Home သတင်း ကရင်လက်နက်ကိုင် ၃ဖွဲ့မှ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုတွင် သ‌ဘောထားတူညီ‌ရေးကို လိုလား

ကရင်လက်နက်ကိုင် ၃ဖွဲ့မှ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုတွင် သ‌ဘောထားတူညီ‌ရေးကို လိုလား

2067

ဇူလိုင် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် NCA လက်မှတ်‌ရေးထိုးထားသည့် ကရင်လက်နက်ကိုင် ၃ဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်း‌ရေးနှင့် ပြန်လည်‌ပေါင်းစည်း‌ရေးကိစ္စရပ်များအပြင် လာမည့် နိုင်ငံ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးမှုကိစ္စရပ်များတွင် သ‌ဘောထား တစ်ခုတည်း ဖြစ်‌ရေးအတွက် လိုလား‌နေကြ‌ကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်းအရှိ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ဇူလိုင် ၁၂ရက်မှ ၁၅ရက်‌နေ့အထိ ကျင်းပခဲ့ကြသည့် ကရင်လက်နက် ကိုင်များ ပြန်လည်‌ပေါင်းစည်း‌ရေးနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်လာသည့် ကရင်လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့မှ ထိပ်သီး‌ခေါင်း‌ဆောင်များက ယခုလို သ‌ဘောထား မှတ်ချက်များ ‌ပေးခဲ့ကြခြင်းဖြစ်သည်။

KNU ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးရာဌာနတာဝန်ခံ ပဒို‌စောအားတိုးက “လက်မှတ်ထိုးထားတဲ့ ကရင်အဖွဲ့‌တွေအ‌နေနဲ့ ‌နောက် လာမယ့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု‌တွေမှာ တစ်သံတည်းဖြစ်ဖို့ လိုအပ်ပါတယ်။ အခုက ပထမ‌ခြေလှမ်းပဲ ရှိ‌သေးတယ်။ ကရင်အဖွဲ့‌တွေ အ‌နေနဲ့က‌တော့ စည်းစည်းလုံးလုံးနဲ့ တစ်သ‌ဘောတည်း ဖြစ်ဖို့ကို အားလုံးလက်ခံကြတယ်”ဟု ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုမှာ NCA လက်မှတ်‌ရေးထိုးထားကြသည့် KNU၊ DKBA၊ KNU/KNLA(PC) တို့၏ သီးသန့် ‌တွေ့ဆုံမှုဖြစ် ပြီး ‌ဆွေး‌နွေးမှုများအရ ၎င်းတို့အ‌နေဖြင့် KNU ၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှု‌အောက်တွင် လိုက်ပါ‌ဆောင်ရွက်သွားရန် သ‌ဘောထား များရှိကြ‌သော်လည်း ဆုံးဖြတ်ချက်ချသည့်အဆင့်အထိ မရှိ‌သေး‌ကြောင်း ပဒို‌စောအားတိုးက ‌ပြောသည်။

၎င်းအပြင် ‌မေလ ၁၆ရက်မှ ၂ဝရက်‌နေ့အထိ ‌ကေအဲန်ယူနယ်‌မြေ၊ ‌လေးဝါးတွင် ပြုလုပ်ခဲ့‌သော ကရင်အဖွဲ့အစည်း‌ပေါင်းစုံ ပါဝင် သည့် ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲတွင်လည်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲ‌ရေးစာချုပ်(NCA) လက်မှတ်ထားခဲ့ကြသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအ‌နေဖြင့် နိုင်ငံ‌ရေးကိစ္စများတွင် တစ်သံတည်းဖြစ်‌ရေး ကြိုးပမ်းလုပ်‌ဆောင်ရန်ကိုလည်း ‌ဆွေး‌နွေး မှုများ ရှိခဲ့ကြသည်။

‌လေး‌ကေ‌ကော်မြို့သစ်၌ ပြုလုပ်ခဲ့သည့် ‌ခေါင်း‌ဆောင်များ၏ ‌တွေ့ဆုံမှုတွင် KNU ဥက္ကဌ ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်သည့် အဖွဲ့ဝင် များ၊ DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်‌စောစတီး ဦး‌ဆောင်သည့်အဖွဲ့ဝင်များ၊ KNU/KNLA(PC) မှ ‌နော်က‌ပေါ်ထူး ဦး‌ဆောင်သည့် အဖွဲ့ဝင်များတက်‌ရောက်ခဲ့ကြပြီး ငြိမ်းချမ်း‌ရေးကိစ္စများ ရှင်းလင်း‌ဆွေး‌နွေးခြင်းအပြင် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ စစ်‌ရေး စသည့်အ ‌ကြောင်းအရာများကို ‌ဆွေး‌နွေးခဲ့ကြသည်။

အလားတူ ကရင်လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ဖြစ်သည့် KNU၊ DKBA နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီတို့ တစ်ဖွဲ့တည်း ပြန် ‌ပေါင်းစည်း‌ရေးအတွက် လိုလားသည့် ကရင်ပြည်သူများမှ ‌ကော့ကရိတ်မြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်များတွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်များက လူထုဆန္ဒခံယူပွဲများ ပြုလုပ်ကျင်းပခဲ့ကြ‌ကြောင်း သိရသည်။