ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာ(၅၁)စုအနက် လာမည့် (၂၀၁၇-၁၈)ခုနှစ် ဒုတိယနှစ် လူထုဗဟိုပြုစီမံကိန်းတွင် ကျန်နေ သေးသည့် ကျေးရွာအုပ်စု (၄)စုကို ပါဝင်နိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကြိုးစားညှိနှိုင်းဆောင်ရွက်သွားမည်ဟု လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ဒုတိယနှစ် စီမံကိန်းမှာ (၅၁)အုပ်စုလုံး ပါဝင်နိုင်အောင် သက်ဆိုင်ရာအဖွဲ့စည်းတွေနဲ့ ကြိုးစားညှိနှိုင်းဆောင်ရွက်သွားမယ်။ ပြည် ထောင်စုအဆင့် စီမံကိန်းတာဝန်ရှိသူတွေနဲ့ မွန်ပြည်သစ်ပါတီရယ်၊ (KNU)အဖွဲ့အစည်းတွေရယ်၊ ဒီဇင်ဘာလကုန်ကျရင် ဖားအံ မှာ ညှိနှိုင်းသွားဖို့ရှိတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းမှ သတင်းပြန်ကြား/ဆက်သွယ်ရေးတာဝန်ခံ ဒေါ်ဇင်မာထွန်းက ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ပြောဆိုခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် ကျေးရွာ (၄၇)အုပ်စုမှ ရွာပေါင်း(၁၈၂)ရွာကို လုပ်ငန်းခွဲပေါင်း (၁၉၅)ခုဖြင့် ကျပ်သိန်းပေါင်း (နှစ်သောင်းတစ်ထောင့်လေးရာ)ကို ပထမနှစ်၊ လူထုဗဟိုပြုစီမံကိန်းအတွက် သုံးစွဲထားပြီး ဒုတိယနှစ် စီမံကိန်းအတွက် ၂၀၁၇ခု နှစ်၊ ဇန်နဝါရီလတွင် စတင်သွားမည်ဟု သူမက ဆက်ပြောသည်။
ယင်းသို့ စီမံကိန်းအတွက် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများမှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ဆိပ်ကလေးကျေး ရွာအုပ်စု၊ ဝင်းရော်ဆိပ်ကြီးကျေးရွာအုပ်စု၊ ကမော့ကျေးရွာအုပ်စုနှင့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ် မြေ၊ ဒူးပလာယာခရိုင်ရှိ ခွာဟေးကျေးရွာအုပ်စုတို့ ဖြစ်ကြသည်။
တောင်ဒီးကျေးရွာအုပ်ချုပ်ရေးမှုး စောလှမိုးက “အရင်က ရွာမှာကျောင်းခြံစည်းရိုး၊ လမ်း၊ တံတားတွေပျက်ရင် ရွာကနေ ပိုက်ဆံ လိုက်ကောက်ရတယ်။ အများစုက လက်လုပ်လက်စားတွေပဲဆိုတော့ ငွေကြေးကောက်တဲ့အခါ အခက်အခဲ အများကြီးတွေ့ရ တယ်။ ဒီလူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေက ပြန်ပေးဆပ်စရာလည်း မလိုဘူးဆိုတော့ အများကြီး အဆင်ပြေသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပထမ လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် အဆုံးသတ်မည်ဖြစ်ပြီး လာမည့် ၂၀၁၇၊ ဇန်နဝါရီလတွင် ဒုတိ ယစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ ပထမစီမံကိန်းတွင် ကေအဲန်ယူနယ်မြေရှိ ကျေးရွာအုပ်စု မပါဝင်ရခြင်းမှာ နယ်မြေလုံခြုံရေးကြောင့် မဆောင်ရွက်နိုင်ခဲ့ဘဲ ယခုဒုတိယ စီမံကိန်းအတွက်မူ စီမံကိန်းတာဝန်ခံ များအနေဖြင့် ကေအဲန်ယူ နယ်မြေတာဝန်ရှိသူများနှင့် ဒီဇင်ဘာလ ၁၂ရက်နေ့က သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့ပြီးဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူများက ပြောသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေရှိ ဆိပ်ကလေး၊ ကမော့၊ ဝင်းရော်ဆိပ်ကြီးအုပ်စုများနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီဝင်(ဖွံ့ဖြိုးရေးတာဝန်ခံ) နိုင်ဟံသာဗွန်ခိုင်က “လာပြီး ညှိနှိုင်းတာတွေရှိတယ်။ လောလောဆယ် ဌာနချုပ်က ဘာမှ မပြောလာသေးဘူး။ ဒီဇင်ဘာလအကုန် ဗဟိုအစည်းအဝေးကျရင် အဲကိစ္စပြန်တင်ပေးမယ်လေ။ အရင်တုန်းကတော့ တားထား တာ မဟုတ်ပါဘူး။ နိုင်ငံရေးအခြေအနေအရ ခဏ ဆိုင်းထားတဲ့သဘောပါ။ လူထုအတွက် လုပ်ပေးရမှာပဲ”ဟု ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အလားတူ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် မွန်ပြည်သစ်ပါတီ၊ KNU တို့ကို ကရင်ပြည်နယ်အစိုးရရုံး၌ တွေ့ဆုံသွားမည်ဖြစ်ပြီး ကျန်ရှိ နေသေးသည့် ကျေးရွာအုပ်စုများအပြင် ဖာပွန်၊ သံတောင်မြို့များကိုလည်း လူထုဗဟိုပြုစီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးမှူး စောအောင်မျိုးမြင့်က ပြောသည်။
လူထုဗဟိုပြုစီမံကိန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၃-၂၀၁၄ခုနှစ်တွင် မြို့နယ်(၃)ခု၌ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၆ခု နှစ်အတွင်း ၂၇မြို့နယ် ဆောင်ရွက်ပြီးစီးခဲ့သည်။ အဆိုပါ စီမံကိန်းအရ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ဖွံဖြိုးတိုးတက်မှု အနည်းဆုံး မြို့နယ်များကို ရွေးချယ်ခဲ့ရာ ၂၀၁၆ခုနှစ်တွင်း ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ရွေးချယ်ခဲ့ပြီး လေးနှစ်တာ ငွေ ကြေးထောက်ပံ့မှု ပံ့ပိုးပေးသွားမည်ဟု လူထုဗဟိုပြုစီမံကိန်းဘက်မှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။



















