ဩဂုတ် ၂ဝရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
၈၈ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံးက ဦးဆောင်၍ ကရင်ပြည်နယ်မှ ဒေသခံတချို့သည် ဩဂုတ်လ ၃၁ရက်နေ့တွင် ကျင်းပမည့် ၂၁ရာစုပင်လုံညီလာခံကို ထောက်ခံသည့်အနေဖြင့် ဩဂုတ်လ ၂ဝရက် (ယနေ့)တွင် ဖားအံမြို့၌ လမ်းလျှောက်ချီ တက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
၈၈ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံးမှ စောမောင်ကြီးက “ကျနော်တို့ တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးကို အလိုရှိတယ် ဆိုတာ ဖော်ထုတ်ပြသတာပဲ။ အဓိက ငြိမ်းချမ်းရေးရပြီးရင် အသိမ်းဆည်းခံ လယ်ယာမြေသမားတွေက ကောင်းမွန်တဲ့ အကျိုး ဆက်ကို ခံစားရမှာဖြစ်လို့ ငြိမ်းချမ်းရေးညီလာခံသွားနေတဲ့ခေါင်းဆောင်တွေ ပြည်သူလူထုလိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို ပြန် လှည့်ကြည့်ကြပါလို့ ပြောချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
နံနက် ၈နာရီမှ ၉နာရီအထိ ပြုလုပ်သော ၎င်းဆန္ဒထုတ်ဖော်မှုတွင် ဖားအံမြို့နယ်ရှိ ကော့စာကလို၊ ကော့ကမာ၊ လှာကေဒေါင်၊ ကျောက်ကလပ် အပါအဝင် ကျေးရွာပေါင်း ၁ဝရွာမှ လူဦးရေ ၇ဝဦးကျော် ပါဝင်ပြီး ၂၁ရာစုပင်လုံ ကြိုဆိုထောက်ခံရေး၊ တိုင်း ရင်းသားပေါင်းစုံပါဝင်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံအားမာန်နှင့် ပင်လုံ၏ဇွဲ တည်တံ့ခိုင် မြဲရေး စသည့်ကြွေးကြော်သံများဖြင့် ဖားအံမြို့ အာဇာနည်ကျောက်တိုင်မှ အောင်သံလွင် အားကစားကွင်းအထိ လမ်းလျှောက်ချီ တက်ခဲ့ကြသည်။
ကော့စကလိုကျေးရွာသား စောအထွန့်က “ကျနော်တို့က ၂၁ရာစုပင်လုံကို ထောက်ခံတဲ့သဘောနဲ့ ပါဝင်ဆောင်ရွက်တာဖြစ် တယ်။ ပြီးတော့ လယ်ယာမြေ အသိမ်းခံထားရတာနဲ့ပတ်သက်ပြီး ဆန္ဒပြဖူးတယ်။ အခုတော့ လယ်တွေတော့ ပြန်ရရှိပါပြီ။ ပြီး တော့ ၂၁ပင်လုံကြိုဆိုထောက်ခံတာက ကျနော်တို့ အမေစုလုပ်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုလည်း ကောင်းမယ်လို့ ကျနော် တို့တိုင်းရင်းသားတွေက လာထောက်ခံတာ”ဟု ပြောသည်။
ယခုပြုလုပ်သည့် ဆန္ဒထုတ်ဖော် ချီတက်လမ်းလျှောက်ပွဲမှာ လက်ရှိ ကရင်ပြည်နယ်၏ အစိုးရသစ်လက်ထက်တွင် တရားဝင်ခွင့် ပြုချက်ဖြင့် ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှုတစ်ခု ဖြစ်သည်။
အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ ပါဝင်သည့် ၂၁ရာစုပင်လုံညီလာခံ (ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကို ဩဂုတ်လ ၃၁ရက်နေ့တွင် ကျင်းပမည်ဟု အစိုးရက တရားဝင်ကြေညာထားပြီးနောက် ကရင်ပြည်နယ်အပြင် အခြားသော နယ်အချို့တွင်လည်း ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲများကို အလားတူ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။