ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ့ရမတ်မြို့နယ်အတွင်းရှိ ထိုင်းရွာတစ်ရွာဖြစ်သည့် ခူဟုရွာ အမှတ်(၂) စာသင်ကျောင်းတွင် ပညာသင် ကြားနေသည့် ထိုင်းတောင်ပေါ်သား ကရင်ကလေးငယ်နှစ်ဦးက ဘတ်ငွေ ၁သိန်းကိုတွေ့ရှိပြီး ပိုင်ရှင်ထံပြန်ပေးအပ်ရန် လုပ် ဆောင်သည့်အတွက် ၎င်းတို့အား ချီးကျူးပြောဆိုမှုများ ထိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ယခုရက်ပိုင်းအတွင်း ရေပန်းစား လျက်ရှိသည်။
အဆိုပါ ကရင်ကလေးငယ်နှစ်ဦးမှာ ခူဟုရွာ အမှတ်(၂)စာသင်ကျောင်းမှ ၉နှစ်အရွယ် ပထမတန်းကျောင်းသား ခါးနိုးကဲဝိကြီးနှင့် နဖိုးတို့ဖြစ်ကြပြီး ဒီဇင်ဘာလ ၁၅ရက်နေ့က ၎င်းတို့ကျောင်းသို့ အဝတ်အစား လာရောက်လှူဒါန်းသည့် အလှူရှင်အဖွဲ့တစ်ဖွဲ့က လှူ လိုက်သည့် ဘောင်းဘီအိတ်ထဲတွင် ထိုင်းဘတ်ငွေတစ်သိန်းတွေ့ရှိခဲ့ရာ ၎င်းတို့ဆရာထံ အသိပေးကာ ပြန်အပ်ရန် လုပ်ဆောင် နေသည့် ထိုကလေးများ၏ ရိုးသားမှုကို ထိုင်းလူမှုကွန်ယက်စာမျက်နှာတွင် ထိုသို့ ချီးကျူးရေးသားခြင်းဖြစ်သည်။
ထိုကိစ္စအပေါ် မြန်မာရွှေ့ပြောင်းကျောင်းသားများကို ထိုင်းစာသင်ကြားပို့ချပေးနေသူ ထိုင်းနိုင်ငံသား ဆရာမနဲက “ကလေးတွေ က ငယ်ငယ်လေးပဲ ရှိသေးတယ်။ ရိုးသားကြတယ်။ အခုလို ကရင်လူမျိုးတွေရဲ့ မူလရိုးသားမှုကို ပြတဲ့ကလေးတွေအတွက် ဝမ်းသာသလို ကျမတို့ ကရင်လူမျိုးအတွက်လည်း ဂုဏ်ယူပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ကလေးနှစ်ဦးက ၎င်းတို့မထင်မှတ်ဘဲ တွေ့ရှိခဲ့သည့် ယင်းထိုင်းဘတ်ငွေများကို အတန်းပိုင် ကျောင်းဆရာ/ဆရာမများထံ သွားရောက်အပ်နှံခဲ့ပြီးနောက် လက်ရှိတွင် ယင်းဆရာ၊ ဆရာမများမှတစ်ဆင့် သက်ဆိုင်သည့် အလှူရှင်အဖွဲ့ထံ ပိုင်ရှင်အမှန် ပေါ်ပေါက်ရေး ဆက်သွယ်စုံစမ်းထားကြောင်း သိရသည်။
အဆိုပါ ခူဟုရွာ အမှတ်(၂) စာသင်ကျောင်းတွင် ကျောင်းသူကျောင်းသား ၂၆၉ဦး ပညာသင်ကြားလျှက်ရှိပြီး အများစုမှာ ကရင် တိုင်းရင်းသားများ ဖြစ်ကြသည်။



















