Home ဆောင်းပါး ဂီဒုန် က ‌ပေးတဲ့ ပြည်တွင်းစစ် အ‌တွေးနဲ့အမြင်

ဂီဒုန် က ‌ပေးတဲ့ ပြည်တွင်းစစ် အ‌တွေးနဲ့အမြင်

3635

(‌မောင်‌ကျော်စွာ)

(၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၁၉ရက်)

ဒီဇင်ဘာ ၁၇ရက်‌နေ့ထုတ် အစိုးရသတင်းစာ‌တွေမှာ ဂီဒုန်စခန်း (ပွိုင့် ၁၁၀၃)ကို ဒီဇင်ဘာလ ၁၆ရက်‌နေ့က သိမ်းပိုက်ရရှိတယ် ဆိုတဲ့ သတင်း‌ဖော်ပြထားပါတယ်။

ဂီဒုန်စခန်းဟာ ကချင်ပြည်နယ်၊ ဝိုင်း‌မော်မြို့နယ်အတွင်းမှာတည်ရှိပြီး၊ (KIA)က အခိုင်အမာတပ်စွဲထားတဲ့ စခန်းကုန်းတစ်ခု ဖြစ် ပါတယ်။ ဂီဒုန်းစခန်း သိမ်းပိုက်ရရှိသွားတာဟာ ကချင်ပြည်နယ်ထဲမှာ ‌သေနတ်သံ၊ အ‌မြောက်သံ‌တွေ တိတ်ဆိတ်သွားပြီး ငြိမ်း ချမ်းလာ‌တော့မယ့် အရိပ်နိမိတ်‌တော့ မဟုတ်ပါ။ ဂီဒုန်စခန်းကို အစိုးရစစ်တပ်က မီးကုန်ယမ်းကုန်သုံးပြီး တိုက်ယူရတာပါ။ ‌လေ ‌ကြောင်းနဲ့ လက်နက်ကြီးပစ်ကူ‌တွေ ရယူပြီးမှသာ တက်သိမ်းနိုင်တာပါ။

ဂီဒုန်စခန်းသိမ်းရာမှာ အစိုးရစစ်တပ်က အသုံးပြုခဲ့တဲ့ စစ်စရိတ် ဘယ်‌လောက်ကုန်ကျသွားသလဲ ဆိုတဲ့အချက်က စိတ်ဝင်စား ဖွယ် ‌ကောင်းပါတယ်။ ‌လေယာဉ်၊ လက်နက်ကြီး၊ ခဲယမ်း၊ လူသူအင်အား ဘယ်‌လောက်ကုန်ဆုံးခဲ့သလဲ။ ပြည်နယ်အဆင့် ‌ဆေး ရုံကြီးတစ်ရုံ တည်‌ဆောက်နိုင်တဲ့ ကုန်ကျစရိတ်လား။ အထက်တန်း‌ကျောင်း ၃‌ကျောင်းတည်‌ဆောက်နိုင်တဲ့ ပမာဏလား၊ အဆင့်မီ မြစ်ကူးတံတား ၁စင်းတည်‌ဆောက်နိုင်တဲ့ ပမာဏလား၊ မန္တ‌လေး – မြစ်ကြီးနား အဆင့်မြင့် မီးရထားလမ်း ‌ဖောက်နိုင်တဲ့ ပမာဏလား စသဖြင့် ‌တွေး‌တော စဉ်းစားမိပါတယ်။

ဒီလိုစစ်သုံးစရိတ်‌တွေ ဘယ်‌လောက်ရှိမလဲဆိုတာ သက်ဆိုင်ရာ ပြည်နယ်လွှတ်‌တော်၊ ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ် ‌တော်၊ ပြည်‌ထောင်စုလွှတ်‌တော်‌တွေမှာ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်များက အများပြည်သူ သိရှိနိုင်‌အောင် စဉ်းစားချိန်ဆ နိုင်ရန် ‌မေးခွန်းထုတ်သင့်ပါတယ်။ ကာကွယ်‌ရေးဝန်ကြီးဌာနက တာဝန်ရှိသူ‌တွေအ‌နေနဲ့လည်း ‌လေး‌လေးစားစား လာ‌ရောက်‌ဖြေ ဆိုသင့်ပါတယ်။

ဒီ‌မေးခွန်းကို ဘာ‌ကြောင့်‌မေး‌စေချင်တာလဲဆို‌တော့ –
ပထမအချက်က ပြည်တွင်းစစ်စရိတ် ဘယ်‌လောက်ကြီးမားတယ်၊ များပြားတယ်၊ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဘယ်လို ထိခိုက်နစ်နာ‌စေတယ်ဆိုတာ ပြည်သူအများ တိတိကျကျ၊ ကျယ်ကျယ်ပြန့်ပြန် သိရှိလာ‌စေဖို့ ဖြစ်ပါတယ်။

ဂီဒုန်စခန်းလို စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ‌စေဖို့ ဘယ်‌လောက်ကုန်ကျခဲ့ရတယ်ဆိုတဲ့ ပမာဏကို သိရှိရခြင်းအားဖြင့် ပြည် တွင်းစစ်ကြီးတစ်ခုလုံးရဲ့ အ‌ထွေ‌ထွေကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်နိုင်‌စေဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကုန်ကျစရိတ်ထဲမှာ (KIA)ဘက်က သုံးစွဲခဲ့တဲ့ လက်နက်ခဲယမ်း လူသူအင်အားကိုလည်း ‌ပေါင်းထည့်ရမှာဖြစ်ပါတယ်။

ဒုတိယအချက်က ဒီလိုပွိုင့်စခန်းတစ်ခု သိမ်းပိုက်ရရှိ‌ရေးအတွက် အသုံးပြုခဲ့ရတဲ့ လူသူလက်နက်ခဲယမ်း ကုန်ကျစရိတ်ကို တိတိ ကျကျ သိရှိရခြင်းအားဖြင့် ပြည်တွင်းစစ်တစ်ခုလုံးရဲ့ အ‌ထွေ‌ထွေကုန်ကျစရိတ်ကို တွက်ချက်ခန့်မှန်းနိုင်ပြီး ပြည်တွင်းစစ်ရဲ့ အ ဖျက်စွမ်းအား၊ ဖြုန်းတီးမှုနဲ့ ဆုံးရှုံးရသမျှ ပြည်သူ့ဘဏ္ဍာ‌တွေကို ပြည်သူများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် သိရှိ၊ ‌လေးနက်လာ‌စေပြီး ပြည်တွင်းစစ်ရပ်စဲ‌ရေး ပြည်တွင်းငြိမ်းချမ်း‌ရေး ရရှိ‌ရေးအတွက် ပိုမိုပါဝင် လှုပ်ရှားလာကြ‌စေဖို့ပဲ ဖြစ်ပါတယ်။

မူဆယ် (၁၀၅)မိုင်စခန်း အပါအဝင် ရှမ်းပြည်နယ်အ‌ရှေ့‌မြောက်က တိုက်ပွဲစဉ်‌တွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်‌တော်မှာ ကာချုပ် ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်း‌အောင် က ‌ဆွေး‌နွေးတင်ပြရာမှာ “နယ်စပ်ကုန်သွယ်‌ရေး လမ်း‌ကြောင်းများနှင့် သယ်ယူပို့ ‌ဆောင်‌ရေးလမ်း‌ကြောင်းများ ‌ခေတ္တ ပြတ်‌တောက်ခဲ့ရပြီး ပြည်သူများ၏ လူမှုစီးပွား‌ရေးဘဝများကို များစွာ ထိခိုက်နစ်နာ‌စေခဲ့ ‌ကြောင်း”နဲ့ “မူဆယ်ကုန်သွယ်‌ရေးစခန်းမှ ယခင်နှစ်တွင် ‌ဒေါ်လာ ၅၃၇၇ ဒသမ ၈၇သန်းရရှိပြီး ယခုနှစ်‌အောက်တိုဘာလတွင် ၂၈၈၆ ဒဿမ ၄၈ဝသန်းသာရရှိခဲ့‌ကြောင်း၊ ‌သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်‌ဆောင်ချက်‌ကြောင့် စီးပွား‌ရေးကျဆင်း ‌နေချိန်တွင် ပိုမိုဆိုးရွားစွာ ထိခိုက်‌စေခဲ့‌ကြောင်း” တင်ပြခဲ့ပါတယ်။

ဒါဟာ အသွားအလာ “‌ခေတ္တ” ပြတ်‌တောက်ရတဲ့ တဒဂင်္ကာလ‌လေးရဲ့ ဆုံးရှုံးမှုပမာဏ ဖြစ်ပါတယ်။ ပြီး‌တော့ သူ့ရဲ့တင်ပြချက် က တစ်ဖတ်သတ်ကျလွန်းတဲ့ စွပ်စွဲအပြစ်ပုံချမှုဖြစ်ပါတယ်။
ပြည်တွင်းစစ်က လွတ်လပ်‌ရေးနဲ့အတူ ‌ပေါ်‌ပေါက်လာခဲ့တာမို့ မကြာမီ ၆၈နှစ် ပြည့်‌တော့မှာပါ။
ဒီလို ၆၈နှစ် ပြည်တွင်းစစ်ကြီးထဲမှာ “‌ခေတ္တ” ပြတ်‌တောက်ရတဲ့ တဒဂင်္ကာလ‌လေး‌တွေ ဘယ်‌လောက်ရှိခဲ့ပြီလဲ။ ဂီဒုန်စခန်းလို စခန်း‌တွေ ဘယ်နှစ်ခု သိမ်းပိုက်တိုက်ခိုက်ကြပြီလဲ။ ‌သေချာ‌ပေါက်‌ပြောနိုင်မယ့်အချက်က‌တော့ ပြည်တွင်းစစ် ၆၈နှစ်တာကာလ အတွင်းမှာ ‌သေနတ်သံတိတ်ဆိတ်သွားခဲ့တဲ့ ‌နေ့ရက်ရယ်လို့ ရှိမှာ မဟုတ်တာပါပဲ။

‌ဆေးလိပ်၊ ကွမ်းယာ၊ အရက် သုံးစွဲမှု ရပ်စဲ‌ရေး ပညာ‌ပေးလှုံ့‌ဆော်‌နေတာမှာ တစ်‌နေ့ ‌ဆေးလိပ်ဘယ်နှစ်ဘူး၊ ကွမ်းယာ ဘယ် ‌လောက်၊ အရက်ဘယ်နှစ်ပုလင်းအတွက် သုံးလိုက်တဲ့‌ငွေပမာဏဟာ မိသားစုအတွက် အသားဟင်း ဘယ်နှစ်နပ် စားနိုင်မယ်၊ က‌လေးအတွက် နို့မှုန့်ဘယ်နှစ်ဗူး ဝယ်နိုင်မယ်စသဖြင့် တွက်ချက်ပညာ‌ပေး လှုံ့‌ဆော်‌နေတာ ‌တွေ့ရပါတယ်။

‌သေနတ်ကျည်ဆံတစ်‌တောင့်၊ ၁၂ဝ မမ အ‌မြောက်ဆံတစ်‌တောင့်၊ တိုက်‌လေယာဉ်ပျံတစင်း၊ ရဟတ်ယာဉ်တစင်း၊ တင့်ကားတစ် စီးရဲ့တနာရီ ကုန်ကျစရိတ်၊ စစ်ဗိုလ်စစ်သားတစ်‌ယောက် ‌လေ့ကျင့်‌မွေးမြူစရိတ်၊ ‌သေ‌ကြေ၊ ကျိုးကန်းသွားတဲ့အခါ ပြုစု‌စောင့် ‌ရှောက်ရတဲ့ ပင်စင်လစာအပါအဝင် အ‌ထွေ‌ထွေကုန်ကျရတဲ့ စရိတ်‌တွေကို တွက်ချက်ပြပြီး ‌ဆေးလိပ်၊ ကွမ်းယာ၊ အရက်သုံးစွဲမှု ရပ်စဲ‌ရေး ပညာ‌ပေးလှုံ့‌ဆော်‌နေသလို ပြည်တွင်းစစ်ကုန်ကျစရိတ်နဲ့ပတ်သက်ပြီးလည်း အလားတူ ပညာ‌ပေးလှုံ့‌ဆော်‌စေချင်ပါ တယ်။ ဒီလိုမျိုး လှုပ်ရှားမှု‌တွေကို (CSOs)‌တွေက ပိုပြီး လုပ်‌ဆောင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ဒါ‌ကြောင့် လူမျိုး‌ပေါင်းစုံပြည်သူများအ‌နေနဲ့ ဘဝနဲ့ရင်းရတဲ့ အ‌တွေ့အကြုံအရ‌ရော၊ ကိန်းဂဏန်း အချက်အလက်အရပါ ကျယ် ကျယ်ပြန့်ပြန့် သိရှိလာရတဲ့အတွက် ပြည်တွင်းစစ်ဆိုတဲ့ ‌သွေးစုပ်ဖုတ်‌ကောင်ကြီးရဲ့ ရက်စက်ပြီး အညှာတာကင်းမဲ့လှတဲ့ အဖျက် စွမ်းအားကို ပိုမိုရွံရှာမုန်းတီးလာကာ ပြည်တွင်းစစ်ရပ်စဲ‌ရေး/ ပြည်တွင်းစစ်တားဆီး‌ရေးဟာ တိုင်းပြည်နဲ့ လူမျိုး‌ပေါင်းစုံပြည်သူများ အတွက် ချက်ချင်းနဲ့ အမြန် မဖြစ်မ‌နေလုပ်‌ဆောင်ကြရမယ့် လုပ်ငန်းစဉ်ပဲဖြစ်တယ်ဆိုတာ ပိုမို‌လေးနက်လာ‌စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တက်တက်ကြွကြွနဲ့ ပါဝင်လာကြမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်ဆိုတဲ့ ဖုတ်တ‌စ္ဆေ‌ကောင်ကြီးကို ဘယ်သူ‌တွေက သက်ဆိုးရှည်‌စေချင်တာ၊ ဘယ်သူ‌တွေက ပြည်တွင်းစစ် ကို နို့စားနွားမ ‌မွေးသလို‌မွေးပြီး ‌ရေရှည်စီးပွားဖြစ်ချင်‌နေကြတာလဲ ဆိုတဲ့အချက်ကိုလည်း တဆင့်တိုးသိမြင်လာ‌စေမှာ ဖြစ်ပါ တယ်။

‌နောက်တစ်ချက်က ဂီဒုန်စခန်းကို သိမ်းပိုက်ရရှိသွားလို့ ‌သေနတ်သံ‌တွေ၊ အ‌မြောက်သံ‌တွေ တိတ်ဆိတ်သွားမှာ၊ ငြိမ်းချမ်း‌ရေးရ လာမယ့် အတိတ်နိမိတ်မဟုတ်ဘူးလို့ ‌ဆောင်းပါးအစပိုင်းမှာ ‌ဖော်ပြခဲ့ပါတယ်။ ပြည်တွင်းစစ်သမိုင်းကို ပြန်ကြည့်ပါ။ “အင်းစိန်” ကို ပြန်တိုက်ယူရတယ်။ “ရန်ကုန်အစိုးရ”ဆိုတဲ့ဘဝက‌နေ နလန်ပြန်ထူလာခဲ့တယ်။ “ပဲခူးရိုးမ”ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်။ “မာနယ်ပ‌လော”ကို သိမ်းယူနိုင်ခဲ့တယ် စသဖြင့် ရှိခဲ့တာပါပဲ။ ဒါ‌ပေမယ့် ပြည်တွင်းစစ်ကို မရပ်နိုင်ခဲ့ပါ၊ ပြည်တွင်းငြိမ်းချမ်း‌ရေး မရခဲ့ပါဘူး။

ဒါ့အပြင် အစိုးရတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ တမင်‌ခေါ်‌ဝေါ်‌လေ့ရှိတဲ့ “‌သောင်းကျန်းသူ” အဖွဲ့‌တွေဟာ ‌လျော့နည်းမသွားတဲ့အပြင် တိုးသထက်သာ တိုးလာခဲ့ပါတယ်။ ဒီလိုတိုးလာ၊ များလာတာနဲ့ပတ်သက်ပြီး ကာကွယ်‌ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ကိုယ်တိုင် ပြည်သူ့လွှတ်‌တော်မှာ အခုလို တင်ပြသွားခဲ့ပါတယ်။

“TNLA ၊ MNDAA ၊ AA တို့သည် ယခင် တပ်မ‌တော်အစိုးရလက်ထက်နှင့် ယင်းမတိုင်မီ အစိုးရလက်ထက်များတွင် စတင် ‌ပေါ် ‌ပေါက်ခဲ့ခြင်းမဟုတ်‌ကြောင်း။ အဆိုပါအဖွဲ့ ၃ဖွဲ့သည် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့်အညီ ဒီမိုက‌ရေစီနည်းလမ်းအရ ‌ရွေး ချယ်တင်‌မြှောက်ခဲ့သည့် သမ္မတကြီးဦးသိန်းစိန် လက်ထက်၌ စတင်‌ပေါ်‌ပေါက်တိုက်ခိုက်ခဲ့သည့် အဖွဲ့များဖြစ်ပါ‌ကြောင်း”

ဒီအချက်အလက်‌တွေက ‌ဖော်ပြ‌နေတာ‌တော့ ပြည်တွင်းစစ်ကို သမ္မတကြီးဦးသိန်းစိန်လက်ထက်အထိ မရပ်စဲနိုင်ခဲ့တဲ့အပြင် လက်နက်ကိုင်အဖွဲ့အစည်း ၃ဖွဲ့‌တောင် ထပ်မံ ‌ပေါ်‌ပေါက်လာခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ (သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်း‌ရေးဆု ‌ပေးချင်သူ‌တွေ သတိပြုဖို့ပါ)

ပြည်တွင်းစစ်ရပ်စဲ‌ရေးနဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးရဖို့ဆိုတာဟာ တိုင်းပြည်နဲ့လူမျိုး‌ပေါင်းစုံပြည်သူလူထု အကျိုးကိုအစဉ် ‌ရှေ့ရှုပြီး တည်ကြည်တည့်မတ်တဲ့ သ‌ဘောထားနဲ့‌ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကြီးဖြစ်တယ်။

စစ်‌ရေးအရ ဝိုင်းပတ်ပိတ်ဆို့ခြင်း၊ အပြတ်တိုက် ‌ချေမှုန်းခြင်းဆိုတဲ့နည်း‌တွေနဲ့ လုပ်‌နေလို့က‌တော့ ဘယ်‌တော့မှမဖြစ်နိုင်ပါ။ ဘယ် ‌တော့မှ မရနိုင်ပါ။ ပြည်တွင်းစစ် ၆၈နှစ်သမိုင်းက ဒီလိုနည်းနဲ့ မဖြစ်နိုင်/မရနိုင်‌ကြောင်း သက်‌သေပြ‌နေပါတယ်။

ဒါ့အပြင် ‌ရွေးချယ်ခံအစိုးရ‌တွေဟာ ပြည်တွင်းစစ်ကို ဘယ်လိုပဲ ရပ်စဲလိုပါ‌စေ။ စစ်တပ်ကို ချုပ်ကိုင်ထားသူ‌တွေက ပြည်တွင်းစစ် မရပ်စဲလိုရင် ပြည်တွင်းစစ်ကို ရပ်စဲနိုင်မှာမဟုတ်ပါဘူး။ ဒီအချက်ကို ဦးနုရဲ့(ပထစ)အစိုးရ အဆုံးသတ်သွားရတာကို ‌လေ့လာ သုံးသပ်ကြည့်ရင် သိနိုင်ပါတယ်။ ဒီသင်ခန်းစာကို ဒီချုပ်ပါတီအစိုးရလည်း မြင်မှာပါ။ ‌ရွေးချယ်ခံအစိုးရရဲ့ ပြည်တွင်းစစ်ရပ်စဲ‌ရေး သ‌ဘောထားနဲ့ ‌ပေါ်လစီကို စစ်တပ်ကို ချုပ်ကိုင်ထားသူ‌တွေက လက်မခံသမျှ ပြည်တွင်းစစ်ဟာ ရှည်ကြာမြဲရှည်ကြာ‌နေမှာပါ။

“ငြိမ်းချမ်း‌ရေးနှင့်ပတ်သက်သည့် မူဝါဒ (၆)ရပ်” ဆိုတာဟာ စစ်တပ်ကိုချုပ်ကိုင်ထားသူ‌တွေ အ‌သေကိုင်စွဲထားတဲ့ မူဝါဒ သ‌ဘော ထား ဖြစ်ပါတယ်။ ဒီမူဝါဒ ၆ရပ်ကို တပ်မ‌တော်က စွဲကိုင်ထား‌နေကြရသမျှ ပြည်တွင်းငြိမ်းချမ်း‌ရေး မရနိုင်ပါဘူး။

တခြား‌ဝေး‌ဝေး ကြည့်မ‌နေပါနဲ့။ ဂီဒုန်တိုက်ပွဲသတင်း ‌ဖော်ပြရာမှာ အစိုးရပိုင်သတင်းစာ‌တွေက “လက်နက်ကိုင်များ”လို့ သုံးနှုန်း ‌ဖော်ပြ‌နေပြီး စစ်တပ်ပိုင်သတင်းစာက “အကြမ်းဖက်‌သောင်းကျန်းသူများ”လို့ သုံးစွဲ‌ဖော်ပြ‌နေပါတယ်။ ဒီအချက်ဟာ တကယ် တမ်း ပြည်တွင်းစစ်ကို ရပ်စဲလိုသူ‌တွေနဲ့ ပြည်တွင်းစစ်ကို ရှည်ကြာ‌စေလိုသူ‌တွေအကြားက အ‌ခြေခံအားဖြင့် ကွဲပြားခြားနားတဲ့ သ‌ဘောထားနဲ့ ရပ်တည်ချက်ကို အခိုင်အမာ ထင်ဟပ်‌ဖော်ပြ‌နေတာပဲ ဖြစ်ပါတယ်။

ဒီအချက်က‌နေ တစ်ဆင့် တိုးမြင်နိုင်တာက‌တော့ ဘယ်သူ‌တွေက “နိုင်ငံ‌ရေးနည်းနဲ့ ‌ဆွေး‌နွေးညှိနှိုင်းအ‌ဖြေရှာလိုသူ‌တွေ”ဖြစ်ပြီး ဘယ်သူ‌တွေက‌တော့ “အပြုတ်တိုက်‌ချေမှုန်းလိုသူ‌တွေ” ဖြစ်တယ်ဆိုတာကို အတိအလင်း ‌ဖော်ပြ‌နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းစစ်ရပ်စဲ‌ရေးဖို့နဲ့ တားဆီးဖို့မှာ လူမျိုး‌ပေါင်းစုံပြည်သူလူထုရဲ့အင်အားဟာ အဓိကပဲ ဖြစ်ပါတယ်။

ကိုးကား

– မြဝတီသတင်းစာ – (၃-၁၂-၂၀၁၆)
– မြဝတီသတင်းစာ – (၁၈-၁၂-၂၀၁၆)
– မြန်မာ့အလင်းသတင်းစာ (၁၈-၁၂-၂၀၁၆)