ကရင်အမျိုးသားများဆွေးနွေးပွဲတွင် အဆိုပါကဏ္ဍကြီး(၄)ရပ် အား တင်သွင်းသွားမည်ဟု ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ-KUPC ကိုယ်စားလှယ် စောကျော် စွာက ပြောသည်။
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့်ကဏ္ဍကြီး (၄)ရပ်တို့ကို လူမျိုးအလိုက် ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)က ချမှတ်ထားခြင်းဖြစ် သည်။
ကရင်အမျိုးသားများအနေဖြင့် ယင်းကဏ္ဍကြီး(၄)ရပ်မှ စီးပွားရေး၊ လူမှုရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အခြေခံ မူဝါဒအကြမ်းအား ဆွေးနွေးချမှတ်ပြီးစီးပြီဖြစ်ရာ ကျန်ရှိနေသည့် နိုင်ငံရေးကဏ္ဍကို ဇန်နဝါရီ ၁၁ရက်မှ ၁၃ရက်နေ့အထိ ဆက် လက် ဆွေးနွေးသွားမည်ဟု သိရသည်။
ထို့နောက် အခြေခံမူဝါဒအကြမ်း အားလုံးဆွေးနွေးချမှတ် ပြီးစီးပြီးနောက် ဖားအံမြို့၊ သီရိဖားအံဟိုတယ်တွင် ဇန်နဝါရီ ၁၈ရက်မှ ၂ဝရက်နေ့အထိ ကျင်းပပြုလုပ်မည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် တင်သွင်းသွားမည်ဖြစ်ပြီး မူဝါဒ အချောအဖြစ် ပြန်လည်ပြင်ဆင် အတည်ပြုမည်ဟုလည်း သိရသည်။