ဩဂုတ် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ယခုနှစ် ဝါခေါင်လအတွင်း ကျရောက်သည့် ကရင့်ရိုးရာလက်ချည်ပွဲ၊ ဩဂုတ် ၁၂ရက်နေ့တွင် ကျရောက်သည့် (၆၆)နှစ်မြောက် ကရင်အာဇာနည်နေ့နှင့် ထိုင်းဘုရင်မိဖုရား (Rajawongse Sirikit Kitiyakara)၏ ၈၄နှစ် မြောက်မွေးနေ့ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေ မြန်မာရွှေ့ပြောင်း စာသင်ကျောင်း၌ ကျောင်းသား၊ မိဘ၊ ဆရာတို့မှ ယနေ့(ဩဂုတ် ၁၁ရက်နေ့) စုပေါင်းကျင်းပခဲ့ကြသည်။
ဆာသူးလေကျောင်းအုပ်ဖြစ်သူ ဆရာမ နော်ဆာအယ်က “ဒီကို ရောက်နေကြတဲ့ ကျမတို့ကရင်လူမျိုးတွေ တစ်နှစ်တစ်ခါဆုံဆည်းနိုင်ဖို့နဲ့ စည်းလုံးမှုကို အတူတကွ ဖော်ပြနိုင်ဖို့ ဖြစ်တယ်။ မိဘတွေရဲ့ ချည်ဖြူထုံး ဖွဲ့ခြင်းဟာ တစ်နှစ်တစ်ခါ ဆုံဆည်းနိုင်ဖို့ဆိုတာကို နောင်လာမယ့် သားသမီး၊ မြေးမြစ် မျိုးဆက်တွေကိုပါ သိဖို့ အတွက်ဖြစ်တယ်။ မိမိရိုးရာယဉ်ကျေးမှုနဲ့ မိမိလူမျိုးရဲ့ သမိုင်းကြောင်းတွေကို မမေ့ပျောက်ကြဖို့ ရည်ရွယ် ကျင်းပတာလည်း ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကျောင်းဆရာဆရာမ၊ ကျောင်းသူကျောင်းသား၊ မိဘများနှင့် လေ့လာသူနိုင်ငံခြားသားများအပါအဝင် လူဦးရေ ၃၀ဝခန့် တက်ရောက်သည့် ၎င်းအခမ်းအနားတွင် ရိုးရာလက်ချည်ပွဲနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခြင်း၊ ထိုင်းမိဖုရားမွေးနေ့(ထိုင်းနိုင်ငံအမေများနေ့)ကို တေးသီချင်းများဖြင့် ဂုဏ်ပြုခြင်း၊ ကရင်ရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်းအပြင် ချည်ဖြူထုံးဖွဲ့ခြင်းကို ရိုးရာနည်းအတိုင်း မိဘဖိုးဖွားများမှ လူငယ်မောင်မယ်များကို လိပ်ပြာခေါ်ချည်ဖြူထုံးရစ်ဖွဲ့ပေးခဲ့သည်။
အခမ်းအနားသို့ ပထမဦးဆုံးတက်ရောက်ဖြစ်သူ နော်စတာရီထွန်းက “မြန်မာနိုင်ငံမှာနေတုန်းက ဒီလိုရိုးရာပွဲမျိုး ကို တစ်ခါမှ မတက်ခဲ့ဖူးဘူး။ ကြားပဲ ကြားဖူးခဲ့တယ်။ ဒီနေ့ပွဲကို သွားတဲ့အချိန်အထိ ပွဲရဲ့ အဓိပ္ပာယ်ကို မသိသေး ဘူး။ ပွဲပြီးမှ အနှစ်သာရတွေနဲ့ ပြည့်နေတာကို သိလို်က်ရတယ်။ ကိုယ့်ရိုးရာကို ဆက်လက်ထိန်းသိမ်းနိုင်သေး တာကို မြင်ရတော့ ဝမ်းသာတယ်။ ဒါကိုလည်း နောက်မျိုးဆက်သစ်တွေအနေနဲ့လည်း မျိုးဆက်တိုင်းမှာ လက်ဆင့်ကမ်းနိုင်ဖို့ လိုတယ်”ဟု ပြောသည်။
ဆာသူလေး မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွင် ကရင်ရိုးရာလက်ချည်ပွဲကို ကျင်းပလာမှုမှာ ၁ဝကြိမ် မြောက်သွားပြီဖြစ်ပြီး ရိုးရာလက်ချည်ပွဲ၊ ကရင်အာဇာနည်နေ့နှင့် ထိုင်းဘုရင် မိဖုရားမွေးနေ့ (ထိုင်းနို်င်ငံ၏ အမေများနေ့)ပွဲ သုံးခု စုပေါင်းပြီး ကျင်းပလာမှုမှာ ၃ကြိမ်မြောက်ဖြစ်သည်။



















