မေလ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အဖွဲ့အစည်းစုံ ပါဝင်သည့် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ လေးဝါး(လော်ခီးလာ)၌ မေလ ၁၆ရက်နေ့တွင် စတင်ကျင်းပနေပြီး နှီးနှောဖလှယ်ပွဲတွင် ခေါင်းစဉ်ကြီး ၅ခုဖြင့် ဆွေးနွေးသွားမည်ဟု ကေအဲန်ယူက ပြောဆိုသည်။
မေလ ၁၆ ရက်မှ ၂ဝရက်နေ့အထိ ကျင်းပသွားမည့် နှီးနှောဖလှယ်ပွဲတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့်သယံဇာတ စသည့် ခေါင်းစဉ်ကြီး ၅ခုကို သက်ဆိုင်ရာခေါင်းစဉ်တစ်ခုချင်းစီအလိုက် ဆွေးနွေးသွားမည့်အကြောင်းကို ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဒီနှီးနှောဖလှယ်ပွဲက NCA လက်မှတ်ထိုးပြီး အဲ့ဒီ NCAထဲမှာပါတဲ့ ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံကနေ ထွက်လာတဲ့ ခေါင်းစဉ်ကြီး(၅)ရပ်ကို အဓိကထားပြီး ဆွေးနွေးသွာမှာ ဖြစ်ပါတယ်။ အဲ့ဒါကို ကေအဲန်ယူအနေနဲ့ ပင် မကပဲ ပြည်သူလူထုအားလုံးရဲ့ ပါဝင်မှုဖြစ်ဖို့အတွက် ဒီနှီးနှောဖလှယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်’’ဟု ပဒိုစောသောသီဘွဲက ပြောသည်။
ထိုသို့ ခေါင်းစဉ်ကြီးများကို ဆွေးနွေးရာတွင် ကေအဲန်ယူအနေဖြင့် သက်ဆိုင်ရာခေါင်းစဉ်တစ်ခုချင်းစီအလိုက် ကော်မတီများဖွဲ့စည်းပြီး စာတန်းအဖြစ် ပြင်ဆင်ရေးဆွဲထားပြီးမှသာ ကရင်လူထု၏ ဆန္ဒသဘောထားနှင့် အကြံပြုချက်များကို ပြန်လည်ရယူခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။
ယနေ့ စတင်ကျင်းပသည့် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲသို့ ကေအဲန်ယူခေါင်းဆောင်များ၊ ပြည်တွင်းရှိ ကရင် ပါတီများနှင့် လူမှုအဖွဲ့အစည်းများ၊ နယ်စပ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများ၊ ပြည်ပရှိကရင်အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်းပေါင်း ၂၀ကျော်မှ ကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် ကရင်တတ်သိပညာရှင်များ အပါအဝင် စုစုပေါင်း(၁၀၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတက်ရောက်သော မကြာသေးမီက ပြန်လည်လွတ်မြောက်လာသည့် အထင်ကရ နိုင်ငံရေး အကျဉ်းသူ နော်အုန်းလှက “တိုင်းရင်းသားတွေ တော်တော်များများမှာလည်း သူမူနဲ့သူတော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် (ဒီနှီးနှောဖလှယ်ပွဲမှာ) ကျမတို့ ကရင်ဘက်က အရေးပါမှုတစ်ခုကို ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်တယ်လို့၊ ကျမအနေနဲ့ လာမည့် နိုင်ငံရေးဆွေးနွေးမယ့် နိုင်ငံရေးအခြေအနေတွေမှာ ကိုယ်ဘက်က အဆင်သင့်ချပြနိုင်တဲ့မူရှိထားတော့ ပိုကောင်းတယ်လို့ ကျမမြင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ငါးရက်ကြာ ကျင်းပမည့် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲတွင် အထက်ပါ ခေါင်းစဉ်ကြီး(၅)ခုဖြင့် ဆွေးနွေးမှုများမှ ရရှိလာသော ရလဒ်များကို လာမည့် နိုင်ငံရေးဆွေးနွေးပွဲများအထိ ကေအဲန်ယူက ကိုင်စွဲသွားမည်ဟု သိရသည်။



















