ဇွန် ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းအဖွဲ့ဝင်များသည် လှိုင်းဘွဲမြို့နယ်၊ ကလူးထော၊ မဲ့ပရူနှင့် သကွီးကလား ကျေးရွာအုပ်စုအတွင်း ဒေသခံများက စားနပ်ရိက္ခာ သယ်ယူရာတွင် စစ်ဆေးဟန့်တားမှုများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများ က ကေအိုင်စီသို့ ပြောဆိုသည်။
၂၀၁၅ခုနှစ်ကုန်ခါနီးမှစ၍ ယခုအချိန်ထိ ဒေသခံများ စားသုံးရန် ဝယ်ယူသယ်ဆောင်လာသည့် ဆန်၊ ဆီ၊ ဆား စသည့် စားနပ် ရိက္ခာများကို ထိုဒေသတွင် လှုပ်ရှားနေသည့် အစိုးရတပ်မတော် တပ်မ(၄၄)မှ လှုပ်ရှားတပ်ဖွဲ့နှင့် ၎င်းတို့လက်အောက်ခံ နယ်ခြား စောင့် အမှတ် (၁၀၁၂)တပ်ရင်းတို့က ၎င်းတို့ဂိတ်များ၌ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြု သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းဒေသခံက “အဓိက နေရာတွေက ကမမောင်းအထက်ဘက်မှာပေါ့နော်။ တချို့နေရာတွေက လုံးဝ သယ်ခွင့်မပေးဘူး။ တချို့ ကျတော့ အကန့်အသတ်နဲ့ပဲ သယ်ခွင့်ရှိတယ်။ သယ်တာတောင်မှ လွတ်လွတ်လပ်လပ် သယ်ခွင့်မပေးဘူး။ BGF ကနေတဆင့် သူတို့ဂိတ်မှာ ထားရတယ်။ အဲ့ဒီဂိတ်တွေမှာ အိမ်နေရာ၊ အိမ်ထောင်ဦးစီးနာမည်တွေကို စစ်ဆေးမှတ်တမ်းယူတယ်။ နောက်မှ BGF ကနေပြီးတော့ ဘယ်အိမ်၊ ဘယ်အိမ်ဆိုပြီး လာပို့ပေးတယ်”ဟု ပြောသည်။
ထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ၎င်းနယ်မြေအတွင်းရှိ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA ကို ပစ်မှတ် ထားပြီး ရိက္ခာပိုင်းဆိုင်ရာ ဖြတ်တောက်ရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ယင်းလုပ်ရပ်မှာ ဒီကေဘီအေတပ်ဖွဲ့ဝင်များအပေါ် တိုက်ရိုက် ထိခိုက်ခြင်းမရှိဘဲ ပြည်သူများသာ အခက်အခဲဖြစ်ရသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
အဆိုပါဟန့်တားမှုအပေါ် သကွီးကလားကျေးရွာအုပ်စုု၊ မဲ့သဝေါဒေသရှိ ဒေသခံပြည်သူများက ဇွန်လ ၁၄ရက်နေ့တွင် ဆန္ဒဖော် ထုတ်သွားရန်ရှိပြီး ယင်းကိစ္စရပ်နှင့်ပတ်သက်၍ DKBA ကလည်း သတင်းမီဒီယာများကို ရှင်းလင်းမှုများ ပြုလုပ်သွားမည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
DKBA ပြောခွင့်ရသူ ဗိုလ်ကြီးစောရဲထက်က “မဲသဝေါဘက်က ဒေသခံတွေက မနက်ဖြန်ကျရင် ဆန္ဒဖော်ထုတ်သွားဖို့ရှိတယ်။ အဓိက ကတော့ ကျနော်တို့အဖွဲ့ဆိုရင် သူတို့က တွေ့ရာသချုႋင်း ဓါးမဆိုင်းတဲ့ပုံစံနဲ့ လိုက်ပြီးတိုက်ခိုက်နေတာပဲ။ ဘယ်လိုပဲဖြစ် ဖြစ် ဒါက နည်းလမ်းအမျိုးမျိုးနဲ့ ပဋိပက္ခ အသွင်ဆောင် ရန်စတဲ့သဘောလို့တော့ ယူဆလို့ရတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ အနေနဲ့ သတင်းမီဒီယာတွေကို သတင်းစာရှင်းလင်းပွဲ ပုံစံမျိုး လုပ်သွားဖို့ စီစဉ်ထားတယ်”ဟု ကေအိုင်စီသို့ အတည်ပြု ပြောဆို သည်။
ဒေသခံပြည်သူများ နှောက်ယှက်ဟန့်တားခံရမှုမှာ အချိန်ကာလ အတန်ကြာပြီးဖြစ်သော်လည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲ ထားသည့် ကေအဲန်ယူဘက်မှ လက်ရှိအချိန်အထိ တစုံတရာ ဝင်ရောက်ဖြေရှင်းပေးခြင်းမျိုး မရှိသေးသလို အဖွဲ့ပေါင်းစုံ လှုပ်ရှား နယ်မြေဖြစ်သောကြောင့် ဖြေရှင်းရန် ခက်ခဲကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူး တစ်ဦးက ကေအိုင်စီသို့ ယနေ့ ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA အချက်ပါ နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ စည်းမျည်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များတွင် အရပ်သားပြည်သူနှင့်ပတ်သက်၍ စောင့် ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ အခန်း(၂)အပိုဒ်ခွဲ (ည)အရ ပြည်သူလူထု၏ စားနပ်ရိက္ခာစုဆောင်းခြင်း၊ ကုန် ပစ္စည်းများနှင့် ကောက်ပဲသီးနှံများကို တပိုင်တနိုင် သယ်ယူပို့ဆောင်ရောင်းချခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများကို နှောက်ယှက်ဟန့်တားခြင်း မပြုလုပ်ရ ဟူ၍ ပါရှိသည်။
စားနပ်ရိက္ခာသယ်ယူမှု ဟန့်တားခံရသည့် ယင်းကျေးရွာအုပ်စု(၃)ခုတွင် ရွာပေါင်း (၃၀)ကျော် ပါဝင်ပြီး ထိုဒေသတစ်ဝိုက်သည် အစိုးရတပ်မတော်မှ တပ်မ(၄၄)နှင့် တပ်မ (၂၂) လက်အောက်ခံ လှုပ်ရှားတပ်ရင်းတပ်ဖွဲ့များနှင့် BGF တပ်ရင်း (၁၀၁၂)၊ ခွဲ ထွက် DKBA တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ KNLA တပ်မဟာ(၇)နှင့် တပ်မဟာ (၅) တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားနယ်မြေဖြစ်သည်။



















