စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မယ်သဝေါဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြိုင်ကြီးငူ စစ်ရှောင် စခန်းသို ့ရောက်ရှိလာသည့် ကလေးများအတွက် ယာယီပညာသင်ကြားရေး ဌာန ၃ သုံးခု ဖွင့်လှစ်ပေးထားသည်ဟု မယ်သဝေါ ဒေသအုပ်စုမှူး ဆရာစိုင်းမျိုးညွန့်က ကေအိုင်စီသို ့ယနေ ့ပြောသည်။
အဆိုပါ ယာယီပညာသင်ကြားရေး ဌာန ၃ ခုကို မြိုင်ကြီးငူရှိ ပန်းဝတ်မှုံ ခန်းမ၊ နှစ်သစ်ကူးကွင်း ခန်းမနှင့် ချယ်ရီမြိုင် ဓမ္မာရုံတို့ ၌ ဖွင့်လှစ်ထားပြီး ဆရာ၊ ဆရာမ ၄၇ ဦးဖြင့် ကျောင်းသူကျောင်းသား ၂၀ဝ ခန် ့ကို စက်တင်ဘာ ၁၃ ရက်နေ ့မှစတင်ကာ သင်ကြားပေးနေခြင်း ဖြစ်သည်ဟု ၎င်းက ယခုလိုပြောသည်။
“ ကျနော်တို့ ဒေသတွင်းက ဆရာ၊ ဆရာမတွေစုပြီး ဒီမှာသင်ပေးနေတယ်။ ကိုယ်တာဝန်ကျတဲ့ ဒေသမှာ စစ်ဖြစ်တာနဲ့ ကြုံနေတဲ့အတွက် ရွာတွေမှာ ကျန်နေခဲ့ကြတဲ့ ခလေးတွေကို အရမ်းဘဲစိတ်ပူတယ်။ ရွာတွေမှာ သူတို့စာသင်ပျက်မယ်။ ဒီစစ်ဖြစ်နေတာက ကြာမလား ရပ်မလားမသိရတော့ ခလေးတွေအတွက် တွေးပူတယ်” ဟု ဆရာစိုင်းမျိုးညွှန် ့ပြောသည်။
လက်ရှိ မြိုင်ကြီးငူ ပန်းဝတ်မှုံ ခန်းမဆောင်၌ မူလတန်းမှ စတုတ္ထတန်းထိ အတန်းစုံ ကျောင်းသား ၈၁ ဦး၊ နှစ်သစ်ကူး ကွင်းခန်းမ၌ အတန်းစုံကျောင်းသား ၈၆ ဦးနှင့် ချယ်ရီမြိုင် ဓမ္မာရုံ၌ အတန်းစုံ ကျောင်းသား ၃ဝ ဦး ကိုသင်ကြားပေးနေခြင်း ဖြစ်သည်။
ထိုသို ့သင်ကြားရာတွင် ပြည်နယ်ပညာရေးဌာနမှ ကျောင်းသုံးစာအုပ်၊ သင်ရိုးပြဌာန်းစာအုပ် ကျောင်းဝတ်စုံ များနှင့် ဘောပင်၊ ခဲတံများကို ထောက်ပံ့ပေးထားသလို တခြားလိုချက်များကိုလည်း စေတနာရှင်များ လူမှု့ ရေးပရဟိတအဖွဲ့များက ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးထားသည်ဟု ယာယီပညာကြားရေးဌာန တာဝန်ရှိသူ များထံမှ သိရှိသည်။
မယ်သဝေါဒေသတွင်း ယခုလ ၂ရက်နေ့မှ စတင်ကာ ယနေ ့ထိ အစိုးရတပ်၊ နယ်ခြားစောင့်တပ်နှင့် DKBA တို ့အကြား နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာသောကြောင် ့ ယာယီခိုလုံ ရေးစခန်းများတွင် လာရောက်ခိုလှုံနေသူ မိသားစုပေါင်း ၆၇၁ စုမှ စုစုပေါင်းလူဦးရေ ၃,၈၄၆ ဦးရှိပြီး ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် မယ်သဝေါ ဒေသတွင်မူလတန်း ကျောင်း ၁၂ ကျောင်း ပိတ်ထားရသလို တိုက်ပွဲ ဖြစ်နေရာများတွင် ကျန်ရှိနေသော ကျောင်းသားများအတွက် ပညာသင်ပေးရန် လက်လှမ်းမမှီ ဖြစ်နေ သေးကြောင်း ဒေသခံကျောင်းဆရာများ ထံမှသိရှိသည်။



















