Home သတင်း မြန်မာပြည်‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် အမှု‌ဆောင် အသစ်ပြန်လည်‌ရွေးချယ်တင်‌မြှောက်

မြန်မာပြည်‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် အမှု‌ဆောင် အသစ်ပြန်လည်‌ရွေးချယ်တင်‌မြှောက်

1885

ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာပြည်‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် (SMJN)၏ အမှု‌ဆောင်အဖွဲ့အသစ်ကို လုပ်ငန်း‌ကော်မတီဝင် ၁၅ဦး၊ ၎င်းအထဲမှ ညှိနှိုင်း‌ရေးအဖွဲ့ဝင် ၉ ဦးတို့အား ညှိနှိုင်း‌ရေးမှူးအဖွဲ့အဖြစ် ကရင်ပြည်နယ် ဖားအံမြို့ သံလွင်ပါရာဒိုက် ဟိုတယ်၌ ဒီဇင်ဘာ ၁ဝ မှ ၁၁ ရက်‌နေ့အထိ ပြုလုပ်‌သော SMJN ဖိုရမ်တွင် တက်‌ရောက်သူ ကိုယ်စားလှယ်များက အသစ်ပြန်လည်‌ရွေးချယ်တင်‌မြှောက်သည်။

ထိုသို့ ‌ရွေးချယ်ရာ၌ လုပ်ငန်းအတွက် အ‌ရေးကြီးသည့် ညှိနှိုင်း‌ရေးအဖွဲ့ ၉ဦးတွင် ကို‌ကျော်စိုး(ညှိနှိုင်း‌ရေးမှူး)၊ တွဲဖက်ညှိနှိုင်း‌ရေးမှူးများဖြစ်သည့် ခွန်ဝင်း‌အောင် (ကရင်ပြည်နယ်)၊ ‌အောင်မြင့်ထွန်း(မွန်ပြည်နယ်)နှင့် အာကာ‌ဇော်(တနသင်္ာရီ)၊ ဆန်းမိုး‌အောင်(ဘဏ္ဍာ‌ရေးမှူး)၊ နန်း‌ဖော့‌ဂေ(စာရင်းစစ်)၊ ဗထူး(စွမ်းရည်မြှင့်တင်‌ရေး)၊ မျိုးမြင့်ဦး(Networking)၊ ကို‌ဇော်‌ဇော်(သတင်းရယူခွင့်)တို့အား ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြခြင်းဖြစ်သည်။

SMJN ညှိနှိုင်း‌ရေးမှူးအသစ် ဖြစ်လာသည့် ကို‌ကျော်စိုးက “အရင်ကဆိုရင် ပါဝင်ခဲ့တဲ့ membership ဆိုတဲ့ အဖွဲ့ဝင် သိပ်ပြီး‌တော့ ကိုယ်စားပြုမှု သိပ်မရှိဘဲ ဖြစ်တာကျ‌တော့ ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေ အရမ်းအားနည်း ခဲ့တယ်။ အခု ပြန်လည်ဖွဲ့စည်းမှုက ပိုပြီး စနစ်ကျလာတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုရှိလာမယ်လို့ မြင်တယ်။ ဒါ‌ကြောင့် လာမည့် ဒီနှစ်နှစ်တာ သက်တမ်းမှာ လမ်း‌ကြောင်းတစ်ခုကို ‌ဖောက်ထုတ်နိုင်မယ်လို့ ယုံကြည်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်ကြာ ပြုလုပ်သည့် ယင်းဖိုရမ်တွင် ‌ဒေသတွင်း မီဒီယာအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ‌ဆွေး‌နွေးခဲ့ကြကာ SMJN အ‌နေဖြင့် ကွန်ရက်ချိတ်ဆက်ခြင်း၊ စွမ်းရည်မြှင့်တင်‌ရေး အစီအစဉ်များ ပြုလုပ်ခြင်းနှင့် လွတ်လပ်စွာ သတင်းရယူခွင့် စသည်တို့ကို ဆက်လက်‌ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့‌ကြောင်း ဖိုရမ်အပြီး SMJN ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် SMJN သည် မြန်မာပြည်‌တောင်ပိုင်းရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီးတို့ရှိ သတင်း‌ထောက်များကို ကိုယ်စားပြုနိုင်ရန် ကြိုးစား‌နေသည့်အတွက် လွတ်လပ်စွာ ရပ်တည်နိုင်‌ရေးကို အသိအမှတ်ပြု‌ပေးရန် ‌ဒေသတွင်း အစိုးရအဖွဲ့များအား တိုက်တွန်း‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား တက်‌ရောက်ခဲ့သည့် ပြည်နယ် စာရင်းစစ်ချုပ် ‌စောလှထွန်းက “သတင်း မီဒီယာဟာ တိုင်းပြည်အတွက် အ‌ရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်ပါတယ်။ အဲလို အ‌ရေးကြီးတဲ့အတွက် မီဒီယာ သမား‌တွေအ‌နေနဲ့ သတင်း‌တွေကို တင်ပြတဲ့အခါမှာ တဖက်‌စောင်းမဖြစ်ဖို့ အထူးသတိထား‌စေချင်ပါတယ်”ဟု ဖိုရမ် ပထမရက်‌နေ့တွင် ‌ပြောကြားခဲ့သည်။

SMJN ကို ကွန်ရက်ဝင်၊ အလုပ်အမှု‌ဆောင်အဖွဲ့(CEC)နှင့် ညှိနှိုင်း‌ရေးမှူးအဖွဲ့(EC) ဟူ၍ အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းထားပြီး ၂နှစ် တစ်ကြိမ် ‌ရွေး‌ကောက်တင်‌မြှောက်ပွဲ ပြုလုပ်လျှက်ရှိသည်။ ပထမဆုံးအကြိမ် ‌ရွေး‌ကောက်ပွဲကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ၌ မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်(Southern Myanmar Journalist Network-SMJN) ကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့သည်။