Home ဆောင်းပါး တိုင်းပြည်နဲ့ လူထုအား စွဲကပ်ခြိမ်း‌ခြောက်‌နေတဲ့ ကပ်‌ရောဂါဆိုးကြီး ၃ခု၏ ဇစ်မြစ်

တိုင်းပြည်နဲ့ လူထုအား စွဲကပ်ခြိမ်း‌ခြောက်‌နေတဲ့ ကပ်‌ရောဂါဆိုးကြီး ၃ခု၏ ဇစ်မြစ်

2251

(‌မောင်‌ကျော်စွာ)

(၁၁-၉-၂၀၁၆)

၁၉၆၂မှ စတင်ခဲ့‌သော စစ်အုပ်စု အုပ်စိုးမှုဟာ တိုင်းပြည်နှင့် ပြည်သူလူထုအား ကပ်‌ရောဂါဆိုးကြီး ၃ခု စွဲကပ်ဖြစ်ပွား‌စေခဲ့ပါ တယ်။ ယ‌နေ့အချိန်အခါတွင် ထိုကပ်‌ရောဂါဆိုးကြီး ၃ခုမှာ သည်းသန်ပြင်းထန်‌သော အဆင့်သို့ ဆိုက်‌ရောက်‌နေပြီလည်း ဖြစ်ပါ တယ်။

ထိုကပ်‌ရောဂါဆိုးကြီး ၃ခုမှာ
၁။ ဆင်းရဲမွဲ‌တေမှု
၂။ အကျင့်ပျက်ခြစားမှု
၃။ မူးယစ်‌ဆေးဝါး အပါအဝင် ဒုစရိုက်မှုခင်း‌ပေါင်းစုံ ထူထပ်‌ပေါများလာမှုတို့ပင် ဖြစ်ပါတယ်။

ထိုကပ်‌ရောဂါဆိုးကြီး ၃ခုဟာ ကူးစက်မြန်ပြင်းထန်တဲ့ (H5N1)ကြက်ငှက်တုတ်‌ကွေး‌ရောဂါ၊ (Ebola)အီဘိုလာဗိုင်းရပ်စ်၊ (Zika) ဇီကာဗိုင်းရပ်စ်၊ (JE)ဂျပန်ဦး‌နှောက်အ‌မှေး‌ရောင် ‌ရောဂါများကဲ့သို့ ပြည်ပနိုင်ငံများမှ ဝင်‌ရောက်ကူးစက်လာခြင်းမဟုတ်ဘဲ ထို ‌ရောဂါများထက် ပြင်းထန်ပြီး စစ်အုပ်စု၏ ‌ဖောက်ပြန်မှားယွင်း‌သော အုပ်စိုးမှုမှ တိုက်ရိုက်‌ပေါ်ထွက်လာ‌သော ပြည်တွင်းဖြစ် အကျိုးဆက်ရလဒ်များသာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ အုပ်စိုးမှုဟာ စစ်အုပ်စုဝင် စစ်ဗိုလ်ချုပ်ကြီးများနဲ့ အ‌ပေါင်းပါခရိုနီများကို ထားစရာမရှိအာင် ချမ်းသာကြွယ်ဝသွား‌စေခဲ့ ပြီး အများစုပြည်သူများကို ကုန်း‌ကောက်စရာမရှိ‌အောင် ဆင်းရဲမွဲ‌တေ‌စေခဲ့ပါတယ်။ ပြည်သူများမှာ ဆင်းရဲမွဲ‌တေမှုနွံအိုင်ထဲတွင် နစ်သထက် နစ်မြုပ်‌နေကြရဆဲ ဖြစ်ပါတယ်။ “တစ်ကိုယ်ချမ်းသာ ကိုယ်ဖို့ရှာ သတ္တဝါအ‌ပေါင်း ဆင်းရဲ‌ကြောင်း”ဆိုတဲ့ စကားကဲ့သို့ ပင် စစ်အုပ်စုနဲ့ ခရိုနီတစ်သိုက် ချမ်းသာကြွယ်‌စေမှုဟာ ပြည်သူတစ်ရပ်လုံး ဒုက္ခပင်လယ်‌ဝေ‌စေပါတယ်။ တကယ်‌တော့ ပြည်သူ တစ်ရပ်လုံး ကြုံ‌တွေ့ရင်ဆိုင်‌နေရတဲ့ ဒုက္ခမျိုးစုံဟာ ပင်လယ်ထက်ကြီးပြီး သမုဒ္ဒရာထက်ပင် ကျယ်ဝန်းနက်ရှိုင်းပါလိမ့်မယ်။

(၁၉၆၂ မှ ၁၉၈၈ခုနှစ်အတွင်း) စစ်အုပ်စုက “ဆိုရှယ်လစ်လူ့‌ဘောင်”ဆိုတဲ့ ဆိုရှယ်လိမ်ဝါဒနဲ့ ပြည်သူ‌တွေကို လိမ်လည်လှည့်ဖြား ခဲ့ပါတယ်။ အဆုံးသတ်‌တော့ တိုင်းပြည်နဲ့လူထုဟာ အဆင်းရဲဆုံးတိုင်းပြည်(LDC)ဘဝ ကျ‌ရောက်ခဲ့ရပါတယ်။

အဲဒီ‌နောက်‌ပေါ်လာတဲ့ (နဝတ-နအဖ)စစ်အုပ်စုက (၁၉၈၈ မှ ၂၀၁၀)ထိ အုပ်စိုးခဲ့ပြန်ပါတယ်။ ဒီစစ်အုပ်စုကလည်း တိုင်းပြည်နဲ့ လူထုကို ဆင်းရဲတွင်းထဲက ဆွဲမထုတ်နိုင်ခဲ့တဲ့အပြင် ဆင်းရဲမှုနွံအိုင်ထဲ ပိုမိုနစ်မြုပ်‌စေခဲ့ပြီး သူတို့စစ်အုပ်စုသာလျှင် သူ‌ဋ္ဌေးကြီး ‌တွေ ဖြစ်‌စေခဲ့ပါတယ်။ ဆင်းရဲမွဲ‌တေမှုက‌နေ အကျင့်ပျက်ခြစားမှုမျိုးစုံကို ‌ပေါက်ပွား‌စေပြီး မူးယစ်‌ဆေးဝါး အပါအဝင် ဒုစရိုက်မှု မျိုးစုံဖြစ်ပွား‌အောင် လမ်းဖွင့်‌ပေးပါတယ်။ တွန်းအား‌ပေးပါတယ်။

“လာဘ်‌ပေးလာဘ်ယူ ဒို့ရန်သူ၊ လာဘ်‌ပေးရန် မလို” ဆိုပြီး (နဝတ) စစ်အုပ်စုက သူတို့ အာဏာသိမ်းစက ‌လေတလုံး မိုးတလုံး ‌ကြော်ငြာခဲ့ဖူးပါတယ်။ ‌နောက်‌တော့ သူတို့ဆိုင်းဘုတ်သူတို့ တိတ်တိတ်ပြန်ဖြုတ်သွားပြီး ခပ်‌ပြောင်‌ပြောင်ပဲ တိုင်းပြည်ပိုင် ‌မြေ‌ပေါ် ‌မြေ‌အောက်၊ ‌ရေ‌ပေါ်‌ရေ‌အောက် သယံဇာတ‌တွေကို ချုပ်ကိုင်ပါတယ်၊ လက်ဝါးကြီးအုပ်လုပ်ပြီး ထုတ်‌ရောင်းပါတယ်။ ဒီက‌နေ့ မိုး‌ခေါင်မှု၊ ‌ရေကြီးမှု စတဲ့ကပ်‌ဘေးအန္တရာယ် သက်‌ရောက်မှု‌တွေဟာ ဒီလို မဆင်မခြင်လုပ်မှု‌တွေရဲ့ တိုက်ရိုက် အကျိုးဆက်ပဲ ဖြစ်ပါတယ်။

စစ်အုပ်စုက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တယ်ဆိုကလည်း တကယ်‌တော့ အထက်က အ‌ကောင်ကြီး‌တွေရဲ့ စား‌သောက် ဝါးမျိုမှု‌တွေကို ‌အောက်‌ခြေက အ‌ကောင်‌သေးအ‌ကောင်မွှားက‌လေး‌တွေ ဖမ်းဆီးနှိမ်နင်းစ‌တေးပြပြီး ဖုံးကွယ်လိုက်တာသာ ဖြစ်ပါ တယ်။ ‌အောက်‌ခြေက အကျင့်ပျက်ဝန်ထမ်း‌တွေရဲ့‌သွေးနဲ့ ‌ခြေ‌ဆေးပြတာသာ ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ အကျင့်ပျက် ခြစား မှု တိုက်ဖျက်သူ‌တွေအဖြစ် အ‌ရောင်တင်တာသာ ဖြစ်ပါတယ်။ စစ်အုပ်စုချင်း အာဏာစားခွက်လုရာမှာ လက်ဦးမှုရသွားတဲ့ အုပ်စု က လက်ဦးမှုမဲ့သွားတဲ့အုပ်စုကို မကြုံဖူး၊ မကြားဖူးတဲ့ လာဘ်စားမှုစာရင်း‌တွေပြပြီး ထိုးနှက်‌လေ့ရှိပါတယ်။ ဒါကလည်း လက်ဦးမှု ရသူက လုပ်တဲ့နည်းဖြစ်ပါတယ်။ တကယ်‌တော့ ဒီပုပ်ထဲက ပဲ‌တွေချည်းသာ ဖြစ်ပါတယ်။

ဗိုလ်ခင်ညွန့်‌ထောက်လှမ်း‌ရေးဂိုဏ်းကို ဖြုတ်ရာမှာ ဒီနည်းကိုသုံးခဲ့တာပါ။ ဗိုလ်ခင်ညွန့်နဲ့ တပည့်‌ထောက်လှမ်း‌ရေးဂိုဏ်းရဲ့ လာဘ် စားမှုက သိန်း‌ပေါင်း‌ထောင်ချီပါတယ်။ ထိုစဉ်က စာ‌စောင်က‌လေးအဖြစ် ထုတ်‌ဝေတဲ့ [၂၀၀၄ခုနှစ်၊ ‌အောက်တိုဘာလ ၂၄ရက် ‌နေ့၊ ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ၊ ‌ဇေယျာသီရိဗိမာန်ခမ်းမမှာ ပြုလုပ်တဲ့ (နအဖ)အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးသူရ‌ရွှေမန်း၊ နိုင်ငံ‌တော်ဝန် ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းတို့ရဲ့ ရှင်းလင်းချက်အပြည့်အစုံ]ထဲက အချက်အလက်အချို့ကို စာမျက်နှာ(၄)မှာ ‌ဖော်ပြထား တဲ့ မူရင်းအတိုင်း ထုတ်နုတ်‌ဖော်ပြပါရ‌စေ။

“တရားရုံးက သက်‌သေခံပစ္စည်းတင်သွင်းရာတွင် အနည်းဆုံး‌ဈေးနှုန်းဖြင့် တန်ဖိုးသင့်တွက်ချက်မှုအရ ကျပ်‌ငွေသိန်း‌ပေါင်း နှစ် ‌သောင်းငါး‌ထောင်ခန့်နှင့် တန်ဖိုးမဖြတ်ရ‌သေး‌သော ပစ္စည်းများကို အနည်းဆုံး‌ဈေးနှုန်းဖြင့် တန်ဖိုးသင့်တွက်ချက်ရာ ကျပ်သိန်း ‌ပေါင်း ငါး‌ထောင်ခန့် တန်ဖိုးဖြတ်၍ စုစု‌ပေါင်းကျပ်သိန်း(၃‌သောင်း)ဟု တင်ပြထား‌ကြောင်းကို သိရှိရပါ‌ကြောင်း၊ ‌ကျောက်စိမ်း (၄၂)တန်နှင့် ပုလဲအလုံး‌ပေါင်း (၁၃၀၀)၏ တန်ဖိုးမပါ‌သေး‌ကြောင်း၊ ၎င်းအပြင် ဤပမာဏမှာ နှစ်လသုံးလအတွင်း ဖြစ်ခဲ့သည့် ပမာဏသာဖြစ်ပါ‌ကြောင်း၊ ထို့‌ကြောင့် ပါဝင်ပတ်သက်သည့်တပ်နှင့် ဌာန(၃)ခုမှ ဝန်ထမ်း (၁၈၆)ဦးသည် တရားဥပ‌ဒေအရ ပြစ် ဒဏ်များ ခံယူသွားပြီဖြစ်‌ကြောင်း”

“— လွန်စွာကြီးမား‌သော ‌ကြောက်မက်ဖွယ်‌ကောင်း‌သော လာဘ်ယူမှုဖြစ်ပါ‌ကြောင်း၊ အချို့အမှုများမှာ လူကိုယ် ရင်းနှီး‌ပေးရ သည့် အမှုများရှိ‌ကြောင်း —”လို့ လက်ဦးမှုရသွားတဲ့ ဗိုလ်သန်း‌ရွှေတို့အုပ်စုက ဖွင့်ချပါတယ်။ ဒီဇာတ်လမ်းမှာ‌တော့ ဗိုလ်‌ရွှေမန်း က ဇာတ်လိုက်‌ကျော်ကြီးဖြစ်ပြီး ဗိုလ်ခင်ညွန့်ဟာ တကယ့်လူဆိုးလူယုတ်မာ ဗီလိန်‌ပေါ့။ တကယ်‌တော့ သူတို့ဟာ အတူတူနဲ့ အနူနူပါပဲ။ လက်ဦးတဲ့သူက လက်ညှိုးထိုးကြတာပါ။

ဒီရှင်းလင်းချက်ထဲမှာပါတဲ့ ဒီလာဘ်စားမှုပမာဏဟာ (၂၀၀၄ခုနှစ်) “အနည်းဆုံး‌ဈေးနှုန်းနဲ့ တန်ဖိုးဖြတ်တာ”ဆိုတဲ့အချက်နဲ့ “နှစ် လ သုံးလတွင်း ဖြစ်ခဲ့သည့်ပမာဏ” ဆိုတဲ့အချက်ကို သတိပြုရမှာပါ။ ဗိုလ်ခင်ညွန့်လက်‌စောင်းထက်ခဲ့တာ (၁၉၈၈က‌နေ ၂၀၁၄ အထိဆိုရင်) ၁၆နှစ်နီးပါး ရှိပါတယ်။

လူငယ်‌တွေရဲ့အနာဂတ်ကို ဖျက်ဆီးပါတယ်ဆိုတဲ့ ဘိန်းဖြူထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချသူ ဘိန်းဘုရင်‌တွေကို လွတ်ငြိမ်းချမ်းသာ ခွင့်‌ပေး။ ငြိမ်းချမ်း‌ရေးအကျိုး‌တော်‌ဆောင်၊ တိုင်းရင်းသားလုပ်ငန်းရှင်ကြီး‌တွေလို့ ဂုဏ်တင်‌ပေးခဲ့ပြီး ဒီမိုက‌ရေစီ‌တောင်းဆိုတဲ့ လူငယ်‌ကျောင်းသား‌တွေကို အာဃာတ အညှိုးကြီးမားစွာနဲ့ ‌ထောင်ထဲ၊ ‌တောထဲမှာ ‌ချေမှုန်းပစ်ခဲ့တာ ဒီစစ်အုပ်စုပါပဲ။

နိုင်ငံ‌ရေးနဲ့‌တော်လှန်‌ရေး မလုပ်ရင်ပြီး‌ရော တခြားဘာပဲလုပ်လုပ်ဆိုပြီး ‌ကျောင်းသားလူငယ်‌တွေကို အရက်ဘီယာ၊ မူးယစ်‌ဆေး ဝါးနွံထဲတွန်းပို့ခဲ့တာလည်း ဒီစစ်အုပ်စုပါပဲ။ တက္ကသိုလ်‌တွေကို မြို့နဲ့‌ဝေးရာသို့ စီမံချက်ချပြီး ‌ရွှေ့‌ပြောင်းပစ်ခဲ့တာလည်း ဒီစစ် အုပ်စုပဲ ဖြစ်ပါတယ်။

အခု‌တော့ အဲဒီလိုအာဃာတ အညှိုးအ‌တေး‌တွေက အ‌တောင်အလက် စုံလာခဲ့ပါပြီ။ မူးယစ်‌ဆေးဝါးနဲ့ ဒုစရိုက်မှုမျိုးစုံဟာ ‌ကြောက်မက်ဖွယ်ရာ ကြီးမားကျယ်ပြန့်လာ‌နေပါပြီ။ ခြိမ်း‌ခြောက်တဲ့အဆင့်ကို ‌ကျော်လွန်လာပြီး အန္တရာယ်‌ပေးတဲ့အဆင့်ကို ‌ရောက်‌နေပါပြီ။ ပြည်သူ‌တွေရဲ့‌နေ့စဉ်ဘဝဟာ လုံခြုံမှုကင်းမဲ့‌နေပါပြီ။

ဒီကိစ္စ‌တွေနဲ့ပတ်သက်ပြီး ပြည်ထဲ‌ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး‌ကျော်‌ဆွေက အခုလို ဖွင့်ဟဝန်ခံထားပါတယ်။

“နိုင်ငံ‌တော်အစိုးရအဆက်ဆက် မူးယစ်‌ဆေးဝါးအန္တရာယ်ပ‌ပျောက်‌ရေးအတွက် အစွမ်းကုန်ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြ‌သော် လည်း မူးယစ်‌ဆေးဝါးပြဿနာကို ထိန်းချုပ်ထားနိုင်စွမ်းမရှိဘဲ ပိုမိုဆိုးဝါးလာသည်ကို ‌တွေ့ရှိရ‌ကြောင်း ”။

တကယ်‌တော့ (နဝတ-နအဖ) စစ်အုပ်စုအုပ်စိုးခဲ့တဲ့ ကာလဟာ ဒုစရိုက်မှုမျိုးစုံ သ‌န္ဓေတည်‌ပေါက်ဖွား‌စေတဲ့ ကာလ၊ အ‌တောင် ‌ပေါက်‌သောင်းကျန်းတဲ့ကာလဖြစ်ပါတယ်။ မြန်မာနို်င်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ငါးနှစ်တစ်ကြိမ် လူသတ်မှုနှုန်းထားကို ပြန်လည် ‌လေ့ လာကြည့်လျှင် ၁၉၈၅ မှ ၁၉၉ဝ ပြည့်နှစ်အတွင်း လူသတ်မှုနှုန်း အမြင့်မားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ယခုနှစ်ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ရှစ်လတာကာလအတွင်း လူသတ်မှု ၁၁၇ ခု၊ မုဒိန်းမှု ၁၃ဝ ၊ လုယက်မှု ၁၁၇ မှုဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ၂၀၁ဝပြည့်နှစ်မှ ယခုနှစ်ဩဂုတ်လအထိ လူသတ်မှု ၈၇၄ မှုဖြစ် ပွားခဲ့ ပါတယ်။ ဒီနှုန်းထားဟာ တစ်လလျှင်လူသတ်မှု ၁၄မှု‌ကျော်ဖြင့် နှစ်ရက်လျှင် လူသတ်မှုတစ်ခုဖြစ်ပွား‌နေတဲ့ အ‌နေအထား ဖြစ်ပါ တယ်။

ဒီလို ဒုစရိုက်မှုမျိုးစုံနဲ့အတူ ဒီပဲယင်းအကြမ်းဖက်မှု၊ ‌ရွှေဝါ‌ရောင်သံဃာလှုပ်ရှားမှုအား အကြမ်းဖက်နှိပ်ကွပ်မှု၊ လက်ပံ‌တောင်း၊ လက်ပံတန်း‌ကျောင်းသားသပိတ် အကြမ်းဖက်မှု၊ ဘာသာ‌ရေး၊ လူမျိုး‌ရေး အကြမ်းဖက်သတ်ဖြတ်မှု‌တွေ”နဲ့လည်း အုပ်စိုးသူစစ် အုပ်စုက တစ်ဖက်က‌နေ ဆီ‌လောင်းမီးထိုး‌ပေးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှု၊ မူးယစ်‌ဆေးဝါးမှု စတဲ့ ဒုစရိုက်မှုမျိုးစုံ‌ကြောင့် ‌သေ‌ကြေကြရတာ‌တွေဟာ “၇ရက် ဇူလိုင်”လို၊ “၁၉၈၈ ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီး”လို နိုင်ငံ‌ရေးလှုပ်ရှားမှုကြီး‌တွေ ‌ပေါ်‌ပေါက်လာတဲ့အခါ ပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်တဲ့ စံချိန်ကို‌တော့ မှီနိုင်လိမ့်မယ် မထင်ပါဘူး။ ဒီလိုသတ်ဖြတ်မှု‌တွေဟာလည်း ရာဇဝတ်ပြစ်မှုကြီး ‌တွေပဲ မဟုတ်ပါလား။

အရက်ပြဿနာကို အရက်ပုန်းဆိုင်ဖမ်းရုံဖြင့် မ‌ဖြေရှင်းနိုင်သလို၊ မူးယစ်‌ဆေးဝါးပြဿနာကိုလည်း ပိုင်ရှင်မဲ့အဖမ်းပြ‌နေရုံဖြင့် အမြစ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပါ။ ထိုနည်းတူပါပဲ။ အကျင့်ပျက်ခြစားမှုများကိုလည်း အ‌ကောင်‌သေးအ‌ကောင်မွှား‌လေး‌တွေ အဖမ်းပြ၊ ဖြုတ်ထုတ်ပြ‌နေရုံနဲ့ လုံးဝ တိုက်ဖျက်နိုင်လိမ့်မည်မဟုတ်ပါ။ ထိုနည်းလမ်းများမှာ ကိုင်းဖျားကိုင်းနားခုတ်နည်း၊ တံစက် မြိတ်ကို ယိုးမယ်ဖွဲ့‌နေသည့် နည်းလမ်းများသာဖြစ်ပါတယ်။ ကင်ဆာ‌ရောဂါကို ‌ဆေးမြှီးတိုနဲ့ကု‌နေတဲ့ ကုနည်းမျိုးသာဖြစ်ပါတယ်။ တကယ်ရှင်းလင်း၊ ကုသရမယ့်နည်းလမ်းမှာ အရင်းအမြစ်ဖြစ်တဲ့ ၁၉၆၂မှ စတင်ခဲ့‌သော စစ်အုပ်စုအုပ်စိုးမှုကို အကုန်အစင် ဖျက် သိမ်းပစ်ရမှာ ဖြစ်ပါတယ်။

ဤသို့ပြုလုပ်နိုင်မှသာလျှင် တိုင်းပြည်နှင့် ပြည်သူလူထုအား စွဲကပ်ခြိမ်း‌ခြောက်‌နေ‌သော ကပ်‌ရောဂါဆိုးကြီး ၃ခုကို ‌အောင်မြင်စွာ ‌ချေမှုန်းသုတ်သင်နိုင်ပါလိမ့်မယ်။

ကိုးကား
– – မူးယစ်‌ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲ‌စေ‌သော ‌ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်‌ရေးဗဟိုအဖွဲ့ (၁/၂၀၁၆) အစည်းအ‌ဝေး (၃-၈-၂၀၁၆) မြန်မာ့အလင်းသတင်းစာ။

– – နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီဝင် ဗိုလ်ချုပ်ကြီးသူရ‌ရွှေမန်းနှင့် နိုင်ငံ‌တော်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် ကြီးစိုးဝင်းတို့၏ ရှင်းလင်းချက် အပြည့်အစုံ (၂၄-၁၀-၂၀၀၄)
– – ‌ကြေးမုံသတင်းစာ၊ အာ‌ဘော် (၁၀-၉-၂၀၁၆)