ဇူလိုင် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သည့် ကရင်အရပ်ဖက်အဖွဲ့စည်းများ ဖိုရမ်ကို ကျင်းပသွားရန် ငြိမ်းချမ်းရေး အထောက်အကူ ပြု ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်(KPSN)က ဇူလိုင် ၁၅ရက်မှ ၁၆ရက်နေ့အထိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ပြု လုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ဆုံးဖြတ်ခဲ့ကြသည်။
ယခုနှစ် ဩဂုတ်လကုန်၌ ကျင်းပသွားရန်ရှိသည့် ၂၁ရာစုပင်လုံညီလာခံ၌ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် ကရင်အ ရပ်ဖက်အဖွဲ့များ၏ အသံများ ပါဝင်သွားစေရေးအတွက် အဆိုပါဖိုရမ်ကို ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု KPSN ၏ ပြောခွင့်ရသူ နော်ကညောဖောက ကေအိုင်စီသို့ ပြောသည်။
သူမက “မကြာခင် ပြည်နယ်နဲ့ တိုင်းတွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းဖိုရမ်တွေ လုပ်သွားဖို့ရှိတယ်။ ပြည်နယ် အနေအထားနဲ့ပဲ သွားမယ်ဆိုရင် ကရင်လူမျိုးက ကရင်ပြည်နယ်ထဲမှာပဲရှိတာ မဟုတ်ဘူး။ ကျမတို့ကရင်တွေက တခြားပြည်နယ်၊ တိုင်းဒေသ တွေမှာလည်းရှိနေတော့ KPSN အနေနဲ့ ကရင်ပြည်သူလူထုတစ်ရပ်လုံးအတွက်ကို ကိုယ်စားပြုဖို့ ကရင်ဖိုရမ်တစ်ခု ပြန်ခေါ်သင့် တယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ”ဟု ပြောသည်။
၎င်းဖိုရမ်ကို ၂၁ရာစုပင်လုံညီလာခံမတိုင်ခင် ပြုလုပ်သွားရန်ရှိပြီး ပြုလုပ်သွားမည့် ပုံစံ၊ အချိန်အတိအကျ၊ နေရာနှင့် ပါဝင်မည့် ကရင်အရပ်ဖက်အဖွဲ့များ စသည့် အသေးစိတ် အချက်အလက်များကို KPSN မှ ဆက်လက် ဆွေးနွေးသွားရမည်ဟု နော်ကညောဖောက ဖြည့်စွက်ပြောသည်။
KPSN ၏ နှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲ၌ ၎င်းတို့ကွန်ယက်၏ ယခင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့မှုများ၊ လုပ်ဆောင် နိုင်ခဲ့သည့် အားသာချက်နှင့် အခွင့်အရေးများ၊ အစိုးရသစ်၏ နိုင်ငံရေးရှေ့ လုပ်ငန်းစဉ်များ စသည်တို့အပေါ် ဆွေးနွေးခဲ့ကြပြီး ဦးဆောင်ကော်မတီ (Steering Committee)တစ်ရပ်ကိုပါ ဖွဲ့စည်းခဲ့ကြသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အရပ်ဖက် ၂၃ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၃၀ကျော် တက်ရောက်ဆွေးနွေးခဲ့ကြကာ ရှေ့လုပ်ငန်းစဉ် များအနေဖြင့် ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို ကျင်းပသွားရန်၊ မူးယစ်ဆေးဝါး ပြဿနာ ပူးပေါင်းဖြေရှင်းရန်နှင့် ဒုက္ခသည်များ နေရပ်ပြန်ရေးအပေါ် KPSN ၏ ပါဝင်နိုင်သည့် အခန်းကဏ္ဍများ စသဖြင့် အဓိက ဦးစားပေးလုပ်ဆောင်သွားမည့် အချက်များကို ဆုံးဖြတ်ခဲ့ကြသည်။
ဆွေးနွေးပွဲ တက်ရောက်သူ စောကျော်စွာက “နိုင်ငံတော်အတိုင်ပင်ခံ ပြောတာက နိုင်ငံရေးနဲ့ အမျိုးသားလုံခြုံရေးကို အရပ်ဖက် တွေ ဆွေးနွေးခွင့် မရှိဘူးဆိုတာကို ကျနော်တို့က လက်ခံလို့မရဘူး။ ကျနော်တို့ကတော့ အချက်(၅)ချက်စလုံးကို ဆွေးနွေးသွား မယ်။ ဒါပေမဲ့ ၂၁ရာစု ပင်လုံညီလာခံမှာ သွားဆွေးနွေးခွင့် မရသော်လည်း ကျနော်တို့အရပ်ဖက်ရဲ့အမြင် ဆွေးနွေးထားချက်တွေ ကို တက်ရောက်ပြောဆိုခွင့်ရတဲ့သူတွေကနေတစ်ဆင့် တင်ပြသွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၂၁ရာစု ပင်လုံညီလာခံ၌ဆွေးနွေးရန်အတွက် နိုင်ငံရေး၊ အမျိုးသားလုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သယံဇာတ စသည့် ကဏ္ဍကြီး (၅)ရပ်ကို ချမှတ်ထားသည်။ သို့သော် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အဆိုပါကဏ္ဍ ၅ရပ်ထဲမှ နိုင်ငံရေးနှင့် အမျိုးသားလုံခြုံရေးကို ဆွေးနွေးခွင့်မရှိဘဲ ကျန် စီးပွားရေး၊ လူမူရေး၊ မြေယာနဲ့ သယံဇာတကဏ္ဍများကိုသာ ဆွေးနွေးရန် ကန့် သတ်ထားကြောင်း သိရသည်။
KPSN သည် ကရင်အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၉ဖွဲ့ဖြင့် ၂၀၁၁ခုနှစ်၌ ပေါင်းစပ်ဖွဲ့စည်းထားသော ကရင်အရပ်ဘက်ကွန် ယက်အဖွဲ့ဖြစ်ပြီး ပဋိပက္ခဒဏ်ခံနယ်မြေများရှိ ပြည်သူလူထုများ၏ အခွင့်အရေးများနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ပေါ် ထွက်လာရန် ရည်ရွှယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။



















