အောက်တိုဘာ ၁၄ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် မိမိကိုယ်ကို သေ ကြောင်းကြံစည်မှုမှာ ယခုနှစ်အတွင်းဆက်တိုက်ဖြစ်ပွားမှုများရှိလာသည့်အတွက် စိုးရိမ်စရာအခြေ အနေဖြစ်ပေါ်နေကြောင်း အဆိုပါ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများက ယနေ့ ပြောဆိုလိုက်သည်။
မယ်လဒုက္ခသည်စခန်းသည် နယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ယခုအောက်တိုဘာလအထိ ပျမ်းမျှမိမိကိုယ်ကို သေကြောင်းကြံစည်မှု တိုးမြင့်လာနေသည့်အတွက်ကြောင့် စိုးရိမ်ရခြင်းဖြစ်သည်ဟု စခန်းဥက္ကဋ္ဌဖြစ်သူစောအောနက်က ကေအိုင်စီသို့ ယခုလို ပြောသည်။
“အခု စခန်းထဲမှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာ နှစ်စကနေအခုအထိ တစ်လကိုပျမ်းမျှ နှစ် ယောက် နှုန်းလောက်ဖြစ်နေပြီ။ အဲဒီအတွက်ကို ကျနော်တို့လည်း စိုးရိမ်မှုတွေရှိနေတယ်။ အများစုကတော့ မိသားစု ပြဿ နာတွေကြောင့် ဖြစ်တာများတယ်။ အဲဒါကို ကျနော်တို့လည်း ဘယ်လိုလုပ်ရမှန်းမသိတော့ ဘူး”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ရက်နေ့တွင်လည်း မယ်စခန်း ဇုံ C-3A အိမ်အမှတ် ၁၄၇တွင် နေထိုင်သူ အသက် ၄၇နှစ်အရွယ်အမျိုးသားတစ်ဦးမှာလည်း နေအိမ်အတွင်း ကြိုးဆွဲချသေကြောင်းကြံစည်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မယ်လစခန်းတာဝန်ရှိသူများ ကောက်ယူရရှိထားသည့် စာရင်းများအရ ၂၀၁၅ခုနှစ်၌ ၎င်းစခန်းအတွင်း မိမိကိုယ်ကိုသေကြောင်းကြံစည်မှုကြောင့် သေဆုံးသူ ၂၅ဦးအထိရှိခဲ့ပြီး ယခုနှစ်ဇန်နဝါရီလမှစက်တင် ဘာလအထိ သေကြောင်းကြံစည်မှု ၁၆မှုဖြစ်ပွားရာမှာ သေဆုံးသူ ၁၅ ဦးအထိရှိနေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
သေကြောင်းကြံစည်မှုများမှာ အများအားဖြင့်လူလတ်ပိုင်းအရွယ်ရှိသူများဖြစ်ပြီး မိသားစုကိစ္စ အဆင် မပြေမှုများ၊ အရက်သေစာသောက်စားမှု စသည့်နောက်ဆက်တွဲများကြောင့် ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသလို ကရင်ဒုက္ခသည်ကော်မတီ KRCမှလည်း ယင်းကိစ္စများကို အရေးတယူ ဆောင်ရွက်လျှက်ရှိနေကြောင်း ပြောဆိုသည်။
KRC ၏ ပြောခွင့်ရသူနော်ဘလူးမင်းနိုက်ဇန်က “အဲဒီကိစ္စတွေအပေါ်မှာ အလေး ထားပြီးတော့ ကျမတို့ KRC အပြင် စခန်းတာဝန်ရှိသူတွေ၊ အခြားသော NGO တွေနဲ့အတူ စခန်းလူ ထုတွေကို အသိ ပညာပေးတာတွေလုပ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
မယ်လဒုက္ခသည်စခန်းတွင် ဇုန်(၃)ခုမှ လက်ရှိ လူဦးရေ ၃၈,၅၅၉ ဦးရှိကြောင်း ဒုက္ခသည်များအရေး ကူညီလုပ်ဆောင်ပေးနေသည့် TBC အဖွဲ့၏ ၂၀၁၆ခုနှစ် ဩဂုတ်လတွင် ထုတ်ပြန်ထားသောစာရင်းအရ သိရသည်။