ဇွန် ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ကျင့်ဝတ်သိက္ခာများကို အထူးစောင့်ထိန်းရန် ဇွန်လ ၁၈ရက်နေ့က ကရင်ပြည် နယ်၊ ဖားအံမြို့ရှိ ပြည်နယ်လွှတ်တော်ခန်းမဆောင်၌ ပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့် အကြောင်းအရာများ တွေ့ဆုံရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုလုိုက်သည်။
“ပြည်သူ့အကျိုးကို လုပ်ဆောင်ပေးရာမှာ ကိုယ်စားလှယ်ရဲ့လုပ်ပိုင်ခွင့်ထက် မကျော်လွန်ဖို့ အရေးကြီးပါတယ်။ အဆောင်အ ယောင်များကိုလည်း မိမိတို့ကိုယ်ကျိုးစီးပွားအတွက် မသုံးမိဖို့လည်း သတိထားရမယ်။ အုပ်ချုပ်ရေး အာဏာပိုင်များရဲ့ တာဝန်အ လုပ်တွေကို ဝင်ရောက်မစွက်ဖက်မိဖို့နဲ့ ကြားဝင်ထိန်းညှိဖို့သာ လုပ်နိုင်တယ်။”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌက တွေ့ဆုံရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
ယင်းတွေ့ဆုံရှင်းလင်းမှုတွင် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် ဝန်ကြီးချုပ် ပါဝင်သော်လည်း အစိုးရအဖွဲ့များအား လာရောက် ရှင်းလင်းခြင်း မဟုတ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များကိုသာ လာရောက်ခြင်း ရှင်းလင်းခြင်းဖြစ်ကြောင်းလည်း ပြည် သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်က ဖြည့်စွက်ပြောကြားခဲ့သည်။
တွေ့ဆုံရှင်းလင်းပွဲတွင် လွှတ်တော်တွင်း ကိုုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ အရေးကြီး အဆိုများတင်သွင်းရာတွင် အဂင်္ါရပ်နှင့်အညီ ဖြစ်စေရန်၊ ဥပဒေကြမ်းတင်သွင်းရာ၌ ပြည်သူ့အကျိုးပြုသည့် ဥပဒေများဖြစ်စေရန်၊ ပြည်သူ့အကျိုးကိစ္စရပ်များ လုပ်ဆောင်ရာတွင်လည်း အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်မည့်အချက်များကို လွှတ်တော်ဥက္ကဋ္ဌက ရှင်း လင်းချပြခဲ့သလို တက်ရောက်လာသည့် ကိုယ်စားလှယ်များဘက်ကလည်း မိမိတို့ဒေသပြည်သူများ တွေ့ကြုံနေကြသည့် မြေ ယာပြဿနာများ၊ ပညာရေးနှင့် ငြိမ်းချမ်းရေး စသည့်အရေးကိစ္စများကို အပြန်အလှန် အကြံပြုဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံရှင်းလင်းပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်အမတ်၊ အမျိုးသားလွှတ်တော် အမတ်၊ ပြည်နယ်လွှတ်တော်အမတ်များနှင့် စစ်တပ်ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၃ဝဦးခန့်တက်ရောက်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ လာရောက်ရှင်းလင်းမှု ပြုလုပ်ခြင်းအပေါ် ဖားအံမြို့၊ မဲဆန္ဒနယ် အမှတ်(၁)၊ အမျိုးသားလွှတ်တော်အ မတ် စောမိုးမြင့်က “ကျနော့်အနေနဲ့ အခုလို လာရောက်ရှင်းလင်းတာ အကျိုးရှိတယ်။ ကိုယ်စားလှယ်တစ်ဦးရဲ့ တာဝန်တွေ လုပ် ပိုင်ခွင့်တွေလည်း ပိုသိလာတယ်။ နောက် ဋ္ဌာနဆိုင်ရာတွေနဲ့ ဘယ်လိုဆက်ဆံပြီး ပူးပေါင်းလုပ်ဆောင်ရမလဲဆိုတာလည်း သိ လာရတယ်။ ဒါတွေ သိရှိခွင့်ရတော့ လူထုအကျိုးအတွက် ပိုမိုပြီး လုပ်ဆောင်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ကေအိုင် စီသို့ ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဇွန်လ ၁၇ရက်နေ့က မွန်ပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် အလားတူ တွေ့ဆုံရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်အား တွေ့ဆုံရှင်းလင်းခဲ့ ခြင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ လွှတ်တော်ကိုယ်စားလှယ် များကိုလည်း တွေ့ဆုံရှင်းလင်းခဲ့ပြီးဖြစ်သည်။