စက်တင်ဘာ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်တိုက်နယ်၊ ဇီးဖြူကုန်းရပ်တွင် နယ်ခြားစောင့်တပ်-BGF အမှတ်(၁၀၂၁)တပ်ရင်းမှ တပ်မိသားစုဝင်များနေထိုင်သည့်မြေပေါ်တွင် မူလမြေပိုင်ရှင်ဘက်မှ ပြန်လည်ရ လိုကြောင်း ယခုနှစ် မေလက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ကော့ကရိတ်ခရိုင်တရားရုံးမှ လက်ရှိ အချိန်ထိအမိန့်ချမှတ်နိုင်မှုမရှိသေးဟု မူလမြေပိုင်ရှင်များဘက်က ပြောသည်။
ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်မှစပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကရင်ပြည်နယ်အစိုးရ၊ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးအထိ စာတင်တောင်းဆိုမှုအပြင် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များမှ ညှိနှိုင်းဖြေရှင်း၍ မပြေလည်သည့်အတွက် တရားရုံးသို့ဦးတိုက်လျှောက်ထားရာ BGF ဘက်မှရုံးချိန်း ပျက်ကွက်မှုရှိခဲ့ခြင်းကြောင့် ထို့သို့ အမိန့် မချမှတ်နိုင်ခြင်းဖြစ်သည်ဟု မူလမြေပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ရွှေသင်က ကေအိုင်စီသို့ပြောသည်။
သူမက “ခလယ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ငါးကြိမ်၊ ကြာအင်းဆိပ်ကြီး အုပ်ချုပ်ရေးမှုးရုံးမှာ(၂)ကြိမ်၊ အခု ကော့ကရိတ်ခရိုင် တရားရုံးမှာရုံးချိန်းလည်းများနေပြီ။ ခုထိအမိန့်မချမှတ်နိုင်သေးဘူး။ သားသမီးတွေနေထိုင်ဖို့ နေစရာမြေလည်းမရှိဘူး။ နိုင်ငံတော် အကြီးအကဲအားလုံးပဲ။ ကျမတို့ဒီမြေနဲ့ပတ်သက်ပြီး ပြန်နေချင်တယ်။ ပြန်လည်နေရာချပေးကြပါ။”ဟု စက်တင်ဘာ ၇ ရက်နေ့က ပြောသည်။
(၁၉၉၅-၁၉၉၆)ခုနှစ်၌ ကရင်အမျိုးသားအစည်းအရုံး-KNUမှ ခွဲထွက်လာသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBAမှ ဗိုလ်မှူးစောအောင်ကြည်ဝင်းဦးစီးသည့် အမှတ်(၉၀၆) တပ်ရင်းသည် ၎င်းတို့တပ်ဖွဲ့ဝင်များ ခေတ္တနေထိုင်ခွင့်ပြုပေးရန် တောင်းဆိုခဲ့ရာတွင် ဆရာတော်များနှင့်မြေပိုင်ရှင်များမှ ယာယီနေထိုင်ခွင့်ပြုထားခြင်းဖြစ်သည်ဟု မြေပိုင်ရှင်ဘက်က ပြောသည်။
(၂၀၀၁)ခုနှစ်တွင် ဗိုလ်မှူးစောအောင်ကြည်ဝင်းသေဆုံးသွား၍ ဗိုလ်မှူး စောဉာဏ်မင်း ပြန်လည်လွှဲ ပြောင်းတာဝန်ယူစဉ် နိုင်ငံတော်မှ BGFအသွင်ပြောင်းရန်ဖိအားပေးလာသည့်အတွက် ဗိုလ်မှူး စောဉာဏ်မင်းက DKBAမှ နှုတ်ထွက်ခဲ့ပြီးနောက် ၂၀၁ဝခုနှစ်တွင် ဗိုလ်မှူးမန်းဝင်းယုံ တာဝန်လွှဲပြောင်ခြင်းခံရချိန်မှစကာ မူလမြေပိုင်ရှင်မိသားစုများက ထိုမြေနေရာအား ပြန်လည်ရယူရန် တောင်းဆိုလာခြင်းဖြစ်သည်။
BGF အမှတ် (၁၀၂၁)ဒုတပ်ရင်းမှူး ဗိုလ်မှူးမန်းဝင်းယုံက “၂၀၁ဝမှာ ကျနော်တို့က DKBAကနေ BGF အသွင်ပြောင်းတဲ့အချိန်မှသာ ဒီနေရာကို ကျနော်တာဝန်လွှဲအပ်ပေးခြင်းခံရတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တစ်ယောက်တည်း ဆုံးဖြတ်ခွင့်မရှိပါဘူး။ ကျနော်အထက်ကလူကြီးတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှသာ ဆုံးဖြတ်ချက်ချနိုင်မယ်”ဟု ဧပြီလ(၂၄)ရက်နေ့က ကေအိုင်စီသို့ ပြောဆိုထားသည်။
၎င်းမြေနေရာကို ကိုယ်တိုင် နေခွင့်ပြုသူ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် ခလယ်တောင်ပကျောင်း ဆရာတော် ဦးသုဇာတက“သူတို့နေစရာမရှိလို့ ငါကိုယ်တိုင်မြေနေရာပေးပြီး ယာယီပေးနေထားတာ။ သူတို့လူများလာလို့ ဒေါ်ရွှေသင်တို့ အမေခြံဘက်ကနေ ခုတ်ထွင်ရှင်းလင်းပြီး ပြန်ပေးနေထားတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ရွာသား အချင်းချင်းဘဲ ။ အခုဒီမြေက တပ်နဲ့ဘာမှမဆိုင်ဘူး။ တပ်ပြင်ပမြေဘဲ။
တပ်နေထိုင်ဖို့အတွက် ဖာသိမ်ရွာဘက်မှာ နေရာပေးထားပြီးသား”ဟု ကေအိုင်စီသို့ မိန့်ကြားသည်။
မူလမြေပိုင်ရှင်၏ အဆိုအရ ၎င်းတို့မြေပိုင်ဆိုင်မှုအမှန်မှာ ငါးဧကဖြစ်သော်လည်း နယ်မြေမငြိမ်းချမ်းသည့်ကာလက ခလယ်-တံခွန်တိုင် တိုက်နယ်မြို့ပိုင်ရုံးတာဝန်ရှိသူမှ ဦးပိုင်ဧရိယာအမှတ် N-16 အရ ၁.၂ဝဧကဖြင့် ခန့်မှန်းတိုင်းတာပေးထားပြီး လက်ရှိ BGF မိသားစုဝင် အိမ်ထောင်စု (၇)စု နေထိုင်လျှက်ရှိသည်။



















