အောက်တိုဘာ ၄ ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံသင့်သည့် ကဏ္ဍ ၉ ခုအတွက် မူဝါဒ အကြံ ပြုချက်မူကြမ်းစာအုပ်ကို တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ)-ENAC က ပြုစု ထုတ်ဝေခြင်း အခမ်းအနားကို အောက်တိုဘာ ၄ ရက်နေ့၊ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ ဂရင်းဟေး(Green Hill)ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
ENAC သည် ၂၀၁၄ ခုနှစ်မှစ၍ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားပါတီများ၊ လူမှုအဖွဲ့အစည်းများစသည့် အလွှာစုံ အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ အကြိမ်ကြိမ်ပြုလုပ်ပြီး ထွက်ပေါ်လာသည့် ရလဒ်များအပေါ် အခြေခံရေးဆွဲကာ ယခုစာအုပ်ကို ထုတ်ဝေခြင်းဖြစ်သည်ဟု ENAC ဘုတ်ဒါရိုက်တာအဖွဲ့ ဥက္ကဌဖြစ်သူ နိုင်ဟံသာက ပြောသည်။
“ကျနော်တို့ ပြုစုထားတဲ့ စာတမ်းကို အများပြည်သူသိဖို့၊ အများရဲ့ဖြည့်စွက်လာတဲ့ အကြံဉာဏ်တွေကို ရယူဖို့ ဖြစ်တယ်။ ဘာကြောင့် စာအုပ်ပြုစုရလဲဆိုရင် အနာဂတ်မှာနိုင်ငံရေး ပြဿနာကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးသွားရမယ်။ ဆွေးနွေးသွားမယ်ဆိုတဲ့ အပိုင်းမှာ နိုင်ငံရေးအပိုင်းနဲ့ ကာကွယ်ရေးအပိုင်းက အရေးကြီးတယ်။ ဒါတွေ မလုပ်ဆောင်ရသေးဘူး။ ကျန်တဲ့ တချို့အပိုင်းမှာ ပြည်သူများထံကနေ အကြံဉာဏ် ရယူပြီး ပိုမိုကောင်းမွန်တဲ့ ပုံစံကို အသုံးချသွားဖို့ ဖြစ်တယ်”ဟု နိုင်ဟံသာက ပြောသည်။
အဆိုပါ မူဝါဒ အကြံပြုချက်များ စာအုပ်တွင် စိုက်ပျိုးရေး၊ ပညာရေး၊ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ နှင့် ဒုက္ခသည်များ၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ မြေယာ၊ သဘာဝသယံဇာတ၊ အခွန်ကောက်ခံခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍ ၉ ခုအတွက် မူဝါဒ(မူကြမ်း)များကို ပါရှိပြီး ကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေးပွဲ အသီးသီးကို ၂၀၁၄ ခုနှစ်မှ စတင်ပြုလုပ်ခဲ့သည်ဟု ဆွေးနွေးပွဲ အသီးသီးမှ ရလဒ်များကို အခြေခံကာ ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ENAC တာဝန်ရှိသူများက ပြောသည်။
မူဝါဒ(မူကြမ်း)များကို တိုင်းရင်းသားများမှ ဘုံသဘောတူညီချက်အဖြစ်ရပ်တည်ကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဆက်ဆွေးနွေးသွားရန် ရည်ရွယ်ထားသလို ပြည်တွင်းရှိ ဥပဒေပညာရှင်များ၊ အစိုးရ တာဝန်ရှိသူ များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မူကြမ်းများကို ဆက်လက်ဆွေးနွေးပြီး ပြင်ဆင်ဖြည့်ဆွက်သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံ၍ မူယစ်ဆေးဝါး၊ သစ်တော စသည့် ဆိုင်ရာ မူဝါဒမူကြမ်းများ ပြုစုသွားရန် ရှိသည်ဟု ENAC အစီအစဉ်ညွှန်ကြားရေးမှူး ဆရာယောထုံက ဆိုသည်။
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သည် မူဝါဒ(မူကြမ်း)ကဏ္ဍ ၉ ခုကို ၂၀၁၆ ခုနှစ်၊ ဇွန် ၁ရက်မှ ၃ ရက်နေ့အထိ ပြုလုပ်သည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အလုပ်အမှုဆောင်အစည်းအဝေးတွင် အသိအမှတ်ပြုခဲ့သည်ဟု သိရသည်။



















