ဇွန် ၂၄ ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
လှိုင်းဘွဲမြို့နယ် ကော့လုံကျွန်းပေါ်ရှိ ကိုမောင်ကျေးရွာအုပ်စုအတွင်း တည်ဆောက်သွားမည့် ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦးကို မူလအများသဘောတူ ဆုံးဖြတ်ထားသည့် ငှက်ပျောတောကျေးရွာ၌သာ ဆက်လက်လုပ်ဆောင်သွားရန် ကော့လုံကျွန်းဒေသခံများ စုပေါင်းပြီး ဇွန် ၂၄ရက်နေ့တွင် သတင်းရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ကြသည်။
နံနက် ၁၁ နာရီမှ ၁၂နာရီကျော်အထိ ပြုလုပ်သည့် အဆိုပါ သတင်းရှင်းလင်းပွဲတွင် ကော့လုံကျွန်းဧရိယာ အတွင်းရှိ ငှက်ပျောတော၊ ကော့စိန်အထက်၊ ကော့စိန်အလယ်၊ ကော့စိန်ချောင်းဝ၊ ကျွန်းမီး၊ ထော်ရွဲကမ်းနားနှင့် အင်းနို့ စသည့် ကျေးရွာတို့မှ ဒေသခံ ၃၀ဝ ဝန်းကျင် တက်ရောက်ပြီး ဆေးခန်းနေရာ ပြောင်းရွှေ့မတည်ဆောက်ရန် တညီတညွှတ်တည်း တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ရှင်းလင်းပွဲတွင် ငှက်ပျောတောကျေးရွာ အုပ်ချုပ်ရေးမှူး စောသန်းဦးက “ဆေးခန်း ပြောင်းဆောက်မယ့်ကိစ္စမှာ ကျနော်တို့ရဲ့ ဆန္ဒအမှန် ဘယ်လိုရှိလဲဆိုတာ အများသိအောင် ဒီရှင်းလင်းပွဲ လုပ်တာပါ။ အခု ပြောင်းဆောက် မယ့် နေရာက ကော့လုံကျွန်းရဲ့ အလယ်ဗဟိုမှာ မရှိဘူး။ လူနေထိုင်မှုလည်း နည်းတယ်။ ငှက်ပျောတောမှာ လူနေများတယ်။ ဗဟိုလည်း ကျတယ်။ ဆောက်ဖို့ ဆုံးဖြတ်ထားပြီးနေရာလည်း ဖြစ်တဲ့အတွက် နေရာပြောင်းဖို့ ကျနော်တို့ သဘောတူပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦးကို ကိုမောင်ရှမ်းစု (တပ်စခန်း)တွင် ပြန်လည်တည်ဆောက်သင့် ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဌ စောချစ်ခင်က ဒေသခံများအား မေ ၂၁ ရက်နေ့၌ ပြောဆိုခဲ့ပြီး သဘောမ တူသည့် ဒေသခံများက စုပေါင်း၍ မေ ၃ဝ ရက်နေ့တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ သဘောထား စာတစ်စောင်တင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆေးခန်းကို “ရေနစ်မြှုပ်သည့်နေရာတွင် မဆောက်ပါနှင့်”ဟု လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ဝင်းဇော်မှ ဇွန် ၈ ရက်နေ့စွဲဖြင့် မြို့နယ်ကျန်းမာရေးမှူးထံ ပေးပို့သည့် စာတွင် ဖော်ပြထားပါရှိ သည့်အတွက် လက်မခံသည့် ဒေသခံများက ရှင်းလင်းပွဲကျင်းပလာသည်အထိ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယနေ့ ရှင်းလင်းပွဲ၌ တက်ရောက်သူ ဒေသခံများက ငှက်ပျောတောကျေးရွာ၌ တည်ဆောက်မည့် ဆေးခန်း နေရာတွင် ကော့လုံကျွန်းဧရိယာအတွင်းရှိ ကျေးရွာအုပ်စု ငါးခုစလုံး၏ သဘောဆန္ဒဖြင့် လက်မှတ်ထိုးထားပြီး မြေနေရာသည်လည်း ကျေးရွာများစုပေါင်း ဝယ်ယူထားသည့် မြေနေရာဖြစ်သလို ကုန်းမြင့်နေရာဖြစ်သည့် အတွက် နေရာပြောင်းရွှေ့ဆောက်လုပ်ရန် လက်မလိုအပ်ကြောင်း သဘောထားပေးခဲ့ကြသည်။
ရှင်းလင်းပွဲတက်ရောက်သည့် ဒေသခံတစ်ဦးဖြစ်သူ စောညွှန့်အေးက “ကိုမောင်ရှမ်းစုမှာ ဆေးခန်းတည် ဆောက်ရင် ကျနော်တို့သွားရင် (မိုးတွင်းဘက်ဆို) ကုန်းတတန်၊ ရေတတန် ဖြတ်သွားမယ်ဆိုတော့ အခက်အခဲ ရှိတယ်။ ဒါကြောင့် နဂိုပြောထားတဲ့ ဒီငှက်ပျောတောမှာပဲ တည်ဆောက်ရမှာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦး တည်ဆောက်ရန် သတ်မှတ်နှင့်ပြီးသား မြေနေရာတွင် ပြည်နယ် အစိုးရချပေးသည့် ကျပ်ငွေ ၁၃၇ သိန်းဖြင့် (၂)ခန်းတွဲ သန့်စင်ခန်းတစ်လုံးကို တည်ဆောက်ပြီးစီးပြီဖြစ်သလို ဆေးခန်း ဆက်လက်တည်ဆောက်ရန်အတွက် ယခင် အစိုးရမှ ကျပ်ငွေ သိန်း ၁,၂၆ဝ ကို ချပေးရန် သဘောတူထားမှုများရှိခဲ့ပြီဖြစ်သည်ဟု ဒေသခံ တာဝန်ရှိသူများက ပြောဆိုထားသည်။
ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျေးရွာ ၇ရွာမှ ဒေသခံများနှင့် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ပြီး ကိုမောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထင်ကျော်မှ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ကော့လုံကျွန်းပေါ် တည်ဆောက်သွားရန်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနသည် ၎င်းဧရိယာရှိ ကိုမောင်၊ မြလေး၊ တခွက်ဖိုး၊ အင်းနို့သိပ္ပံနှင့် နောကော့ စသည့် ကျေးရွာအုပ်စု ၅ခုအတွင်း ကျေးရွာပေါင်း ၂၄ရွာတို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။