ဩဂုတ် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
ရေကြီးရေလျှံမှုများကို ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ထိုင်းနိုင်ငံအခြေ စိုက် ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာန(RIMRS)နှင့် Christian Aid အဖွဲ့တို့ ပူးပေါင်း၍ ပထမ အကြိမ်မြောက် ဒေသခွဲဆိုင်ရာ မုတ်သုံဖိုရမ်ကို ဖားအံမြို့၊ သီရိဖားအံဟိုတယ်၌ ဩဂုတ်လ ၁၅ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။
တစ်ရက်တာ ကျင်းပသည့် အဆိုပါဖိုရမ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေအရင်းအမြစ် ဦးစီးဌာန အပါအဝင် ဌာနပေါင်း ၁၈ခုမှ လူဦးရေ ၅၀ကျော်တက်ရောက်ကာ လက်ရှိ ဖြစ်ပေါ်နေသော ရာသီဥတု အခြေအနေများ၊ မိုးနှောင်းကာလအ တွက် ကြိုတင်ပြင်ဆင်မှုများ၊ အမျိုးမျိုးသော သဘာဝဘေးအန္တရာယ် ပြဿနာများကို အုပ်စုဖွဲ့၍ အဖွဲ့လိုက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဖိုရမ်ကျင်းပခြင်းအပေါ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက “အခုလို ဒေသတွင်း မုတ် သုံဖိုရမ်ကို လုပ်ရတာက ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေ မိုးလေဝသ သတင်းအမှန်ကို ယုံကြည်စွာနဲ့ ကြိုတင်အလေးထား ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်စေချင်လို့ပါ။ ဖားအံက နှစ်စဉ်လည်း ရေကြီးတဲ့အထဲမှာ ပါ တယ်။ အခု လာနီညာနှစ်ဆိုတော့ ရေပိုကြီးတတ်လို့ပါ”ဟု ကေအိုင်စီသို့ ပြောသည်။
သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုများ မဖြစ်စေရန် တားမြစ်နိုင်ခြင်းမရှိဘဲ ပြောင်းလဲမှုများအပေါ်တွင် လိုက် လျောညီထွေ နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများသာ ဝိုင်းဝန်းလုပ်ဆောင်စေလိုပြီး သက်ဆိုင်ရာဌာနများအနေဖြင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ကာ လက်တွေ့ရင်ဆိုင်ရပါက ဆုံးရှုံးမှုနည်းစေရန် ယခုလို ဖိုရမ်ပြုလုပ် ဆွေးနွေးရခြင်းဖြစ်ကြောင်း လည်း သူမက ဆက်ပြောသည်။
ယင်းဖိုရမ်တက်ရောက်သည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆယ်မြောင်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က လည်း “ရာသီဥတုဆိုတာ စိုက်ပျိုးရေးနဲ့ အဓိက ဆက်စပ်နေပြီး မိုးလေဝသခန့်မှန်းတဲ့ အသုံးအနှုန်းတွေ သိရဖို့နဲ့ ကျနော်တို့ဌာန ကနေ ရေဘေးကာကွယ်တဲ့နေရာမှာ ဘယ်လို ပူးပေါင်းပါဝင်နိုင်မယ်ဆိုတဲ့ အမြင်ချင်း ဖလှယ်နိုင်ဖို့ ဒီဖိုရမ်ကို တက်ရောက်တာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယခု ၂၀၁၆ခုနှစ်အတွင်း ဩဂုတ်လ ၈ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အလားတူ မုတ်သုံဖိုရမ်ကို ကျင်းပလာခဲ့သော်လည်း ကရင်ပြည်နယ်တွင် ယခု ပထမဆုံးအကြိမ် လာရောက်ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။



















