Home သတင်း ကျန်းမာ‌ရေးဝန်ထမ်းများကို ကူညီရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

ကျန်းမာ‌ရေးဝန်ထမ်းများကို ကူညီရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

1618
ဇွန် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

‌ဒေသခံလူထုများအ‌နေဖြင့် ရပ်‌ဝေးမှ လာ‌ရောက်တာဝန်ထမ်း‌ဆောင်‌နေ‌သော ကျန်းမာ‌ရေးဝန်ထမ်းများကို ‌နွေး‌ထွေးစွာ ကူညီ‌ဆောင်ရွက်‌ပေးကြရန် ဇွန် ၁၃ရက်‌နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် (၁၆)ကုတင်ဆံ့ အနန်းကွင်းတိုက်နယ်‌ဆေးရုံဖွင့်ပွဲ အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ဒေသလူထုများအား တိုက်တွန်း‌ပြောကြားခဲ့သည်။

“ဒီလို‌နေရာမှာ အ‌ဝေးကြီးက လာပြီး‌တော့ ပြည်သူ့အကျိုးပြုလုပ်ငန်း‌ဆောင်ရွက်‌နေတဲ့ ဆရာဝန်၊ ဆရာမ‌တွေကို ‌ကျေးဇူးတင်ပါတယ်။ ‌ဆေးရုံကြီးဖြစ်‌မြောက်‌အောင်‌ဆောင်ရွက်‌ပေးတဲ့ လူ‌တွေကိုလည်း ‌ကျေးဇူးတင်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျမတို့‌ဒေသမှာလာချင်တဲ့ လူ‌တွေက ‌တော်‌တော်နည်းပါတယ်။ ကိုယ့်‌ဒေသခံ ဆရာဝန်‌တွေလည်း မရှိ‌သေးတဲ့အခါမှာ အ‌ဝေးက‌နေလာပြီး‌တော့ ကုသ‌ပေး‌နေတဲ့ ကျန်းမာ ‌ရေးဝန်ထမ်းအားလုံးကို ဝိုင်းဝန်းကူညီ‌စောင့်‌ရှောက်‌ပေးကြပါ”ဟု ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

အနန်းကွင်းတိုက်နယ်‌ဆေးရုံကို ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ‌ရေးနှစ်တွင် နိုင်ငံ‌တော်အစိုးရမှ ကျပ်သိန်း(၆၀၀၀)ဖြင့် ခွင့်ပြုရန်ပုံ‌ငွေ ချထား‌ပေးမှုအရ ပြီးခဲ့သည့် (၂၀၁၄)ခုနှစ်က ‌ဆောင်းဆည်းဆာ ကုမ္ပဏီမှ တာဝန်ယူ‌ဆောက်လုပ်‌ပေးမှု ပြီးစီးခဲ့ပြီး‌နောက် ယခုလို ‌ဆေးရုံဖွင့်လှစ်ပွဲပြုလုပ်ခြင်းဖြစ်သည်။

အနန်းကွင်းတိုက်နယ် ‌ဆေးရုံအုပ်ကြီး ဖြစ်သူ ‌ဒေါက်တာဗညားအိုင်းမွန်က “အခုမှ‌ဆေးရုံက ဖွင့်စဆို‌တော့ ပစ္စည်းကိရိယာတချို့‌တော့ လိုအပ်ချက်ရှိ‌သေးတာ‌ပေါ့။ ဒါ‌ပေမယ့် ကျ‌နော်တို့ဘက်က‌တော့ ရွာသူရွာသား ‌တွေနဲ့ ပူး‌ပေါင်းပြီး အတတ်နိုင်ဆုံး ကူညီ‌ဆောင်ရွက်‌ပေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု‌ဆေးရုံသစ်ဖွင့်လှစ်လိုက်ခြင်းအ‌ပေါ် ယခင်က ကြုံ‌တွေ့‌နေရသည့် မ‌သေသင့်ဘဲ အသက်ဆုံးရှုံးသွားခဲ့သည့် ကိုယ်ဝန်‌ဆောင်မိခင်များ၊ က‌လေးသူငယ်နှင့် သက်ကြီးရွယ်အိုများ၏ အသက်‌ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဟု အနန်းကွင်းရွာသူ ‌နော်‌ဌေး‌ဌေးတင်ကလည်း ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ဆေးရုံဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့မှဌာနဆိုင်ရာဝန်ထမ်းများ၊ ကြာအင်း ဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ‌စောတင်ဝင်း၊ အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ‌စောရှ‌ဖောင်အွာတို့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်မှ ဘုရားသုံးဆူမြို့ဆက်ဆံ‌ရေး ဒုတာဝန်ခံ ပဒို‌စောထဲ‌နေ၊ ဝင်း‌ရေးမြို့နယ်တရားသူကြီး ‌စောလှထွန်း၊ ယဉ်‌ကျေးမှုဒုံးအဖွဲ့များ၊ ‌ဒေသခံပြည်သူများအပါအဝင် လူဦး‌ရေ ၂၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ကြားအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းတိုက်နယ်တစ်ခုတွင် အစိုးရမှ လာ‌ရောက်ဖွင့်လှစ်‌ပေးထား‌သော ‌ကျေးလက်‌ဆေး‌ပေးခန်း ၄ ခုရှိပြီး ယခုတိုက်နယ်အဆင့် ‌ဆေးရုံကို ပထမဆုံး ဖွင့်လှစ်ခြင်းဖြစ်သည်။