ဩဂုတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင့်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲဓလေ့ကို ဆက်လက်ထိန်းသိမ်းပြီး နှစ်စဉ်နှစ်တိုင်းကျင်းပသွားရန် ဩဂုတ်လ ၁၄ရက်နေ့က ကရင် ပြည်နယ် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၃၉)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မဂင်္လာပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က တိုက်တွန်းပြောကြားလိုက်သည်။
“မိဘဘိုးဘွားတွေက ကျမတို့တွေ မေတ္တာတရားရှိအောင် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေရှိဖို့နဲ့ အန္တရာ်ကင်း အောင်ဆိုပြီး ထားပေးတဲ့ ကျမတို့ ရိုးရာဓလေ့တွေကို ရှိတဲ့လူငယ်တွေက ဆက်လက်ထိန်းသိမ်းထားပေးပါ။ သူများတွေကို ပြော ပြနိုင်ဖို့ ကျမတို့ကရင်လူမျိုးတွေဟာ ချစ်စရာကောင်းတဲ့ မိသားစုစိတ်ဓာတ်ရှိပြီး နွေးနွေးထွေးထွေး ပြန်ဆုံတွေ့နိုင်အောင် ရိုးရာ လက်ချည်ပွဲကို နှစ်တိုင်းကျင်းပရမယ်”ဟု ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က အခမ်းအနား တက်ရောက်သူများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ် ကိုယ်စားပြုသည့် အဆိုပါ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ အခမ်းအနားကို ပြည်နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မ တီက ဦးစီး၍ ပြည်နယ်အစိုးရပိုင် မြို့တော်ခမ်းမတွင် နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိရာ အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် မြို့ခံလူထုအချို့ ပါဝင်ဆင်နွဲ တက်ရောက်ခဲ့ကြသည်။
ယင်းချည်ဖြူဖွဲ့ပွဲသို့ တက်ရောက်သည့် ဖားအံမြို့ခံ လူငယ်တစ်ဦးဖြစ်သူ စောသမော့ဖောင်က “ရိုးရာ လက်ချည်ပွဲလုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် ဒီပွဲ သိပ်သဘောမကျဘူး။ အခမ်းအနားအစီအစဉ် နှစ်ပိုင်း ခွဲထားတယ်။ ပွဲဖြစ်မြောက်ဖို့ အလှူငွေ ထည့်တဲ့လူတွေကို ပွဲပထမပိုင်းမှာ လုပ်တယ်။ ရိုးရာလက်ချည်တာကို ဒုတိယပိုင်းမှာထားတာ စိတ်မကောင်းဘူး။ ကျနော်တို့ ရိုးရာကို ဖော်ထုတ်တာလား။ အလှူငွေထည့်တဲ့ အလှူရှင်နာမည်ကို ဖော်ထုတ်တာလားဆိုတာ မေးခွန်းထုတ်စရာပါ”ဟု သူ့အမြင် ကို ပြောသည်။
ချည်ဖြူဖွဲ့ရိုးရာဓလေ့၏ အနှစ်သာရကို ကရင်လူငယ်များ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ချည်ဖြူဖွဲ့ ပြုလုပ်ရသည့် အဓိပ္ပါယ် ကို သိရှိထားရန် လိုအပ်သောကြောင့် ယခုလိုပွဲမျိုးတွင် ရိုးရာချည်ဖြူနှင့် သက်ဆိုင်သည့် ဉာဏ်စမ်း၊ ကဗျာ၊ စကားရည်လုပွဲလို လည်း ပြုလုပ်စေလိုကြောင်း သူက ဖြည့်စွက်ပြောဆိုသည်။
လက်ချည်ပွဲတော် အခမ်းအနား၌ ပထမပိုင်းအစီအစဉ်တွင် ကရင်ပြည်နယ်ဝန်ကြီး တက်ရောက်အမှာစကားပြောခြင်း၊ ကရင့်ရိုး ရာ ချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ်လာရပုံအကြောင်းများနှင့် ပွဲဖြစ်မြောက်ရေး အလှူရှင်များအား အလှူငွေပေးအပ်ခြင်း ပြုလုပ်ခဲ့ကြပြီး ဒုတိယပိုင်းအစီအစဉ်တွင် ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း၊ ရိုးရာတေးသီချင်းနှင့် အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ရှေးက ကရင်ဘိုးဘွားများက ၎င်းတို့သားသမီးများ သဘာဝဘေးဒဏ်မှ ကင်းဝေးရန်နှင့် တဦးနှင့်တဦး လွယ်ကူစွာ မှတ်မိစေနိုင် ရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ဖွဲ့ထုံးခြင်းကို ဝါခေါင်လတွင် အစပြု လုပ်ဆောင်ခဲ့ရာမှ ကရင်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာပွဲ တော် ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ ချည်ဖြူဖွဲ့ရာတွင် ကရင်လူမျိုး နေထိုင်ရာဒေသများအလိုက် ပွဲတော်များအဖြစ် ကျင်းပခဲ့ကြ သကဲ့သို့ နေအိမ်အတွင်း မိသားစုအလိုက် ကျင်းပခြင်းများလည်း ပြုလုပ်လေ့ရှိကြသည်။
ကရင်ရိုးရာချည်ဖြူထုံးဖွဲ့ရာတွင် ချည်ဖြူ၊ ရေ၊ ထမင်းဆုပ်၊ ကြံ၊ ငှက်ပျောသီး၊ ပန်းနှင့် ကောက်ညှင်းထုပ် စသည့်ပစ္စည်း ၇မျိုးနှင့် အတူ မောင်နှံစုံ ဘိုးဘွားများက ဆုတောင်းဂါထာ ရွတ်ဖတ်ကာ လက်တစ်ဖက်ချင်းစီ ရစ်ပတ်ပေးရခြင်းဖြစ်ပြီး ထိုရိုးရာပွဲမှာ
ကိုးကွယ်ရာဘာသာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကရင်လူမျိုးတိုင်း ပါဝင်ဆင်နွဲနိုင်သည့် ဓလေ့ထုံးတမ်းပွဲတော်တစ်ခုဖြစ်သည်။



















