ဒီဇင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
မြန်မာပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရပ်ဖက်ကျန်းမာရေးနှင့် ပညာရေးအဖွဲ့ (၁၅)ဖွဲ့တို့ စုပေါင်း၍ ယနေ့ (ဒီဇင် ဘာလ ၁ရက်)တွင် ကျရောက်သည့် ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် ပူးပေါင်းလှုပ်ရှားမှု အစီအစဉ်တစ်ခုကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းအသစ်၌ ပြုလုပ်ကျင်းပခဲ့ကြသည်။
ကမ္ဘာ့ AIDS နေ့အတွက် “အားလုံးလက်တွဲကာကွယ် HIV ကူးစက်မှုအန္တရာယ်” ခေါင်းစဉ်ဖြင့် HIV/AIDS ရောဂါဝေဒနာကို လူထုနှင့် ပိုမိုပူးပေါင်းကာကွယ်နိုင်ရန် ရည်ရွယ်၍ လှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းအစီအစဉ်ကို ဦးဆောင်သူ World Vision အဖွဲ့၏ လူမှုဆက်ဆံရေးတာဝန်ခံ ကိုချမ်းလင်းအေးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “ကျနော်တို့အနေနဲ့ HIV ပိုးရထားတဲ့သူတွေ၊ AIDS ဝေဒနာသည်တွေနဲ့ တစ်သားတည်းရှိနေတယ် ဆိုတဲ့အကြောင်း လူထုတွေကို ချပြချင်တာရယ်။ နောက်ပြီးတော့ HIV/AIDS ကာကွယ်ရေးအတွက်ကို ပူးပေါင်းဆောင်ရွက်ဖို့အတွက်နဲ့ လူထု တွေ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်အောင်လို့ လူထုကို အသိပေးတာပါ”ဟု ပြောသည်။
ထို့အပြင် HIV ပိုး ကူးစက်မှုကျဆင်းရေးအတွက် ကာကွယ်ရေးနည်းနာများကို ကျင့်သုံးရန်နှင့် အန္တရာယ်ရှိသည့် အပြုအမူများ ကို ပြုလုပ်မိခဲ့လျှင်လည်း စောလျင်စွာ စစ်ဆေးမှု ခံယူပြီး မြန်ဆန်စွာ ကုသမှုခံယူရန် လိုအပ်ကြောင်းကို လူထုအား ပိုမိုသိရှိစေ ရန်အတွက်ပါ ရည်ရွယ်ကြောင်းလည်း ကိုချမ်းလင်းအေးက ဖြည့်စွက်ပြောဆိုသည်။
ယနေ့ပြုလုပ်သည့် အစီအစဉ်၌ HIV/AIDS ရောဂါဝေဒနာနှင့်ပတ်သက်သည့် ပညာပေးဟောပြောခြင်း၊ ကျောင်းသူကျောင်းသား နှင့် လိင်တူချစ်သူအဖွဲ့များမှ တေးသရုပ်ဖော်၊ ပညာပေးပြဇာတ်၊ ရောဂါဝေဒနာရှင်တစ်ဦး၏ ရင်ဖွင့်စကားပြောခြင်းနှင့် ပညာပေး ဂိမ်းကစားခြင်းအပြင် တက်ရောက်လာသူများအား အခမဲ့ သွေးစစ်ဆေးခြင်း အစီအစဉ်တို့ ပါဝင်ခဲ့သည်။
၎င်းအခမ်းအနားသို့ ထိုင်းနိုင်ငံနှင့် နယ်စပ်အခြေစိုက် အရပ်ဖက်ကျန်းမာရေးအဖွဲ့၊ မြန်မာရွှေ့ပြောင်းကျောင်းများ၊ လူမှုရေးအ သင်းအဖွဲ့ (၁၂)ဖွဲ့နှင့် မြန်မာပြည်တွင်းမှ ကျန်းမာရေးနှင့် လူမှုရေးအသင်းအဖွဲ့ (၃)ဖွဲ့မှ ရွှေ့ပြောင်းအလုပ်သမား၊ ကျန်းမာရေးလုပ် သားနှင့် ကျောင်းသူကျောင်းသား စုစုပေါင်း ၃၀၀ကျော် ပူးပေါင်းပါဝင်ခဲ့ကြသည်။
AIDS ဝေဒနာရှင် ဒေါ်အိဖြူက “ရောဂါဝေဒနာကို ခံစားနေရပေမယ့် ကျမက ဆေးပုံမှန်သောက်တဲ့အတွက် ကျမ ကျန်းမာရေး ကောင်းလာတယ်။ အဲ့ဒါကြောင့်မို့လို့ ကျမလို ရောဂါဝေဒနာရှိတဲ့သူတွေမှန်သမျှ ဆေးပုံမှန်သောက်ဖို့ရယ်။ TB ဆေးကိုလည်း ပုံမှန်သောက်ဖို့ရယ် ပြောကြားချင်ပါတယ်”ဟု အခမ်းအနားသို့ တက်ရောက်၍ အားပေးစကားပြောကြားခဲ့သည်။
ကမ္ဘာ့ AIDS နေ့သည် ၁၉၈၈ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့က ပထမဦးဆုံး သတ်မှတ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များက ထိုင်း-မြန်မာနယ်စပ်ရှိ ကျန်းမာရေး၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ စုပေါင်းလမ်းလျှောက်ချီ တက်ပွဲကို နှစ်စဉ် ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်၌ ထိုင်းနိုင်ငံ၏ လူမှုရေးအခြေအနေကြောင့် အခမ်းအနားအစီအစဉ်အဖြစ် ပြောင်းလဲကျင်းပခဲ့ကြသည်။



















