ဩဂုတ် ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
တက္ကသိုလ်တက်ရောက်နေကြသည့် ကရင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ဓာတ်မြင့်မားပြီး စည်းကမ်းရှိရှိဖြင့် ပညာကိုရယူကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်သူ မန်းဂျော်နီက ပုသိမ်တက္ကသိုလ်၌ ဩဂုတ်လ ၉ရက်နေ့က ပြုလုပ်သည့် ကရင်မောင်မယ်သစ်လွင်ကြိုဆိုနှုတ်ဆက်ပွဲတွင် ပြောကြားသွားခဲ့သည်။
၎င်းက “တက္ကသိုလ်မှာရောက်ရှိလာတဲ့ ကရင်လူငယ်မောင်မယ်အပေါင်းတို့၊ ကျနော်တို့တတွေသည် ကရင်ဆိုပြီးတော့ နောက် ကျကျန်မနေပါနဲ့။ စိတ်ဓာတ်ကိုမြှင့်ထားပါ။ မြင့်မားပါ။ စည်းကမ်းရှိပါ။ အဲ့ဒီစိတ်ဓာတ် မြင့်မားပြီး စည်းကမ်းရှိပြီးတဲ့နောက်မှာ ပညာကိုရအောင်ယူပါ။ ကရင်တစ်မျိုးသားထဲအတွက် မဟုတ်ပါဘူး။ နိုင်ငံနဲ့ နိုင်ငံ့အကျိုးအတွက် အကောင်းဆုံး ထမ်းဆောင်နိုင် သော ကရင်လူငယ်များဖြစ်ကြပါစေ”ဟု အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ ကျန်နေခဲ့ခြင်းမှာ တိုင်းပြည်တွင် လူသားဆန်သည့် လူမှုရေးစိတ် ဓာတ် ခေါင်းပါးသွားခြင်းကြောင့်ဖြစ်ပြီး ထို့အတွက် ပညာရေးနယ်ပယ်၏ အမြင့်မားဆုံးဖြစ်သော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိကိုယ်ကိုနှိမ့်ချခြင်းဖြင့် စံပြဥပမာကောင်းများဖြစ်ရန် လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ထည့် သွင်းပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်၏ အမှာစကားအပေါ် ၎င်းကြိုဆိုပွဲကို တက်ရောက်ခဲ့သူ ဒုတိယနှစ် ဥပဒေကျောင်းသား စစောဝင်းသူက “အမိမြန်မာ ပြည်ရဲ့အနာဂတ်အတွက် ကျနော်တို့ ကရင်လူမျိုးတွေလည်း တာဝန်ရှိတယ်။ ပြီးတော့ ဝန်းကြီးချုပ်ကလည်း အခုလိုပွဲမှာ တက် ရောက်ပေးလို့ အင်မတန်မှ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီပွဲမှာပါ ဝိုင်းဝန်းပါဝင်ခဲ့ရလို့လည်း အင်မတန်ဝမ်းသာမိသလို နောက်နှစ် တွေမှာလည်း အခုလိုပွဲမျိုးတွေမှာ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ အားအင်တွေရရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပုသိမ်တက္ကသိုလ် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီမှ ကြီးမှူးကျင်းပသည့် ယင်းအခမ်းအနားသို့ တိုင်းဝန် ကြီးချုပ် မန်းဂျော်နီနှင့် အစိုးရအဖွဲ့ဝင်အချို့၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ၊ဆရာမများ၊ ဋ္ဌာနမှူးများ၊ တက္က သိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ယဉ်ကျေးမှုဒုံးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တက္ကသိုလ်များ ရန်ကုန်ကရင်ကျောင်းသားအ ချို့ အပါအဝင် လူဦးရေ (၅၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်အချို့နှင့် ပါမောက္ခချုပ်တို့မှ အမှာစကားပြောကြားခြင်း၊ နောက်ဆုံးနှစ်ကျောင်း သူနှင့် ပထမနှစ်ကျောင်းသားနှစ်ဦးတို့မှ နှုတ်ဆက်စကား၊ မိတ်ဆက်စကား ပြောကြားခြင်း၊ ဘက်စုံထူးချွန်ကျောင်းသား၊ကျောင်း သူများအား ဆုပေးခြင်း၊ ပထမနှစ်၏ King နှင့်Queen ရွေးချယ်ခြင်းအပြင် တက္ကသိုလ်ကရင်လူငယ်မောင်မယ်များမှ ကရင့်ရိုးရာ ဒုံးအကနှင့် ယဉ်ကျေးမှုတေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ကရင်မောင်မယ်သစ်လွင်ကြိုဆိုနှုတ်ဆက်ခြင်းနှင့်ဆုပေးပွဲကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဘွဲ့နှင်းသဘင် ခမ်းမတွင် အခမ်းအနားဖြင့် ပြုလုပ်ရခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သလို တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် တက် ရောက်အမှာစကားပြောကြားမှုမှာလည်း ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။



















