Home သတင်း ကရင်ပန်းချီ ဆရာ၊ ဆရာမ ၃၆ ဦးစု‌ပေါင်း၍ ၆ ကြိမ်‌မြောက် ကရင်ဒိုင်ယာရီ ပန်းချီပြပွဲ ပြုလုပ်

ကရင်ပန်းချီ ဆရာ၊ ဆရာမ ၃၆ ဦးစု‌ပေါင်း၍ ၆ ကြိမ်‌မြောက် ကရင်ဒိုင်ယာရီ ပန်းချီပြပွဲ ပြုလုပ်

3110
?

စက်တင်ဘာ ၉ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ ကရင်ပန်းချီဆရာ၊ ဆရာမ ၃၆ ဦးစု‌ပေါင်း၍ ၆ ကြိမ်‌မြောက် ကရင်ဒိုင်ယာရီ ပန်းချီပြပွဲ ဖွင့်ပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ ‌လောကနတ် ပန်းချီပြခန်း၌ စက်တင်ဘာ ၉ ရက်‌နေ့(ယ‌နေ့) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ပန်းချီပြပွဲကို စက်တင်ဘာ ၉ မှ ၁၂ ရက်‌နေ့အထိ ‌နေ့စဉ် နံနက် ၉ နာရီမှ ည‌နေ ၅ နာရီထိ ‌လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင် ပန်းချီဆရာ၊ ဆရာမများ၏ ‌ရေ‌ဆေး၊ ဆီ‌ဆေး၊ အယ်ခါလိပ် (A/C)၊ ‌ပေါ့ထရစ် စသည့် ပန်းချီ ၇၃ ကား ပြသသွားမည်ဖြစ်သလို ကရင်ပန်းချီ ဆရာများစုစုစည်းစည်း လုပ်‌ဆောင်နိုင်‌ရေး ရည်ရွယ်ပြုလုပ်သည့် ပြပွဲဖြစ်သည်ဟု ဦး‌ဆောင်စီစဉ်သူ ပန်းချီဆရာ ‌စောသုဓနုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်ဒိုင်ယာရီ ပန်းချီပြပွဲကို ရည်ရွယ်တာက ကရင်ပန်းချီဆရာ၊ ဆရာမ‌တွေစုစုစည်းစည်းနဲ့ ကိုယ့်ယဉ်‌ကျေးမှု၊ အနုပညာကို စု‌ပေါင်း‌ဖော်ထုတ်ကြတာဖြစ်တယ်။ ကျ‌နော်တို့ ကရင်ဒိုင်ယာရီ ပန်းချီ အဖွဲ့အ‌နေနဲ့ အခါအခွင့်သင့်ရင် သင့်သလို ပရဟိတ ရန်ပုံ‌ငွေ ပွဲ‌တွေကိုလည်း စုပြဖြစ်ပါတယ်။ တစ်နှစ်တခါ ပြပွဲလုပ်နိုင်‌အောင် ကြိုးပမ်းသွားမယ်”ဟု ‌စောသုဓနုက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပြပွဲဖွင့်ပွဲသို့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီ (မဟာရန်ကုန်)မှ ဗဟိုအလုပ်မှု‌ဆောင် ‌ကော်မတီဝင်များ၊ ကရင်‌ကျောင်းသူ ‌ကျောင်းသားများ၊ ကရင်စာ‌ရေး ဆရာများနှင့် ရန်ကုန်မြို့‌ပေါ်ရှိ ကရင်အမျိုးသားများအပါအဝင် စုစု‌ပေါင်း ၅ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ပြပွဲတွင် ပန်းချီကား ပါဝင်ပြသသူ ပန်းချီဆရာမ ‌နော်ကဲဒို (NAW K’E DO) က “ကျမ ငယ်ငယ်ကတည်းက ပန်းချီဆွဲတာ ဝါသနာပါ‌ပေမဲ့ အ‌ခြေခံကျကျ‌လေ့လာဖို့ ‌နေရာမရှိဘူး။ ကြီးလာမှပဲ ပန်းချီ ဆရာကြီး‌တွေဆီမှာ သင်ယူ‌လေ့လာပြီး အခုလို ဆွဲနိုင်တာပါ။ နိုင်ငံတကာမှာ‌တော့ ပန်းချီပညာကို အ‌ခြေခံ‌ကျောင်းမှာထဲက သင်လို့ ရတယ်။ ကျမတို့ဆီမှာ အဲ့လိုသင်ရင် ဝါသနာပါတဲ့ က‌လေး‌တွေအတွက် အ‌ခြေခံ‌ကောင်း ‌တွေရနိုင်တယ်။ ဒါမှ ပန်းချီ‌လောက ပိုတိုးတက်မယ်လို့ မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင် ဒိုင်ယာရီပန်းချီပြပွဲ ၄ ကြိမ်နှင့် ၅ ကြိမ်‌မြောက် ပြပွဲကို ကရင်ပြည်နယ် ဖားအံမြို့၌၂၀၁၄-၁၅ ခုနှစ်တွင် နှစ်ကြိမ်ဆက်ကျင်းပခဲ့ပြီးဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၆ ‌မေလအတွင်းက ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ‌ဒေါက်တာ စင်သီတာ‌မောင်၏ မယ်‌တော်‌ဆေးခန်းသစ်ဖွင့်ပွဲတွင် ရံပုံ‌ငွေ ပန်းချီပြပွဲပြုလုပ်ခဲ့‌သေး‌ကြောင်း သိရသည်။