စက်တင်ဘာ ၁၃ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ဖားအံခရိုင်နှင့် ဖာပွန်ခရိုင်ထိစပ်ဒေသဖြစ်သည့် မယ်သဝေါ ဒေသတွင် အစိုးရစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF)တို့မှ စစ်ရေး လှုပ်ရှားနေမှုများ ပြုလုပ်နေသည့် အပေါ် KNUက ကန် ့ကွက်ကြောင်း ယနေ ့(စက်တင်ဘာ ၁၃)နေ့စွဲဖြင့် သဘောထား ထုတ်ပြန် ပြောဆိုလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNU တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲက “ ကျနော်တို့ NCA လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးဖော်ဆောင်နေတာတောင်မှ ဒီနယ်မြေတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေဘာကြောင့်ဖြစ်နေရလဲ ဆိုပြီးပြည်သူတွေက သို့လောသို့လော ဖြစ်လာတယ်။ ပြည်သူ လူထု တွေရဲ့ ယုံကြည်မှုလည်း ကင်းမဲ့လာနိုင်တယ်။ နောက်ဆက်တွဲ ဆိုးကျိုးလေးတွေ မဖြစ်လာအောင် ကျနော် တို့သဘောထား ထုတ်ပြန် ရတာဖြစ်ပါတယ်”ဟု ကေအိုင်စီသို ့ ပြောသည်။
ထို ့အပြင် မယ်သဝေါဒေသ စစ်ရေးပဋိပက္ခများကြောင့် ပြည်သူထုများ စိုးရိမ်ပူပမ်းမှု၊ အတိဒုက္ခရောက် မူများကို ဖြစ်စေပြီး နယ်မြေမတည်ငြိမ်မှုကိုလည်းဖြစ်ပေါ်စေကာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေမည့် ပြဿာနာများပေါ်ပေါက်လာမည်ကို စိုးရိမ်သည်ဟု KNU ၏သဘော ထားထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မယ်သဝေါ ဒေသတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ အစိုးရ တပ်မတော်၊ နယ်ခြားစောင့်တပ် BGF နှင့် DKBA တို့ စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲများဖြစ်ပွား လျက်ရှိပြီး ယင်းဒေသသည် KNU လက်အောက်ခံ နယ်မြေများဖြစ်သည့် ဖားအံခရိုင် (တပ်မဟာ ၇)၊ ဖာပွန်ခရိုင်
(တပ်မဟာ ၅)တို့ နှင့်နယ်မြေချင်း ထိစပ်နေသည့် နေရာများဖြစ်ကြောင်း သိရသည်။
ထို ့အပြင် KNU နယ်မြေအတွင်း ထပ်မံ ဖြစ်ပေါ်လာသည့် စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ထံ စက်တင်ဘာလ ၁ဝ ရက်နေ့ တွင် စာရေးသား ပေးပို့ထားသည်ဟု KNU တာဝန်ရှိသူများထံမှ သိရသည်။
လက်ရှိ မယ်သဝေါဒေသတွင် ယနေ့ (စက်တင်ဘာလ ၁၃ ရက်နေ့) အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုများနှင့်ပတ်သက်၍ သီးခြား အတည်မပြုနိုင်သေးသလို အဆိုပါစစ်ရေးဖြစ်ပေါ်နေမှုများကို တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းဖြင့်သာ ဆက်လုပ်ဆောင်သွား မည်ဟု KNU ဘက်မှ ပြောဆို ထားသည်။
အစိုးရ နယ်ခြားစောင့်တပ် BGF နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တို့ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ မယ်သဝေါဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ယင်းတိုက်ပွဲ များကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့စာရင်းအရ မယ်သဝေါဒေသတွင်းရှိ ဒေသခံ ၃,၈၁၃ ဦး မြိုင်ကြီးငူတွင် ခုံလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။



















