Home သတင်း ဗိုလ်နားမကြားအဖွဲ့ နှင့် BGF တို့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ‌ဒေသခံ မိသားစုဝင် ၄ဦး ဒဏ်ရာရရှိ

ဗိုလ်နားမကြားအဖွဲ့ နှင့် BGF တို့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ‌ဒေသခံ မိသားစုဝင် ၄ဦး ဒဏ်ရာရရှိ

1816
ဩဂုတ် ၄ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်၊ ‌ကော့နွဲ့နှင့် တတန်ကူး‌ကျေးရွာအကြား ‌ဒေါန‌တောင်‌ခြေ‌ချောင်းဖျား ဘက်ရှိ အာရှလမ်း‌ဘေး အ‌ခြေစိုက် နယ်ခြား‌စောင့်တပ်(BGF) အမှတ် (၁၀၁၇)တပ်ဖွဲ့နှင့် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်နားမကြားအဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ပစ်ခတ်မှုအတွင်း ‌ဒေသခံမိသားစုဝင် ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း ‌ကေအိုင်စီမှ စုံစမ်းသိရှိရသည်။

နယ်‌မြေလုံခြုံ‌ရေး ယူထား‌သော BGF တပ်ဖွဲ့နှင့် ဗိုလ်နားမကြားအဖွဲ့တို့ နှစ်ဘက် လက်နက်ကြီး လက်နက် ငယ်တို့ဖြင့် နာရီဝက်‌ကျော်အကြာ ပစ်ခတ်တိုက်ခိုက်ကြကာ ပစ်ခတ်မှုအတွင်းတွင် တတန်ကူး‌ကျေးရွာ ‌ဒေသခံ ‌စော‌မောင်ငို၏ မိသားစု ‌နေအိမ်ကို ထိမှန်‌သော‌ကြောင့် ‌စော‌မောင်ငို ၄၇နှစ် အပါအဝင် ဇနီး ‌နော်စဲလစ် ၄ဝနှစ်နှင့် သမီး ‌နော်‌ဂေ‌စေး အဌမတန်း‌ကျောင်းသူနှင့် တူမ ‌နော်မုထိုး ၂ဝနှစ်တို့ကို ထိခိုက်ဒဏ်ရာများ ရရှိသွားခြင်းဖြစ်သည်။

တတန်ကူး ရွာသူကြီးဖြစ်သူ ‌နော်နှင်းရီက “ဒဏ်ရာရရှိတဲ့ သူ‌တွေထဲမှာ ‌နော်‌ဂေ‌စေးက‌တော့ မျက်ခုံး‌ဘေး ဘယ်ဘက်မှာ ထိပြီး ဒဏ်ရာပြင်းထန်တယ်။ ကျန်တဲ့သူက‌တော့ ရှထိတာပဲ။ ‌နော်‌ဂေ‌စေးနဲ့ သူ့အ‌မေ ‌နော်စဲလစ်က‌တော့ မဲ‌ဆောက်ကို ပို့တယ်။ ‌စော‌မောင်ငိုက အိမ်မှာပဲ။ ‌နော်မုထိုးက‌တော့ ‌ကော့ကရိတ် ‌ဆေးတပ်‌ဆေးရုံကို ခဏပို့ပြီး ပြန်လာပါပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ပစ်ခတ်မှု ဖြစ်ပွား‌နေခြင်းမှာ ဗိုလ်နားမကြားအဖွဲ့သည် ယ‌နေ့နံနက်၌ အာရှလမ်းမ‌ဘေးလုံခြုံ‌ရေး ယူ‌နေသည့် BGF တပ်ရင်း ၁၀၁၇ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ‌စော‌ကျော်‌နောင်ဦးစီးသည့် အဖွဲ့ကို သွား‌ရောက်ပစ်ခတ်ရာ တတန်ကူးရွာသို့ လက်နက်ကြီးကျ‌ရောက်ပြီး အဆိုပါ ‌ဒေသခံများအား ထိမှန်ခဲ့ခြင်းလည်း ဖြစ်သည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး BGF ၁၀၁၇ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စော‌ကျော်‌နောင်က “ကျ‌နော်တို့ကို ဗိုလ်နားမကြားတို့က လာပစ်တာ။ နံနက် ၅ နာရီခွဲ‌လောက်မှာ စပြီးလက်နက်ကြီး လက်နက်ငယ်‌တွေနဲ့ နှစ်ဖွဲ့ညှပ်ပစ်တာ။ ခန့်မှန်း‌ခြေအင်အား ၂ဝ ‌လောက်ရှိမယ်”ဟု ‌ပြောသည်။

လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်နားမကြားအဖွဲ့နှင့် နယ်‌မြေခံ BGF တပ်များသည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်အတွင်းမှစ၍ ‌ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်အနီး တိုက်ပွဲများ စတင်ဖြစ်ပွား‌နေရာ ယခုဆိုလျှင် တစ်နှစ်‌ကျော် ကြာမြင့်‌နေပြီဖြစ်‌ကြောင်း သိရသည်။