နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
မဲဆောက်-မြဝတီ တရားမဝင် နယ်စပ်ဂိတ်များမှတစ်ဆင့် တင်ပို့မှု ပိတ်ပင်ထားသည့် ဒီဇယ်နှင့် ဓာတ်ဆီ စသည့် ထိုင်းစက်သုံး ဆီများကို နိုဝင်ဘာလ ၁၆ရက်နေ့ မတိုင်ခင် ပြန်လည်တင်ပို့သွားမည်ဟု ယမန်နေ့(နိုဝင်ဘာ ၁၄)ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ တာ့ခ်ခရိုင် အထူးစီးပွား ဖွံ့ဖြိုးရေးဇုံရုံး၌ ထိုင်းအစိုးရဋ္ဌာနဆိုင်ရာများနှင့် ထိုင်းလုပ်ငန်းရှင်များ ညှိနှိုင်းအစည်းအ ဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ကြသည်။
၎င်းတရားမဝင်ဂိတ်များမှ စက်သုံးဆီ တင်ပို့ရေးကိစ္စကို အထက်က ညွှန်ကြားချက်အရဟုဆိုကာ ဒေသစစ်ကွပ်ကဲရေး အမှတ် (၁၄)တပ်ဖွဲ့က အောက်တိုဘာလ ၂၆ရက်နေ့မှစ၍ ပိတ်ပစ်လိုက်ခြင်းကို တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဂျရမ်းရစ်စငွမ်ဆတ် ဦးစီးပြီး မဲဆောက်မြို့ပိုင်၊ စစ်တပ်၊ အခွန်ဦးစီးဋ္ဌာန၊ စွမ်းအင်ဥပဒေရေးဆွဲရေးဋ္ဌာန၊ တရားသူကြီးချုပ်နှင့် လောင်စာဆီ ကုန်သွယ်ရေးလုပ် ငန်းရှင်တို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ထိုသို့ သဘောတူလိုက်ခြင်းဖြစ်သည်။
စက်သုံးဆီ တင်ပို့ရောင်းချရေး ထိုင်းကုန်သည်ဖြစ်သူ နိုင်ဆူလတ်ချိုင်းက “ထိုင်းဘက်ခြမ်းက လောင်စာဆီတွေ မတင်ပို့နိုင်ရင် လောင်စာဆီ ဈေးတက်တဲ့အတွက် ထိုင်းဘက်က မြန်မာပြည်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေလည်း ဈေးတက်သွားမှာဖြစ်ပါ တယ်။ အဲဒီတော့ နှစ်ဘက်ထိခိုက်မှုတွေရှိလာမယ်။ ဒါကြောင့် ၁၆ရက်နေ့မတိုင်ခင် စက်သုံးဆီကို ပုံမှန် တင်ပို့သွားမယ်”ဟု နယ်စပ်အခြေစိုက် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ တရားမဝင် နယ်စပ်ဂိတ်များမှတစ်ဆင့် စက်သုံးဆီတင်ပို့မှုကို ပိတ်ပင်လိုက်ခြင်းမှာ ထိုင်းနိုင်ငံ စွမ်းအင် ဋ္ဌာနမှ အသစ်ရေးဆွဲပြဋ္ဌာန်းလိုက်သော ဥပဒေအရဖြစ်ကြောင်း၊ သို့သော် နယ်စပ်ဒေသရှိ စက်သုံးဆီများကို သိုလှောင်ထားပြီးပါ က မည်သည့်နည်းလမ်းမဆို နိုင်ငံခြားသို့ တင်ပို့နိုင်သည်ဟု ပြဋ္ဌာန်းထားသည့်အတွက် သိုလှောင်ထားပြီးမှ ပြန်လည်တင်ပို့မှု လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုင်းဘက်ခြမ်းမှ စက်သုံးဆီတင်ပို့မှုကို ပိတ်ပင်လိုက်သည့်အပေါ် ကရင်ပြည်နယ်၊ နယ်ခြားစောင့် အတွင်းရေးမှူး ဗိုလ်မှူးကြီးစော ချစ်သူက နိုဝင်ဘာလ ၁ဝရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ထိုင်းဘက်မှ စက်သုံးဆီတင်ပို့မှုကို ဆက်လက် ပိတ်ပင်ပါက နိုဝင်ဘာလ ၁၆ရက်မှစပြီး ထိုင်းနှင့် မြန်မာနယ်စပ်ဒေသ တစ်လျှောက်လုံးရှိ တရားမဝင် နယ်စပ်ဂိတ်များအားလုံး ကို ပိတ်သိမ်းရန် ၎င်းတို့အနေဖြင့် ညွှန်ကြားသွားမည်ဟု ပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံ တာဝန်ရှိသူများဘက်က ယခုလို ဆွေးနွေးဆုံးဖြတ် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
မဲဆောက်-မြဝတီ တရားမဝင် နယ်စပ်ဂိတ် ၃ခုတွင် သိုလှောင်ခြင်းမရှိဘဲ နေ့စဉ်တင်ပို့သည့် ထိုင်းစက်သုံးဆီ တစ်ရက်လျှင် ပျမ်းမျှ ဒီဇယ်လစ်တာ ရှစ်သိန်းနှင့် ဓာတ်ဆီလစ်တာ နှစ်သိန်း နေ့စဉ် တိုက်ရိုက် တင်ပို့ရောင်းချခဲ့သည်ဟု သိရသည်။
အဆိုပါ ထိုင်းစက်သုံးများဖြစ်သော ဒီဇယ်နှင့် ဓာတ်ဆီများကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့အပြင် မြန်မာနိုင်ငံ နေရာအတော်များများတွင် တင်ပို့ရောင်းချလျှက်ရှိသည်ဟု သိရသည်။



















