ပဉ်စမအကြိမ်မြောက် မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (Myanmar Media Development Conference)ကို ၂၀၁၆ခု နှစ်၊ နိုဝင်ဘာလ ၇ရက်နှင့် ၈ရက်နေ့များတွင် ရန်ကုန်မြို့၊ ချက်ထရီယံဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းအချက်အလက် ရရှိပိုင်ခွင့် (Right to Information) ဆွေးနွေးခန်းတွင် ပါဝင်ခဲ့သူ မြန်မာသတင်းမီဒီယာကောင်စီ၏ ဒုတိယ ဥက္ကဌ ဦးအောင်လှ ထွန်းနှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ Right to Information ရဲ့အနှစ်သာရလေး ဆရာ နားလည်သလောက်လေး ရှင်းပြပေးပါလား။
ဖြေ ။ ။ အနှစ်သာရကတော့ သတင်းသိရှိပိုင်ခွင့်ပေါ့လေ။ ဒါပေမယ့် တစ်ချို့ဒီမှာအများစု နားလည်ထားတာက သတင်းစာ ဆရာတွေ မီဒီယာသမားတွေအတွက်ပဲလို့ ထင်နေကြတယ်။ ဒါဟာ အားလုံးနဲ့ဆိုင်ပါတယ်။ နိုင်ငံသားတိုင်းနဲ့ဆိုင်တယ်။ ဒါတောင် မကဘူး။ နိုင်ငံသားမဟုတ်သူတွေနဲ့လည်း ဆိုင်တယ်။ လူသားအားလုံးနဲ့ ဆိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ International Media တွေရှိတာကိုး။ International Media တွေကို ကိုယ်စားပြုတာက နိုင်ငံခြားသားတွေ အများကြီးဖြစ်နေ တယ်။ သူတို့လည်း အဲဒါကိုမေးမြန်းပိုင်ခွင့် သိရှိပိုင်ခွင့်ရှိတယ်လို့ ကျနော်ထင်တယ်။
မေး ။ ။ အခုခေတ်ကာလမှာရော အဲဒီ Right to Information ကဘယ်လောက်အထိ လွှမ်းခြုံနိုင်ပြီလဲပေါ့ဆရာ။
ဖြေ ။ ။ ကျနော်ထင်တာ တော်တော်လေးကိုနည်းနေတာ တွေ့တယ်။ နိုင်ငံသားဖြစ်တဲ့ သာမန်လူတွေတောင်မပြောနဲ့ သတင်းသမားတွေမှာ တချို့လေ ကိုယ်ရေးထားတာတွေကို ကိုယ်မသိနိုင်ဘူးပေါ့။ နောက်တစ်ခုအဆိုးဆုံးက Right to Information ကိုပေးရမယ့် အရာရှိပိုင်းက ပထမကျနော် ပြန်ကြားရေးဝန်ကြီးဌာနက workshop နှစ်ခါရှိသွားပြီ လုပ်ခဲ့တာ။ ပထမတစ်ခါတုန်းက တစ်ချို့ပုဂ္ဂိုလ်တွေဆိုရင် လက်သင့်မခံချင်ဘူး။ ဘာလို့ပြောရလဲဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူက အစိုးရကို တင်မြှောက်ပါတယ်။ အခွန်အခကို ပြည်သူတွေက ပေးပါတယ်။
ကိုယ်တင်လိုက်တဲ့အစိုးရဟာ ကိုယ့်တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်နေလဲဆိုတာ ပြည်သူတွေမှာ သိပိုင်ခွင့်ရှိပါတယ်။ အဲဒီလိုပဲ အခွန်ထမ်းပေးလိုက်တဲ့ပုဂ္ဂိုလ်တွေမှာ သူတို့အခွန်ထမ်းလိုက်တဲ့ငွေကို နိုင်ငံတော်က ဘယ်လိုစီမံလိုက်လဲဆိုတာ သိပိုင်ခွင့်ရှိပါ တယ်။ အဲဒီလိုပဲ နိုင်ငံတစ်နို်င်ငံရဲ့အစိုးရဟာ အဲဒီနိုင်ငံကို ဘယ်လိုအုပ်ချုပ်နေလဲဆိုတာ နိုင်ငံတကာအစိုးရကလည်း သိပိုင်ခွင့်ရှိ ပါတယ်။ ကျနော်တို့မှာ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေ အဖွဲ့အစည်းတွေရှိပါတယ်။ အားလုံးကို ထင်သာ မြင်သာရှိအောင် သိသင့်သိထိုက်တာတွေကို ကျနော်တို့ပြောပြဖို့တော့ လိုပါတယ်။
မေး ။ ။ အခုအခြေအနေက အားလုံးကိုမလွှမ်းခြုံနိုင်သေးဘူးဆိုတော့ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်မယ်ဆို ဘာတွေ က အဟန့်အတားဖြစ်စေမလဲဆရာ။
ဖြေ ။ ။ ဒီ Right to Information နည်းနေလို့ရှိရင် ကျနော်တို့ဆိုးကျိုးတွေက ပိုများတာပေါ့နော်။ miss information ဆိုတဲ့ သတင်းအချက်အလက်လွဲမှားတာတွေဖြစ်လာရင် လူတွေ နားလည်မှုလွဲမှားလာမယ်။ နောက်ပြီး Disinformation ဆိုတာရှိ တယ်။ တမင်ကို အလွဲတွေထည့်တာ။ နိုင်ငံတော်ရဲ့ အရေးကြီးကိစ္စတွေမှာ သတင်းအလွဲအမှားတွေ၊ လော်ဘီတွေဝင်ပြီးတော့ ပိုဆိုးသွားတာပေါ့။ အဲဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေတာပေါ့။
မေး ။ ။ ဒီထက်ပိုမိုကောင်းမွန်လာဖို့ ဘယ်လိုနည်းလမ်းတွေ ရှိနိုင်မလဲဆရာ။
ဖြေ ။ ။ အဓိကကတော့ အစိုးရပိုင်းမှာပေါ့လေ။ အစိုးရပိုင်းက ဒီဟာကို အားလုံးက နားလည်သဘောပေါက်သွားပြီဆိုရင် ဥပ ဒေနဲ့ ပြဋ္ဌာန်းစရာမလိုဘူးပေါ့။ တစ်ချို့နိုင်ငံကြီးတွေမှာလည်း အဲဒါနဲ့ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းတာမရှိဘူး။ ဒါပေမယ့်ကမ္ဘာ့နိုင်ငံ တွေမှာ ပြဋ္ဌာန်းတာတွေလည်း ရှိပါတယ်။ ကျနော်တို့နိုင်ငံမှာကျတော့ ပြဋ္ဌာန်းရမယ့် နိုင်ငံတွေထဲမှာ ပါပါတယ်။ ဒီ Right to Information law ရှိတယ်ဆိုရင် ဘယ်သူတွေမှာတာဝန်ရှိတယ်။ ဘယ်သူတွေမှာ သိပိုင်ခွင့်ရှိတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းဥပဒေတွေ ပြဋ္ဌာန်းဖို့လိုပါတယ်။
ပေးသင့်ပေးထိုက်တဲ့သတင်းက ဘယ်လို၊ မပေးသင့်မပေးထိုက်တဲ့သတင်းက ဘယ်လိုလည်း ဆိုတာကို ခွဲခြားသတ်မှတ်ဖို့ လိုပါ တယ်။ ပြီးတော့ ကျနော်တို့က အချိန်လည်း လိုပါတယ်။ သတင်းကိုပြန်ကြားရမယ့်အချိန်၊ ပေးရမယ့်အချိန်က အကန့်အသတ်နဲ့ ရှိသင့်ပါတယ်။ တချို့ကိစ္စတွေက ချက်ချင်းဖြေရှင်းရမယ်။ တစ်ချို့ကိစ္စတွေကျတော့ အချိန်ယူရမှာဖြစ်ပါတယ်။ နောက်တစ်ခုက တချို့အချက်အလက်တွေဟာ မမေးရင်တောင်မှ အစိုးရဘက်က သူတို့ ထုတ်ပြန်ပေးရမယ့်သဘောရှိပါတယ်။ တချို့အချက် တွေကျတော့ မေးလာတဲ့အခါ ထုတ်ပြန်ပေးရမယ်။ ဒါကြောင့် အဲဒီလိုအချိန်ယူ ပြုလုပ်ရမယ့်ဟာလည်းရှိပါတယ်။ ပြောရရင် တော့ အစိုးရပိုင်ရော၊ မီဒီယာပိုင်းဘက်ကရော လုပ်ဖို့လိုပါတယ်။
မေး ။ ။ ဒီ (၅)ြှကိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံမှာ ဌာနဆိုင်ရာပိုင်းက ပြောရေးဆိုခွင့်ရှိတဲ့လူကြီးတစ်ဦးကနေပြီးတော့ သူတို့အနေနဲ့ Right to Information ကို ပြောဆိုတာက မီဒီယာကိုလည်းမေးတဲ့အခါမှာ မီဒီယာကလည်း ကျင့်ဝတ်ရှိပါတယ် ဆိုပြီး မဖြေတဲ့အပေါ်မှာ ငြင်းခုန်မှုလေးတွေဖြစ်တာပေါ့နော်။ အဲဒီအပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်မိပါလဲ။
ဖြေ ။ ။ ကျနော်တို့မီဒီယာမှာ ကျင့်ဝတ်ရှိပါ တယ်။ ဘယ်လိုဖြစ်ဖြစ် ကျနော်တို့ရဲ့သတင်းအရင်းအမြစ်ကို ဖော်ပြခွင့်မရှိဘူး။ အဲဒါကို ကျနော်တို့ကို မကြာခဏ အမေးခံရတာရှိပါတယ်။ ဥပမာ ဝန်ကြီးဌာနတစ်ခုကို ကိုးကားပြီး သတင်းရေးလိုက်တယ်။ “အမည်မဖော်လိုသည့်အရာရှိကြီးတစ်ဦး”ကဆိုပြီးတော့ ရေးလိုက်တယ်။ အဲဒီက လူကြီးတစ်ယောက်က ကျနော့်ကိုမေးတယ်။ ဘယ်သူက မေးတာလဲပြောပါ။ မပြောလို့မရဘူး။ ဒါ အရေးယူရမယ်ဆိုပြီးတော့ပေါ့။ ကျနော်ကတော့ ဒါက ပြောလို့မရဘူး။ အခု အစိုးရလက်ထက်တောင် မကဘူး။ ဟိုးအရင် စစ်အစိုးရလက်ထက်တုန်းက ကျနော် ခနခန အခြိမ်းခြောက်ခံရဘူးတယ်။ အဲဒါက တော့ နိုင်ငံရေးထူးခြားမှုသတင်းတွေနဲ့ပတ်သက်ပြီး ကျနော်ရေးခဲ့တုန်းကပေါ့။ ဒါကိုလည်း အစိုးရအရာရှိပိုင်းက နားလည်ပေးဖို့ လိုပါတယ်။ မေးသင့်မေးထိုက်တဲ့ မေးခွန်းတစ်ခုကို ဖြေသင့်ဖြေထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကသာ ဖြေလိုက်မယ်ဆိုရင် ဒီဟာ တွေ ဖြစ်လာစရာအကြောင်းကို မရှိပါဘူး။
မေး ။ ။ အခုကလည်း အဲဒီလိုအမြင်တွေ ဖြစ်နေတဲ့အခါကျတော့ မီဒီယာကလည်း မီဒီယာကျင့်ဝတ်တွေ၊ အစိုးရပိုင်းကလည်း သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ပေါ်လစီတွေနဲ့ ပြန်ကာနေကြမယ်ဆိုရင် ရှေ့အလားအလာ ဘယ်လိုဖြစ်လာနိုင်ပါလဲ။
ဖြေ ။ ။ အဲဒါကတော့ ပြဿနာသိပ်မရှိဘူး။ အဲဒါကို ကျနော်တို့ ပွင့်လင်းမြင်သာစွာနဲ့ ဆွေးနွေးဖို့လိုပါတယ်။ အဲဒါကြောင့် ကျနော်ပြောတာပေါ့။ Information တိုင်းဟာ လျှိ့ဝှက်မဟုတ်ဘူး။ တစ်ချို့ Information တွေက လျှိ့ဝှက်ချက်ဖြစ်မယ်။ ကျနော်တို့ အဲဒါကို အတိအကျသတ်မှတ်ဖို့ လိုပါတယ်။ လျှိ့ဝှက်ချက်ဆိုတာမှာလည်း ထာဝရလျှိ့ဝှက်ချက်ဆိုတာမရှိဘူး။ အကန့်အသတ်ဆိုတာရှိပေမယ့် တစ်ချိန်ကျရင် အားလုံးက ထုတ်ဖော်ပြောဆိုရမှာချည်းပါပဲ။ နောက်တစ်ခုက ခုနပြောသလိုပေါ့။ ဖြေကြားပေးမယ့်ပုဂ္ဂိုလ်ကိုလည်း တာဝန်ကို သေချာသတ်မှတ်ပေးဖို့လိုပါတယ်။ အဲဒါဆိုရင်တော့ ဒီကိစ္စက အဆင်ပြေသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ ၅ ကြိမ်မြောက်ကွန်ဖရင့်နဲ့ပတ်သက်ပြီး သူ့ရဲ့ဆောင်ပုဒ်နဲ့ဆက်စပ်ပြီး ဆရာဘာများ Comment ပေးချင်ပါလဲ။
ဖြေ ။ ။ ကျနော်ကတော့ တဖြည်းဖြည်း ထူးခြားလာမှုရှိမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအစိုးရကလည်းအသစ် New Media, New Democracy ကျနော် အဲဒါကိုပြောတာပါ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရတုန်းက Military Government လို့ပဲ သတ်မှတ်တာကိုး။ အခုအစိုးရကတော့ ပြည်သူတွေ တကယ်ရွေးလိုက်တဲ့ အစိုးရပါပဲ။ တိုင်းပြည်ကို Run လုပ်တာကလည်း တကယ့်ပြည်သူတွေကြိုက်တဲ့ပါတီကပါပဲ။ ကျနော်တို့မီဒီယာဆိုတာကလည်း အင်မတန် နုနယ်ပါသေးတယ်။ လွတ်လပ်ခွင့်ရ တာက ၂နှစ်၊ ၃နှစ်လောက်ပဲရှိသေးတယ်လေ။ အစိုးရကလည်းနုနု၊ မီဒီယာကလည်း လုံးဝ ပေါက်စဆိုတော့လေ။ အဲဒီနှစ်ခုကြား မှာ သဟဇာတလေးဖြစ်အောင်၊ ပြီးတော့ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုကလည်း အရမ်းမြန်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာ နဲ့ပတ်သက်တဲ့Telecommunication Technology ဆိုတဲ့ဆက်သွယ်ရေးနည်းပညာတွေ အရမ်းတိုးတက်မြန်ဆန်လာတယ်။ အဲဒီမှာ Social Media တွေဖြစ်တဲ့ Online Media ပိုင်းအရမ်းတိုးတက်လာတယ်။ အဲဒါနဲ့ Main Stream မီဒီယာတွေကြားမှာ လည်း တိုက်ပွဲတွေရှိတယ်။ ကျနော်ကတော့ တော်တော်ကျေနပ်ပါတယ်။ နောက်နှစ်မှာလည်း ဒီထက်ကောင်းလာပြီး ကျယ် ကျယ်ပြန့်ပြန့် ပို ဆွေးနွေးနိုင်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
* ဦးအောင်လှထွန်းသည် ရခိုင်ပြည်နယ်၊ စစ်တွေဇာတိဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဓာတုဗေဒဘာသာဖြင့် ဘွဲ့ရရှိခဲ့ သည်။ လူထုအခြေပြု မီဒီယာဖွံ့ဖြိုးမှုပညာ၊ စီးပွားရေး၊ ဥပဒေရေးရာနှင့် သတင်းစာပညာဘွဲ့လွန်သင်တန်းများကို ရန်ကုန်၊ နယ်သာလန်၊ ဟောင်ကောင်၊ ဘန်ကောက်နှင့် စင်ကာပူတို့တွင် လေ့လာသင်ယူခဲ့သည်။ ၁၉၈၃ခုနှစ်မှ ၁၉၉၄ခုနှစ်အထိ ပြန် ကြားရေးဝန်ကြီးဋ္ဌာန လက်အောက်ရှိ စာပေဗိမ္မာန် ဘုတ်အဖွဲ့တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၄ခုနှစ်မှ စ၍ ယခုအချိန်ထိ ရိုက်တာသတင်းဋ္ဌာန မြန်မာပြည်ဌာနေသတင်းထောက် ဖြစ်သည်။ ၂၀၀၇ခုနှစ်အတွက် အကောင်းဆုံး ရိုက်တာသတင်းသမားဆု ရရှိခဲ့သည်။
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (၂၀၁၂-၂၀၁၅)၏ နိုင်ငံခြားဆက်သွယ်ရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံရပြီး မြန်မာသတင်းမီဒီယာကောင်စီ-ယာယီ(၂၀၁၂-၂၀၁၅)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ မြန်မာသတင်းမီဒီယာကောင်စီဝင်အဖြစ် အဆိုပြုခြင်းခံရပြိး ဒုတိယဥက္ကဋ္ဌအဖြစ် ယနေ့တိုင် တာဝန် ယူ ဆောင်ရွက်လျက်ရှိသည်။