“သတင်းအချက်အလက်တွေ မရှိဘူးဆိုရင် သူတို့ကို ဆင့်ခေါ်၊ ခေါ်တွေ့ဖို့ ပါဝါရှိပေမယ့် ကျမတို့ မလုပ်နိုင်ဘူး။ ကျမပြောချင်တာက ကျေးဇူးပြုပြီး ကျမတို့ကို information ပေးပါ။ နာမည်ဖော်စရာမလိုဘူး။ သူတို့ရဲ့ လုံခြုံရေးကို ကျမတို့သိတယ်။ ဒါပေမယ့် သတင်းအချက်အလက်အတွက် ကျမတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပါ”
ကေအိုင်စီ – ဦးဆုံးအနေနဲ့ ဆရာမတို့ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ တနှစ်အတွင်း လုပ်ဆောင်ချက် အကျဉ်းချုပ်ကို ပြောပြပေးပါလား။
နော်စူစန်နာလှလှစိုး – ပထမအနေနဲ့ ပြောချင်တာက အခုလက်ရှိ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ က ဒီနှစ်မှာ စတင်တယ်။ အရင်တုန်းက ဒါတွေက လွှတ်တော်မှာ မရှိခဲ့ဘူး။ အားလုံးက အမျိုးသမီးနဲ့ ကလေးအခွင့်အရေးကို မျှော်လင့်နေကြတယ်။ အခု လွှတ်တော်အသစ်ထဲမှာ ကျမတို့ကော်မီတီတဖွဲ့ ဖြစ်ပေါ်လာတဲ့အပေါ် ကျမတို့ အမျိုးသမီးနဲ့ ကလေး တွေအတွက် ဝမ်းသာစရာ ဖြစ်တယ်။
ကေအိုင်စီ – ကော်မတီအနေနဲ့ တနှစ်အတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေတွေ ပြင်ဆင်တာ၊ အသစ်ရေးဆွဲတာ တွေ ဘယ်လိုရှိလဲကို ရှင်းပြပေးပါလား။
နော်စူစန်နာ – ကော်မတီအနေနဲ့ ဘာတွေလုပ်ဖြစ်သလဲဆိုတော့ ကျမတို့ရဲ့ စည်းမျဉ်း၊စည်းကမ်း ၊ ဥပဒေတွေကို ပြန်သုံးသပ် တယ်။ ကလေးသူငယ် ဥပဒေကို သူတို့လုပ်ထားတာကြာပြီ။ အခု ကျမတို့ ပြန်လည်မွမ်းမံရတယ်။ အရင်တုန်းက ကလေးတွေရဲ့ အသက် အပိုင်းအခြားကို ဆုံးဖြတ်ထားတာ မတွေ့ရဘူး။ တချို့နေရာတွေမှာ ၁၄နှစ် ဆုံးဖြတ်တယ်။ တခါတလေမှာ (၁၆)နှစ် ဆုံးဖြတ်တယ်။ အလုပ်လုပ်တဲ့ ကလေးတွေရဲ့ အသက်အပိုင်းအခြားကလည်း ကွာဟမှုရှိပြန်ကော။
အခု ကျမတို့ ပြန်လည်မွမ်းမံတဲ့ ကလေးဥပဒေ (Child Law)မှာ စံတစ်ခု ရှိတယ်။ ကလေးဆိုတဲ့အသက်က ကျမတို့ စဉ်းစားထား တာ (၁၈)နှစ်ပေါ့နော်။ အဲဒီထဲမှာမှ sub-chapter တွေ အများကြီးရှိတယ်။ protection of women law က ရှိပြီးသားအဟောင်း မဟုတ်ဘူး။ အသစ်ဖြစ်နေတယ်။ အသစ်ဆိုတာက လွန်ခဲ့တဲ့ ၂နှစ်အတောအတွင်း လွှတ်တော်ထဲမှာ ကြိုးစားခဲ့ကြပေမယ့် မဖြစ် မြောက်ခဲ့ဘူး။ အခု ကျမတို့ စတင်လုပ်ဆောင်တာက ကျမတို့အမျိုးသမီးအဖွဲ့အစည်းတွေ၊ ပြီးတော့ ကွန်ရက်အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့တာ ၂ခါ၊ ၃ခါ ရှိပြီ။ department of social welfare နဲ့လည်း ကျမတို့တွေ့ကြတယ်။ အခု ကျမတို့ မျှော်လင့်တာက ၂၀၁၇ခုနှစ်မှာ ကျမတို့ ရပ်တည်ရမယ်။ Protection of violence against Women အမျိုးသမီးအကြမ်းဖက်မှုနဲ့ လုံခြုံရေးအ တွက် ကျမတို့ တကယ် ရပ်တည်ကြရမယ်။
ကေအိုင်စီ – အခု အစိုးရလက်ထက် အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးတွေက ဘယ်လိုအပိုင်းတွေ တိုးတက်လာတာ ရှိ သလဲ။
နော်စူစန်နာ – အရင်တုန်းက မလုပ်နိုင်တာတွေကို အခု လုပ်နိုင်တယ်။ စစ်သားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်တယ်။ ပစ္စည်းတွေကိုယူတယ်။ ပြီးတော့ မိန်းကလေးကို သတ်လိုက်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မိန်းကလေးရဲ့ မိသားစုက သိချင်တယ်။ အဲဒီစစ်သားက ထွက်ပြေးသွားလား။ ဒါမှမဟုတ် အပြစ်ပေးခံရလားဆိုတာ သူတို့သိချင်တယ်။ ကျမတို့ ကော်မတီက ပေါ်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒီစစ်သားကို ဖမ်းပြီးပြီ။ တရားရုံးကိုပဲ ပို့ရတော့မယ်။ အဲဒါ သူတို့မိသားစုကို ပြန်ပြောပြတော့ သူတို့ ကျေနပ်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက စစ်သားတွေ လုပ်တာတွေ ဘာမှမသိဘူး။ အခု ကျမတို့ရဲ့ကော်မတီ မေးမြန်းတဲ့အပေါ်မှာ သူတို့ အဖြေပြန်ပြောပြရတယ်။ တိုးတက်တာတွေတော့ ရှိပါတယ်။
ကေအိုင်စီ – လက်ရှိ ပြည်တွင်းစစ်ဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကိုရော ကော်မတီက ဘာတွေ ကြားသိထားတာရှိသလဲ။ ဘာတွေကော ဆောင်ရွက်ပေးနေပါသလဲ။
နော်စူစန်နာ – အဲဒါတွေက ကွာတယ်။ တရားဝင် Complaint letter အနေနဲ့ စာတစ်စောင်မှ မလာဘူး။ ရှမ်းပြည်ဘက်ကပဲဖြစ် ဖြစ်၊ ကချင်ပြည်နယ်ဘက်ကပဲဖြစ်ဖြစ် ကျမတို့ မျှော်လင့်တယ်။ ကျမတို့တစ်ယောက်ချင်းစီ လိုက်ကူညီတယ်။ ကော်မတီကို စာမရောက်တဲ့အတွက် ကော်မတီအနေနဲ့ ဝိုင်းဝန်းလုပ်ဆောင်လို့ မတတ်ဘူး။ သူတို့မသိတာလား မသိဘူးပေါ့နော်။ သူတို့ ကော် မတီကို တင်ပြမယ်ဆိုရင် ကျမတို့က ပွင့်ပွင့်လင်းလင်း ကူညီလို့ရတာပေါ့နော်။ တင်ပြလာချင်ရင်တော့
သို့
သဘာပတိ
အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာကော်မတီ
အမျိုးသားလွှတ်တော်
အခန်းအမှတ် (I-18)
နေပြည်တော်။
ကျမတို့ စာရရှိတယ်ဆိုရင် စာရရှိကြောင်း အကြောင်းပြန်တယ်။ ကျမတို့ ရှေ့နေနဲ့ ကူညီမယ်ဆိုရင် ရှေ့နေဖုန်းနံပါတ်တွေကို တစ်ခါတည်း ပေးတယ်။
ကေအိုင်စီ – ကော်မတီကို တိုင်ကြားလာတဲ့ တိုင်ကြားစာတွေအပေါ် ဘယ်လိုဖြေရှင်းသလဲ ပြောပြပေးပါလား။
နော်စူစန်နာ – ကျမတို့စာတွေ ရရှိတယ်။ အခက်အခဲတွေကို တင်ပြတယ်။ တချို့အခက်အခဲတွေက ရိုးရိုးပဲ။ တချို့ အခက်အခဲ တွေက ကြာပြီး။ မပြီးဆုံးသေးဘူး။ မလုပ်ဆောင်နိုင်သေးဘူး။ case တွေက ကြာပြီ။ အစိုးရသစ်တက်လာတဲ့အပေါ်မှာ သူတို့ပြန် တိုင်တာတွေ ရှိတယ်။ ၂၀၁၆ခုနှစ်ထဲမှာ ကလေး၊ အမျိုးသမီးနဲ့ဆိုင်တဲ့ complain letter က အစောင် (၆၀)လောက် ရှိတယ်။ နောက်တခုက ကျမတို့ ရှေ့နေတွေနဲ့ တွေ့ဆုံဆွေးနွေးတာ ရှိတယ်။ court (တရားရေး) အခက်အခဲတွေကို ဆွေးနွေးတယ်။
ပြောရမယ်ဆိုရင်တော့ ကျမတို့ စတင်ဖွဲ့စည်းခဲ့တာက မေလပေါ့။ တစ်နှစ်တော့ မပြည့်သေးဘူး။ စဖွဲ့တုန်းက အများသိအောင် ကြေညာတယ်။ အခက်အခဲတွေရှိရင် တိုင်ကြားနိုင်တယ်။ စာတွေကို ဒီလိုဒီလို ပို့ရမယ်။ ကျမတို့ ဒီလို ဖော်ပြကြေညာတဲ့အ တွက် စာတွေကို ရရှိတာပါ။ အဲဒီကွန်ပလိန်းစာတွေထဲမှာ မိန်းကလေးက များတယ်။ ကလေးနဲ့ ပတ်သက်တာ (၂)မှုပဲ ရှိတယ်။
ကေအိုင်စီ – တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသတွေမှာကော ဒီကော်မတီအနေနဲ့ ဖွဲ့စည်းထားတာမျိုး ဘယ်လိုရှိပါသလဲ။
နော်စူစန်နာ – နေပြည်တော်မှာ အမျိုးသားလွှတ်တော်မှာပဲ ရှိတယ်။ ပြည်သူ့လွှတ်တော်မှာ မရှိဘူး။ မွန်ပြည်နယ်လွှတ်တော်မှာ သူတို့ဖွဲ့မယ်လို့ ကျမကြားတယ်။ တိုင်းနဲ့ပြည်နယ်မှာ ကော်မတီမရှိသေးဘူး။ ရှေ့ဆက် ပြည်နယ်နဲ့တိုင်းမှာ ကော်မတီရှိဖို့က သဘာပတိ(စပီကာ)နဲ့ ပြည်သူတွေအပေါ်မှာပဲ မူတည်တယ်။ သူတို့က ရှိသင့်တယ်လို့ထင်ရင် ဖွဲ့စည်းဖြစ်မှာပါ။ သို့သော် ကျမ ကြုံရတဲ့ အမှုတစ်ခုမှာက ကရင်နဲ့ဆိုင်တယ်။ ကျူးလွန်သူက ကိုယ့်ကိုယ်ကို ကရင်လို့ ဖော်တယ်။ တချို့က ကရင်မဟုတ်ဘူးလို့ ပြောတယ်။ သူ့ကိုယ်သူ ပြောတာက စောတာပလဲ။ သူ့ရဲ့အမှုက မန္တလေးကို ရောက်တယ်။ မိန်းကလေးကို အကြမ်းဖက်တယ်။ တရားရုံးရောက်တယ်။ ကျမလည်းရောက်ပြီးတော့ တွေ့ခဲ့တယ်။ သူ့ကိုယ်သူ ကေအဲန်ယူလို့ ဆိုတယ်။ ကျမ ကေအဲန်ယူကို မေး တယ်။ သူတို့လူမဟုတ်ဘူးဆိုတာကို သူတို့စာထုတ်တယ်။ အဲဒီစာကို ကျမရုံးကို တင်တယ်။ ဒါကြောင့်မို့ ဒါက ကေအဲန်ယူနဲ့ ကျမတို့ ပူးတွဲလုပ်ဆောင်ခြင်းရဲ့ အားသာချက်ဖြစ်တာပေါ့နော်။ သူတို့လူမဟုတ်ကြောင်း သူတို့တင်ပြနိုင်တယ်။ ဒီလိုလုပ်ဆောင် ခြင်းတွေက ကောင်းတာပေါ့နော်။
ကေအိုင်စီ – အခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကောလဟလ သတင်းတွေထွက်လာတယ်။ အဲဒါက အမျိုးသမီးတွေ အိမ် ထောင်မပြု မနေရဆိုသလိုမျိုး၊ သမီးရည်းစားတွေအတူနေပြီး လက်မထပ်ရင် အရေးယူမယ်ဆိုတာမျိုး တရားဝင် မဟုတ်ဘဲ ပြောဆိုနေမှုတွေရှိတဲ့အပေါ်မှာ ဘယ်လိုပြောဆိုချင်ပါသလဲ။
နော်စူစန်နာ – အဲဒါတွေက မဟုတ်ဘူး။ ကျမထင်တာက တချို့က သူတို့ရဲ့သတင်းတွေကို ရောင်းရဖို့အတွက် ထူးခြားအောင် လုပ်တာပေါ့နော်။ အင်တာဗျူးမှာဆိုရင် အရှေ့ က မထည့်ဘဲနဲ့ ဖြတ်ထည့်တာတွေကြောင့် အများက အမှန်လို့ ထင်ကြတယ်။ ဒါကြောင့်မို့ မီဒီယာတချို့ကလည်း မီဒီယာအက်သစ်(ကျင့်ဝတ်)ကို လိုက်နာသင့်တာပေါ့နော်။ လွှတ်တော်မှာ ကျမတို့ မဆွေး နွေးဘူး။ ကျမတို့ မဆုံးဖြတ်ဘူး။ မီဒီယာတချို့ရဲ့ အက်သစ်နဲ့မညီတာတွေကြောင့် ဖြစ်ပါတယ်။
ကေအိုင်စီ – ရန်ကုန် အပါအဝင် မြို့တွေအတော်များများမှာ အနှိပ်ခန်းလို၊ ကာရာအိုကေဆိုင်လိုမျိုးတွေမှာ ကျေးလက်နေ အမျိုး သမီးတွေ လာရောက်လုပ်ကိုင်နေကြတာရှိတယ်။ သူတို့တွေကို အဖက်ဖက်က ကာကွယ်ပေးနိုင်ဖို့ ကော်မတီအနေနဲ့ ဘယ်လို ပြင်ဆင်ပေးထားလဲ။
နော်စူစန်နာ – sex worker နဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းစည်းကမ်းရှိတယ်။ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို အများက သဘောမတူဘူး။ အဲဒါကို ပြန်ပြင်ရမယ်ဆိုတာ ကျမတို့က လက်ခံတာပေါ့နော်။ သူတို့အတွက် ကျမတို့ ပြန်ပြင်ဆင်ရမယ်။ ကာရာအိုကေတို့၊ ဘာတို့ ဆိုပြီးတော့ သီးသန့်မရှိဘူး။ ဒါပေမယ့် သူတို့အလုပ်လုပ်မယ့် အချိန်ကတော့ အခွင့်အရေး ရှိရမှာပေါ့။ လစာတွေကလည်း အများနည်းတူ သူတို့အခွင့်အရေး ရှိရမယ်။
Complain letter (တိုင်စာ) ၆ဝမှာ အများအားဖြင့် ဖြေရှင်းလို့ရတယ်။ စစ်နဲ့ပတ်သက်တာတောင် ကျမတို့ ဖြေရှင်းနိုင်သေးတာ ပဲ။ ဒါပေမယ့် အခက်အခဲရှိတာက စောတာပလဲအမှုမှာ သူက ရုံးတော်က ခေါ်တယ်။ မလာဘူး။ ထွက်ပြေးလွတ်မြောက်တယ်။ ကျမ ကြားတာက peace-council မှာ သွားဝင်တယ်။ ကေအဲန်ယူ လူမဟုတ်ဘူး။ ကျမ အကြံပြုချင်တာက Peace-council က လက်မခံသင့်ဘူး။ ဒီအမှုကို သူတို့ အရင်ဆုံး ဖြေရှင်းသင့်တယ်။ မဖြေရှင်းဘဲနဲ့ လက်ခံတာက အခက်အခဲ ကြီးကြီးမားမား ဖြစ် တယ်။ ဒီလိုအမှုတွေက မပြတ်သေးဘူး။
ကေအိုင်စီ – ကော်မတီရဲ့ လုပ်ဆောင်မှုတွေမှာ အားနည်းချက် အားသာချက်တွေက ဘယ်လိုရှိတယ်လို့ ပြောနိုင်မလဲ ဆရာမ။
နော်စူစန်နာ – ကျမတို့ ကော်မတီက အဖွဲ့ဝင် (၁၅)ယောက်ရှိတယ်။ ကျမတို့ သဘာပတိက ဆရာဝန်ကြီးပေါ့နော်။ ကျမက အတွင်းရေးမှူး တခြားလူတွေက အဖွဲ့ဝင်တွေပေါ့နော်။ တချို့က သူတို့နဲ့ဆိုင်တဲ့ Gender တို့၊ women right, child right တို့ ကို သိပ်မသိဘူး။ ဒါက သူတို့ရဲ့ အားနည်းချက်ချည်းပဲ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ NLD ရဲ့ ပါလီမန်(MP) က အများ အားဖြင့် နိုင်ငံရေးအကျဉ်းသားပေါ့နော်။ ထောင်ကျတဲ့အတွက် သိပ်မသိဘူးပေါ့နော်။ Gender ဆိုတာ သိပ်မကြားဘူးကြဘူး။ ဒါကြောင့်မို့ technical အခက်အခဲ ရှိတယ်။ တဖက်ကလည်း commitment ရှိတယ်။ ကျမတို့ အကောင်းဆုံးလုပ်မယ်။ အား နည်းချက်ကို ပြောမယ်ဆိုရင်တော့ knowledge တို့၊ skills တွေ အားနည်းချက်ရှိတာပေါ့။
ကေအိုင်စီ – အရင်က ဆရာမအနေနဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကို တက်တက်ကြွကြွ၊ ထိထိရောက် ရောက် လုပ်ဆောင်ခဲ့တာ တွေ့မြင်ခဲ့ရတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတော့ လုပ်ဆောင်ရတာတွေက ကွာခြားမှု ဘာတွေရှိသလဲ။
နော်စူစန်နာ – ပြောရမယ်ဆိုရင် ကျမတို့ (MP)နဲ့ ကော်မတီရဲ့အတွင်းရေးမှူး ဖြစ်တယ်ဆိုတော့ ပါဝါတော့ ရှိမှာပေါ့နော်။ စစ်သား တွေ၊ စစ်ဗိုလ်တွေ ခေါ်ယူမေးမြန်းနိုင်တယ်။ တရားသူကြီးတွေ မဟုတ်မမှန်တာတွေလုပ်ရင် ကျမတို့ ခေါ်ယူမေးမြန်းနိုင်တယ်။ ဥပဒေတွေကို ကျမတို့ လုပ်နိုင်တယ်။ တဖက်ကလည်း ပွင့်ပွင့်လင်းလင်းပြောဆိုဖို့က activate (အက်ထီဘိတ်)လို ပြောလို့မရ ဘူး။ ကျမ KWEG မှာလုပ်တုန်းက ကျမ မကြိုက်တာကို မကြိုက်ကြောင်း ပြောတယ်။ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ဒါပေ မယ့် အခု ကျမ MP ဖြစ်နေပြီ။ ပွင့်ပွင့်လင်းလင်း ပြောလို့မရဘူး။ ဒါက ကွာခြားချက်တစ်ခု ဖြစ်တာပေါ့နော်။
ကေအိုင်စီ – အခြားဘယ်လို အဖွဲ့အစည်းတွေနဲ့ကော ကော်မတီက ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိပါသေးလဲ။
နော်စူစန်နာ – အခုကျမတို့ women organization network တွေနဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ Gender equality network တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်တယ်။ တစ်ဦးတစ်ယောက်ချင်းစီကလည်း လုပ်ဆောင်တာပေါ့နော်။ UN Women, UN organization, UNICEF နဲ့လည်း ပူးပေါင်းလုပ်ဆောင်မယ်။ ဘာကြောင့်လည်းဆိုတော့ တခါတလေ လိုအပ်တဲ့ information တွေအတွက် ကျမတို့ ပူးပေါင်းလုပ်ဆောင်ကြတယ်။
ကေအိုင်စီ – ဆရာမတို့ ကော်မတီက အမျိုးသမီးနဲ့ ကလေးတွေအတွက် ဆိုပေမယ့် ကော်မတီဥက္ကဌကျတော့ အမျိုးသားဖြစ်နေ တာကို ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ဘယ်လိုပြောချင်ပါသလဲ။
နော်စူစန်နာ – အမျိုးသမီးဆိုင်ရာ ကော်မတီဖြစ်တဲ့အတွက် သဘာပတိက အမျိုးသမီးဖြစ်သင့်တာပေါ့နော်။ ဒါပေမယ့် ပထမဦး ဆုံးအနေနဲ့ မရည်ရွယ်ဘဲ အတွေ့အကြုံ၊ အသက်အရွယ်အရ ကြည့်ပြီး သူတို့ထားတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အများ အပြော များတဲ့အတွက် နောက်တစ်သုတ်မှာ အမျိုးသမီးခေါင်းဆောင်ဖြစ်လာမှာပါ။
ကေအိုင်စီ – မေးမြန်းတဲ့အထဲမှာ မပါဝင်သေးတာ သို့မဟုတ် ထပ်မံဖြည့်စွက်ပြောလိုတာရှိရင် နောက်ဆုံးအနေနဲ့ ဘာတွေ ပြော ဆိုချင်ပါသလဲ။
နော်စူစန်နာ – ကျမတို့ ကော်မတီက technical နဲ့ skills ပိုင်းမှာ အားနည်းချက်ရှိတယ်ဆိုတာကို ကျမပြောထားပြီးသားပဲ။ ကျမ ကိုကူတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် (information) သတင်းအချက်အလက် များများလိုတယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့လမှာ ကျမ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက သက်ငယ်မုဒိမ်းတွေက များတယ်။ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှိလာတယ်။ ထောင်ချတာတွေက ၁နှစ်ပဲ ရှိတယ်။ ၂နှစ်ပဲ ရှိတယ်။
မသင့်တော်ဘူး။ ဘယ်သူတွေ လုပ်တာလဲ။ တရားသူကြီးနာမည်။ တရားရုံးအမည်၊ မြို့နာမည်တွေ ပေးပါ။ ကျမမေးမြန်းပါ့မယ်။ ဒါပေမယ့် အဲဒါတွေ မပေါ်လာဘူး။ ဘယ်မြို့မှာ အဲဒီအမှုတွေ ဘယ်လောက်ရှိလဲ။ တရားရုံးကြာမြင့်မှု ဘယ်လောက်ရှိလဲ။ ကျမတို့ ဥပဒေတွေ ဆွဲရင် ပါအောင်ပေါ့။ ဒါပေမယ့် Complain တွေပဲ တက်လာတယ်။ ကျမလိုချင်တဲ့ information တွေ မတက်လာဘူး။
ကျမ CSOတွေကို ပြောချင်တာက ကျမတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ သူတို့ရဲ့ သတင်းအချက်အလက်တွေက ground မှာ လာ တဲ့အတွက် အဲဒါတွေကို ကိုင်စွဲပြီး တာဝန်ရှိတဲ့သူတွေ ရဲလား။ စစ်တပ်လား။ ကျမတို့ ကိုင်လို့ရတယ်။ တရားသူကြီးချုပ်လား။ ကျမတို့ ပြောဆိုလို့ရတယ်။ ဒါပေမယ့် သတင်းအချက်အလက်တွေ မရှိဘူးဆိုရင် သူတို့ကို ဆင့်ခေါ်၊ ခေါ်တွေ့ဖို့ ပါဝါ ရှိပေမယ့် ကျမတို့ မလုပ်နိုင်ဘူး။ ကျမပြောချင်တာက ကျေးဇူးပြုပြီး ကျမတို့ကို information ပေးပါ။ နာမည်ဖော်စရာမလိုဘူး။ သူတို့ရဲ့ လုံခြုံရေးကို ကျမတို့သိတယ်။ ဒါပေမယ့် သတင်းအချက်အလက်အတွက် ကျမတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပါဆိုတာကို ပြောချင်ပါ တယ်။
# နော်စူစန်နာလှလှစိုးသည် ရန်ကုန်မြို့ အခြေစိုက် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(Karen Women Endowment Group – KWEG)ကို စတင် ဖွဲ့စည်းတည်ထောင်ခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ အထွေ ထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်မြို့နယ်နှင့် မဂင်္လာဒုံမြို့နယ် မဲဆန္ဒနယ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံရာမှ မဲအနိုင်ရရှိခဲ့သူဖြစ်သည်။