ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့တွင် ဇူလိုင်လ ၂၆ရက်နေ့မှ ၃ဝရက်နေ့အထိ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးအပေါ် ၎င်းအစည်းအဝေး တက်ရောက်ခဲ့သူ တိုင်းရင်းသားခေါင်းဆောင် အချို့၏ အမြင်သဘောထားများကို ကေအိုင်စီက စုစည်းတင်ပြထားသည်။
——–
ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် (စစ်ဦးစီးချုပ် ရခိုင်တပ်မတော် -AA)
အစကတည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမှာပဲလေ။ ပြီးရင် နိုင်ငံရေးအရ တစုံတရာကို စုပေါင်းပြီး ဆုံး ဖြတ်ကြမယ်ဆိုရင် ကျနော်တို့လူမျိုးတွေကို ကိုယ်စားပြုပြီးမှ ကျနော်တို့ လူမျိုးတွေရဲ့ အခွင့်အရေးရပိုင်ခွင့်တွေအတွက် ကျနော် တို့ ရပ်တည်ဖို့အရေးကြီးတယ်။ ဒါကြောင့် အဲဒီကိစ္စမှာ ကျနော်တို့ ပါဝင်ဖို့ စိတ်ဝင်စားတယ်။
သို့သော်လည်းပဲ အခုလက်ရှိအစိုးရဘက်က ပြောလာတာက အားလုံးပါဝင်အောင် ကြိုးစားဆောင်ရွက်သွားဖို့ပါနေတယ်။ မြန်မာ့ တပ်မတော်ဘက်ကကျတော့ ကျနော်တို့အဖွဲ့အပါအဝင် အဖွဲ့အစည်း ၃ဖွဲ့ကို သီးခြားကန့်သတ်ပြီးတော့မှ တောင်းဆိုချက်တွေ ရှိ တယ်။ အဲဒါတွေကတော့ လိုက်လျောဖို့ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ အရာတွေဖြစ်နေတယ်။ ဒါကြောင့် ဒီ ၂၁ပင်လုံမှာ ကျနော် တို့ ပါဝင်ဖို့ အခက်အခဲတွေ ရှိနေတယ်ပေါ့။ ဖြစ်စေချင်တာကတော့ အကုန်လုံးပူးပေါင်းပါဝင်ပြီးမှ အဆင်ပြေမယ့်ကိစ္စကို တချို့က ပါတယ်၊ တစ်ချို့က မပါဘူးဆိုရင်တော့ ဒါဟာ တစ်ခါတည်းနဲ့ ပြီးလို့ရရဲ့သားနဲ့ ပြီးသွားရမယ့်ဟာက ကြန့်ကြာမှုတွေ အဆင်မပြေမှုတွေ စိတ်ဝမ်းကွဲမှုတွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ဒီအစည်းအဝေး ၄ရက်တာ ကာလမှာ မူဝါဒရေးရာ အပိုင်းတွေမှာ တူညီတဲ့ သဘောထားတွေ အများကြီးရှိကြတယ်။ အခက်အခဲ တွေတော့ မရှိခဲ့ပါဘူး၊ ဖြည်းဖြည်းလေးသွားပေမယ့် ကြေညက်အောင် ဆွေးနွေးပြီးမှ ရှေ့ကိုတိုးခဲ့ကြတယ်။ ဒါပေမယ့် ကျနော် တို့ကြားမှာလည်း အားလုံးပါဝင်ရေးမူပြီးရင် အစိုးရဘက်က ပြောဆိုထားတဲ့ တက်ရောက်မယ့်သူတွေရဲ့ အချိုးအစားနဲ့ အရေအ တွက် မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့ ကိစ္စတွေအပေါ်မှာလည်း ကျနော်တို့တွေ သေချာဂရုစိုက်ပြီးတော့မှ ရှင်းရှင်းလင်းလင်း သဘောတူ မှ ဖြစ်မယ်လေ။
အခုက ကျနော်တို့ ပဏာမအဆင့် ဆွေးနွေးကြခြင်းဖြစ်ပါတယ်။ အခြေခံပြည်ထောင်စုမူတွေအပေါ်မှာတော့ ကျနော်တို့အနေနဲ့ ဘာမှပြောစရာမရှိဘူးပေါ့။ တခြားကိစ္စတွေအပေါ်မှာ ကျနော်တို့ ရခိုင်အမျိုးသားတွေအနေနဲ့ကတော့ ပြောစရာဆိုစရာလေးတွေ ရှိနေပါသေးတယ်။ အဲဒီအတွက် ကျနော်တို့ဘက်က အခြေအနေတချို့ကို စောင့်ကြည့်ဖို့ လည်း လိုသေးတယ်။ ယေဘုယျအား ဖြင့်တော့ တူညီတဲ့အခြေခံအပေါ်မှာ ကျေနပ်မှုရှိပါတယ်။ ဒါပေမယ့် ဟိုဘက်ကတော့ ကျနော်တို့တောင်းဆိုတာကို လက်ခံနိုင်၊ လက်မခံနိုင်ဆိုတာကတော့ တစ်ပိုင်း ကျန်သေးတယ်လေ။
စိုင်းကျော်ညွန့် (တွဲဖက်အတွင်းရေးမှူး-၂၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD
(ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ကိုယ်စားလှယ်)
ဒီ ငါးရက်တာ ကျင်းပတဲ့ စုံညီအစည်းအဝေးကိုပြောရမယ်ဆိုရင် အောင်မြင်မှုရှိတယ်လို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် NCA (တစ်နိုုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်) ကိစ္စ စဆွေးနွေးစဉ်က တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်တွေ စုပြီး NCCT (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ) ဆိုပြီးဖွဲ့တယ်။ ဒါပေမယ့် တကယ်တမ်း NCA ကို လက်မှတ်ထိုးတဲ့အချိန်ကျမှ လက်မှတ်ထိုးနိုင်တဲ့အဖွဲ့နဲ့ လက်မှတ်မထိုးနိုင်သေးတဲ့အဖွဲ့ဆိုပြီး ဖြစ်သွားတဲ့ အပေါ်မှာ အခုဒီပွဲက ပြန်ပြီး EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ) တွေ စုံစုံလင်လင်နဲ့ လက်မှတ်ထိုးတာရော မထိုးတာရော ပါပြီး ညီလာခံလုပ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီပွဲဟာ အောင်မြင်မှုရှိပါတယ်။
ပြီးတော့ ဒီပွဲမှာလည်း ပူးပေါင်းကော်မတီတွေ Frame work (မူဘောင်)ကို ပြန်ပြီး Review လုပ်မယ့်ကော်မတီတွေ နောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြန်ပြီးတော့ သုံးသပ်မယ့်ကော်မတီတွေ အဲဒီလိုကော်မတီတွေ အသီးသီး ဖွဲ့စည်းနိုင်ပြီးတော့ လက်မှတ်ထိုးပြီးသားအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ CT (ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့)နဲ့ လက် မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ဖွဲ့စည်းထားတဲ့ DPN(နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့)တို့ ပေါင်းစည်းပြီး အလုပ်လုပ်မယ်ပေါ့လေ။ ဒီလိုမျိုးက အရမ်းကောင်းပါတယ်။ အရင်အခင်းအကျင်းကို ပြန်ရောက်သွားတဲ့သဘောပေါ့။
တိုင်းရင်းသားတွေအကုန်လုံး ပူးပေါင်းပြီး အလုပ်ပြန်လုပ်ကြမယ်ဆိုတဲ့ အခင်းအကျင်းပြန်ဖြစ်တာ အရမ်းကောင်းပါ တယ်။ ပိုပြီးထူးခြားတာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါလာတဲ့အခါကျတော့ တိုင်းရင်းသားလက်နက်ကိုင် တစ်ခုတည်းတင် မကဘဲ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ ပါရှိလာတဲ့အတွက် ဒါဟာ တော်တော်ကိုကြီးမားတဲ့ အောင်မြင်မှု တစ်ခုလို့ ပြောလို့ရပါတယ်။ အခု ပြန်ဖြစ်လာတဲ့ သုံးပွင့်ဆိုင်ဆိုတာကလည်း ဟိုးအရင်ကတည်းက တောင်းဆိုခဲ့တာပဲလေ။ ဒီအစုအဖွဲ့ကြီး သုံးခုပါရမယ်ဆိုတာကလည်း ဖြစ်သင့်တဲ့ကိစ္စပဲ။ ဒါက မြန်မာတိုင်းရင်းသားတွေ ကြီးစိုးတဲ့အစိုးရတစ်ခုအနေနဲ့ ကိုယ့်ကိုယ်ကို အစ်ကိုကြီးတစ်ယောက်လို စဉ်းစားမယ်ဆိုရင်တော့ ဒါဟာ တန်းတူညီတူဆက်ဆံတာ ဖြစ်ပါတယ်။ ဒီဘက်မှာ လည်း တိုင်းရင်းသားတွေဆိုတာ အများကြီးပဲဗျ။ ဒါတောင်မှ တစ်ပွင့်ပဲယူတာပါ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် တန်းတူညီတူ တောင် မဟုတ်သေးပါဘူး။ အဲဒီလိုဆိုတော့ ဒီသုံးပွင့်ဆိုင်ဆိုတာက တိုင်းရင်းသားဘက်ကနေကြည့်မယ်ဆိုရင် တော်တော့်ကို အလျှော့ပေးထားတဲ့ကိစ္စကြီးပါ။ အဲဒီတော့ အစိုးရဘက်ခြမ်းအနေနဲ့ ဒီအပေါ်မှာ လုံးဝကို လက်ခံသင့်တယ်ဆိုတဲ့အမြင် ကျနော့် အနေနဲ့ ရှိပါတယ်။
မန်းကျော်ငြိမ်း (အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားပါတီ-KNP။
(ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ကိုယ်စားလှယ်)
ဒီစုံညီအစည်းအဝေးမှာ ကျနော်တို့ UNA အနေနဲ့ ကိုယ်စားပြုပြီး တက်ရောက်လာရတဲ့အခါ ဘာတွေသွားတွေ့ရလဲဆို တော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အချက်အလက်လေးတွေပိုပေါ်လာတယ်။ ဘာပဲဖြစ်ဖြစ် အရင်က စိမ်းနေတဲ့သူတွေအချင်းချင်းတောင်မှ အခုပြန်ပြီး နွေးနွေးထွေးထွေးပြန်ဖြစ်လာတယ်။ ရလဒ်က ဘယ်လောက်အထိဖြစ်လာမလဲ ဆိုတာကတော့ အခုဆွေးနွေးထားတဲ့ အဖြေအရ ထိုက်သင့်သလောက်တော့ ရခဲ့တယ်။ ဒါပေမယ့် အကုန်လုံးရာနှုန်းပြည့် မဟုတ်တောင်မှ နဂိုသတ်မှတ်ထားတဲ့ နိုင်ငံရေးရပ်တည်ချက်တွေ မူဝါဒတွေအပေါ်မှာ အဓိက အရေးကြီးတဲ့အချက်တွေ ချမှတ် နိုင်ခဲ့တယ်။ ဥပမာအားဖြင့် ပြောရရင် မူ ၈ချက်အပြင် ပါဝင်ဖွဲ့စည်းမှုတွေအပေါ်မှာ သုံးပွင့်ဆိုင်ဆိုတဲ့ အချက်ပြန်ကျလာတဲ့အခါ ဘာပဲပြောပြော ဒီအချက်မှာ အင်မတန် အားရစရာကောင်းပါတယ်။ ဒီတစ်ချက်ကတော့ နိုင်ငံရေးအရ ပြန်ပြီးစုစည်းလာနိုင်တဲ့ အားတစ်ခုလို့မြင်ပါတယ်။ တစ်ချို့ဟာတွေကျတော့ အသေးစိတ်ပြန်ပြီး ဆွေးနွေးရမယ့်ဟာတွေတော့ရှိသေးတာပေါ့။
အခုက တစ်ကြိမ်တည်းတော့ ပြီးနိုင်မှာတော့မဟုတ်ဘူး။ အရေးကြီးတဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲတဲ့နေရာမှာ ကိုယ့်ဘက်က ပိုင်ပိုင်နိုင်နိုင်နဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်ဖို့ လိုလာတဲ့အခါမှာ ဒီအတိုင်းပဲ သွားပြီးတော့ ဆွေးနွေးဖို့ဖြစ်တဲ့ကိစ္စတော့ မဟုတ်ဘူး ပေါ့။ ဒီနိုင်ငံအရေး၊ တိုင်းရင်းသားအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အရေးတွေက ပေါ့ပေါ့တန်တန်လုပ်လို့ တော့ မဖြစ်ဘူး၊ အချိန်တော့ယူရမယ်။
ဒီလိုအချိန်ယူလုပ်ရမယ့်ဟာတွေကို ကျနော်တို့ဘက်က လွယ်လွယ်ကူကူနဲ့ဆုံးဖြတ်ပြီး လုပ်လို့တော့မရဘူး။ နောက် တစ်ချက်က တစ်ဖက်ကလုပ်မယ်ဆိုတဲ့ ညီလာခံဆိုတာကလည်း ဘယ်လိုပုံစံနဲ့လုပ်မယ်ဆိုတာကို ဘာမှမသိရသေးဘူး။ ပြီးခဲ့တဲ့ ညောင်နှစ်ပင် ညီလာခံလို လူအများကြီးခေါ်ပြီး အချိန်ဆွဲပြီး လုပ်သွားလို့ကတော့ မဖြစ်ဘူး။ အဲဒါတွေကိုလည်း ကျနော်တို့ အကုန်လုံး ထည့်စဉ်းစားရမယ်။ အဲဒါကြောင့် အချိန်ယူပြီး အချိန်အတိုင်းအတာတစ်ခုအထိ ကိုယ့်ဘက်က စိတ်တိုင်းကျဖြစ်မှ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲမှာ ကိုယ်က ဝင်ပါပြီဆိုရင် ကိုယ်လိုချင်တဲ့ဟာ ရမှဖြစ်မှာကိုး။ ကိုယ်လိုချင်တာမှ မရဘူးဆို ရင် ဝင်ပါလည်း ဘာမှမထူးတော့ အကျိုးမရှိဘူးပေါ့။
ပူးဇုိုဇမ်း (ဥက္ကဌ – ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ။ NBF ကိုယ်စားလှယ်)
ဒီစုံညီအစည်းအဝေး ၅ရက်တာကာလမှာ မှန်းထားတာထက် အများကြီးအောင်မြင်တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီလိုဆုံဆည်းမှုက ကျနော်တို့ ခက်ခက်ခဲခဲနဲ့လုပ်ရတဲ့ အခြေအနေမှာရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေရယ်။ တိုင်းရင်းသားပါတီတွေရယ်ပါတော့ ဒီဆုံဆည်းမှုကနေတစ်ဆင့် ရှေ့ပိုင်းမှာ ကျနော်တို့အများကြီး လုပ် နိုင်တယ်လို့ ထင်တယ်။ ဒီစုံညီအစည်းအဝေးကနေ အချက်ကြီး ၄ချက်အပေါ်မှာ စဉ်းစားချက်တွေ သဘောထားတွေမှာ ပွင့်ပွင့် လင်းလင်းနဲ့ ဝေမျှနိုင်ခဲ့ကြတယ်။ ဆွေးနွေးနိုင်ခဲ့ကြတယ်။ တကယ်ကို တိုင်းရင်းသား မိသားစုသဘောလိုမျိုး ကိုယ့်အိမ်တွင်းကိစ္စ တွေကို အိမ်ပြန်ပြီးတော့မှ ညီအစ်ကိုမောင်နှမတွေ ဆွေးနွေးကြတယ်။ နောက်ပြီး မိသားစု အနာဂတ်ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတာကို ဒီမှာ အစပျိုးနိုင်ခဲ့တယ်လို့ ကျနော်ကတော့ အဲလိုပဲမြင်ပါတယ်။
တိုင်းရင်းသားပါတီတွေကလည်းအများ ကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း အများကြီးဆိုတော့ ဒီလို ဆုံမှတ်တစ်ခုရဖို့က လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ထင်တာထက် အများကြီးအောင်မြင်ပါတယ်။ အနာဂတ်မှာတော့ ကျနော် တို့ မှန်းထားတာက ရှင်းရှင်းပြောမယ်ဆိုရင် ကျနော်ဒီကိုလာရင်းအချက်ကတော့ လာမယ့်ပြည်ထောင်စုအဆင့်ကျင်းပမယ့် ညီလာခံ(၂၁ ပင်လုံညီလာခံ)မှာ ကျနော်တို့ ပါခြင်းမပါခြင်းထက် အနာဂတ် ကျနော်တို့တိုင်းရင်းသားတွေ ဘာတွေ ဆက်လုပ်ဖို့ လိုမလဲဆိုတဲ့ဟာကို အစပျိုးညှိနှို်င်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျနော်ကတော့မြင်ပါတယ်။
NCA လက်မှတ်ရေးထိုးတာ၊ မရေးထိုးတာတွေကို ကျနော်စိတ်မဝင်စားဘူး။ ဒါကတော့ Frame Work ပေါ်မှာ မူတည် တယ်။ ကိုယ်လက်ခံနိုင်တဲ့ Frame Work ပေါ်လာရင်တော့ ဒါကတော့ သူသူကိုယ်ကိုယ် ဝင်ကြမှာပဲလေ။ ဒါပေမယ့် Frame Work ကို သေသေချာချာလည်း မလုပ်ရဘဲနဲ့ တော်၏ ရော်၏ Frame Work မျိုးဆိုရင်တော့ မဝင်တာပဲ ကောင်းမယ်လို့ ဒါက ကျနော်တစ်ဦးတည်း ဆန္ဒသဘောထားပေါ့ဗျာ။ အရေးကြီးတာက Frame Work ကို ကျနော်တို့ကြည့်ရမယ်။ Frame Work ကို ကိုယ့်စိတ်ကြိုက်ပုံစံမျိုးဖြစ်မှ အဆင်ပြေမှာပါ။ ကျနော်အနေနဲ့ကတော့ ဖြစ်စေချင်တာက နောင်အနာဂတ် ကျနော်တို့ တိုင်းရင်း သား နိုင်ငံရေးအခင်းအကျင်းမှာ မြန်မာနိုင်ငံဟာ ကျနော်တို့ တိုင်းရင်းသားတွေ အတူတကွ ပိုင်ဆိုင်တဲ့နိုင်ငံပါ။ အဲဒီမှာ အခု ထက်ထိ ဗမာပါတီတွေရဲ့ ဦးဆောင်မှုအောက်မှာပဲ နှစ်ပေါင်း ၆ဝနီးပါး သူတို့ လုပ်ချင်တိုင်းလုပ်တဲ့ အနေအထားအောက်မှာ ကျနော်တို့က ပေးဆပ်နေရတယ်။ ကျနော်တို့ ဘဝတွေက စတေးခံနေရတယ်။
အဲဒီလိုမဖြစ်ဖို့က ကျနော်တို့နောင်လာနောက်သားတွေရဲ့ အခင်းအကျင်းအသစ်တစ်ခု ကျနော်တို့က ဖန်တီးပေးချင် တယ်။ အဲဒါကလည်း ကျနော်တို့ နိုင်ငံရေးပါတီတစ်မျိုးတည်းနဲ့ ဖန်တီးလို့မရဘူး။ ကျနော်တို့မှန်းထားတဲ့ပုံစံမျိုးနဲ့ ခေတ်ကာလ အခြေအနေ ကောင်းလာခဲ့လို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမားတွေကလည်းပဲ လက်နက်ကိုင်စရာ မလို တော့တဲ့ အခြေအနေရောက်လာလိမ့်မယ်။ ကျနော်တို့နိုင်ငံရေးပါတီတွေကလည်းပဲ ဒီထက်ကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်း တစ်ခုကို ကျနော်တို့အတူတကွ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ ကျနော်တို့ တိုင်းရင်းသားတွေလက်ထဲရောက်ဖို့အတွက်က ကျနော့်အနေနဲ့က တကယ့်ကြီးမားတဲ့ ရည်မှန်းချက်ရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေလက်ထဲ ရောက်မှသာလျှင် ကျနော်တို့စိတ်တိုင်းကျ ဖွံ့ဖြိုးမှုတွေ လုပ်ပေးနိုင်မယ်။ ဆိုတော့ ဗဟိုမှာလည်း ကျနော်တို့နေရာ ရရုံမကဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းမှာ ပါ တိုင်းရင်းသားတွေက ဦးဆောင်နိုင်တဲ့အနေအထားရောက်ဖို့ ကျနော်ကတော့ အများကြီးစိတ်ကူးမိပါတယ်။ နောင်အနာဂတ် မှာလည်း ဒီဟာက အဓိက လုပ်ဆောင်ရမယ့်အရာ ဖြစ်တယ်လို့ ကျနော်ကတော့မြင်ပါတယ်။