Home တွေ့ဆုံမေးမြန်းခန်း KNU စီးပွား‌ရေး ‌ကော်မတီတာဝန်ခံ ပဒို‌စောတာဒိုမှူးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

KNU စီးပွား‌ရေး ‌ကော်မတီတာဝန်ခံ ပဒို‌စောတာဒိုမှူးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

2369

‘စီမံကိန်း ဖြစ်‌မြောက်နိုင်စွမ်း အကြိုစမ်းသပ်‌လေ့လာမှု အစီရင်ခံစာ’ ရရှိ‌ရေးအတွက် ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁၈ရက်‌နေ့က ‌နေပြည်‌တော်တွင် လျှပ်စစ်စွမ်းအားစီမံ‌ရေး ဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦး‌အေးဆန်းနှင့် သူး‌လေကုမ္ပဏီလီမိတက်မှ ဥက္ကဌ ပဒို‌စောတာဒိုမူးတို့ နားလည်မှု စာချွန်လွှာ MOU ’ကို လက်မှတ်‌ရေးထိုးခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ‌ညောင်‌လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်‌မြေရှိ ‌ဘောကထာ့‌ရေအားလျှပ်စစ် စီမံ ကိန်းအတွက် အကြိုစမ်းသပ်‌လေ့လာမှုလုပ်ငန်းကို လုပ်‌ဆောင်နိုင်ရန် KNU စီးပွား‌ရေး‌ကော်မတီ တာဝန်ရှိသူများနှင့် အရပ်ဖက် ကရင်လူမှုအဖွဲ့ အစည်းတို့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတစ်ရပ်ကို ‌မေလ ၅ရက်‌နေ့က ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ (Queen Palace) ပြုလုပ်ခဲ့သည်။
‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်း လုပ်‌ဆောင်မည့်အ‌ပေါ် ယင်းအစည်းအ‌ဝေးသို့ တက်‌ရောက်သည့် KNU ၏ စီးပွား‌ရေး‌ကော်မတီတာဝန်ခံလည်းဖြစ်၊ သူး‌လေကုမ္ပဏီလီမိတက် ဥက္ကဌဖြစ်သူ ပဒို‌စောတာဒိုမူးအား ‌ကေအိုင်စီက ‌တွေ့ဆုံ‌မေး မြန်းထားခြင်းဖြစ်သည်။

‌မေး။ ။ ‌ဘောကထာ့ ‌ရေအားလျှပ်စစ်စီမံကိန်းကို လုပ်‌ဆောင်မယ့် ရည်ရွယ်ချက်ကဘာလဲဆိုတာ ‌ကျေးဇူးပြုပြီး ရှင်းပြ‌ပေးပါ။
ရည်ရွယ်ချက်က‌တော့ အဓိကက‌တော့ ဒီ‌ဘောကထာ့စီမံကိန်းက နိုင်ငံ‌တော် စီမံကိန်းကြီးတစ်ခုရဲ့ စီမံကိန်း‌အောက်မှာ ပါတာ‌ပေါ့‌နော်။ အဲ‌တော့ နိုင်ငံ‌တော်စီမံကိန်း‌အောက်မှာရှိတဲ့ လုပ်ငန်းကြီးကလည်း ကျ‌နော်တို့ရဲ့ နယ်‌မြေထဲမှာ ရှိလာတယ်။ ဒါ ကိုလည်း ကျ‌နော်တို့က ‌တောက်‌လျှောက် ကန့်ကွက်ခဲ့တယ်ဆို‌ပေမယ့် ဒီကာလမှာ‌တော့ ကျ‌နော်တို့ ဒီ‌ဘောကထာ့စီမံကိန်းကို ကျ‌နော်တို့ ကန့်ကွက်မယ့်အစား ဘယ်လိုပုံစံမျိုးနဲ့ တိုးတက်‌နေတဲ့ ကာလအ‌ပေါ်မှာ ‌ပြောင်းလဲ‌နေတဲ့ အ‌နေအထား‌ပေါ်မှာ လိုက် ‌လျောညီ‌ထွေ ဖြစ်‌အောင် ကျ‌နော်တို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတဲ့ အ‌ခြေခံ‌ပေါ်မှာ မူတည်ပြီး ဒီ‌ဘောကထာ့ကို‌တော့ ကျ‌နော်တို့ EC က‌နေပြီး (Feasibility Studies ) (စမ်းသပ်‌ဆောင်ရွက်မှု)လုပ်ပါဆိုတဲ့ တစ်ခါတည်းမှာပဲ CBOs CSOs (အရပ်ဖက်လူမှုအဖွဲ့) ‌တွေရဲ့ အကြံဉာဏ်ကိုလည်း ရယူပါဆိုတဲ့ အ‌ခြေခံကို ချ‌ပေးပါတယ်။ အမှန်က‌တော့လည်း ဒါက ချ‌ပေးလိုက်တာ ဟိုး ၂၀၁၄ခု နှစ်ကတည်းကပါ။ ဒါ‌ပေမယ့် ကျ‌နော်တို့ အခြားကိစ္စများ‌တော့ ဒီ‌နောက်ပိုင်းမှာမှ ကျ‌နော်တို့ အချိန်‌လေးနည်းနည်း ‌လေ့လာအား လာတဲ့အ‌ပေါ်မှာ အဲဒါကို ဖိဖိစီးစီး လုပ်လိုက်‌တော့ အခု ဒါကို စနိုင်ဖို့ ဖြစ်လာတာ‌ပေါ့‌နော်။
‌နောက် အခြားရည်ရွယ်ချက်က‌တော့ အထူးသဖြင့် ကျ‌နော်တို့ ကရင် Local Communities ‌တွေ ကြားထဲမှာ ကြုံ‌တွေ့ ရတာက ဘယ်ကုမ္ပဏီပဲ ဝင်ဝင်‌ပေါ့‌နော်။ လူထု က အမြဲတမ်းပဲ သူတို့အတွက် ဖုံနဲ့ သဲပဲ ကျန်ရစ်ခဲ့တယ်။ ကျန်တဲ့ဟာ‌တွေက သူတို့ အကုန်လုံးယူသွားတယ်ဆို‌တော့ ကျ‌နော်တို့ ဒီဘက်မှာ ဒီမိုကရက်တစ်နိုင်ငံတစ်ခုလည်း တည်‌ထောင်မယ်။ ဖက်ဒရယ်ကို လည်း ‌တောင်းဆိုတဲ့အခါကျ‌တော့ ဒီလိုစီမံကိန်းက‌နေပြီး‌တော့ ကျ‌နော်တို့ ဒီမိုကရက်တစ်အ‌ခြေခံ‌တွေဖြစ်တဲ့ ပြည်သူလူထု‌တွေ ပါဝင်နိုင်ဖို့၊ ပြည်သူလူထုကိုယ်တိုင်လည်း Ownership ပုံစံမျိုးပါဖို့၊ Community Project ပုံစံမျိုးလည်း ဖြစ်ရ‌အောင် တစ်ဖက်မှာ လည်း သူတို့ကိုယ်တိုင် Decision Making Process ‌တွေမှာလည်း ပါဝင်နိုင်‌အောင် ဒါ‌တွေက အမှန် Democratic Principle ‌တွေပါပဲ။ ဆို‌တော့ ဒီဟာကို ကျ‌နော်တို့ ‌ဖော်‌ဆောင်ဖို့အတွက် လုပ်တာလည်းပါပါတယ်။ တစ်ခါတည်းမှာပဲ ကျ‌နော်တို့ ဖက်ဒ ရယ်ရဲ့အ‌ခြေခံကို သွားတဲ့‌နေရာမှာ ‌ဒေသခံ‌တွေရဲ့ Ownership ၊ ‌ဒေသခံ‌တွေရဲ့ Equity (အကျိုးခံစားခွင့်) ဆိုတဲ့ အ‌ခြေခံ‌တွေ ကလည်း ပါပါတယ်။ ဒါ‌တွေကိုလည်း ကျ‌နော်တို့က ဘယ်လိုပုံစံမျိုးနဲ့ ဒီ Project ကို လုပ်ကိုင်‌ဖော်‌ဆောင်သွားမယ်ဆိုတဲ့ အ‌ခြေ ခံ‌ပေါ်မှာ ကျ‌နော်တို့ စဉ်းစားပါတယ်။

‌မေး။ ။ ဒီစီမံကိန်းလုပ်ဖို့အတွက် အကြိုစမ်းသပ်‌လေ့လာမှု ကာလက ၂၄လလုပ်‌ဆောင်မယ်လို့ ထုတ်ပြန်ထားတာ ‌တွေ့ရပါ တယ်။ ဒီ ၂နှစ်‌ကျော် ကာလမှ ဘယ်လိုအဆင့်ဆင့် လုပ်သွားမလဲ။ ပြီး‌တော့ လတ်တ‌လော လုပ်‌ဆောင်မှုအ‌ခြေအ‌နေ‌ကော ဘယ်လိုရှိပါသလဲ။
Feasibility Studies တစ်ခုလုံးက‌တော့ ၂၄လရှိပါတယ်။ အဲဒီအထဲမှာ ကျ‌နော်တို့ သတ်မှတ်ထားတာက‌တော့ Pre -Feasibility Studies (အကြိုစမ်းသပ်ရန်)ပြီး‌တော့ Feasibility Studies, ဒါ‌တွေကို ပြီး‌မြောက်သွားပြီး‌တော့ ‌အောင်မြင်သွား တယ်ဆိုမှ တစ်နှစ်တစ်ခါ အဲဒီအတိုင်းအတာ ရှိပါတယ်။ ဒါ‌ပေမယ့် ဒီ Feasibility Studies မ‌ရောက်ခင်မှာ‌တော့ အရင်ဆုံး Pre-Feasibility Studies အဆင့်ထဲမှာပဲ Local Consultation (‌ဒေသတွင်း ညှိနှိုင်းတိုင်ပင်မှု) မှာ‌တောင် ‌ဒေသခံ‌တွေနဲ့‌တွေ့ရမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း‌တွေနဲ့‌တွေ့ရမယ်။ စသဖြင့် အချင်းချင်းထဲမှာ ညှိနှိုင်းရမယ်။ ဒါ‌တွေဟာ အခုဒီလုပ်ငန်းကို လုပ်‌နေတဲ့ အချိန်‌ပေါ့။ တစ်ခါတည်းမှာပဲ ကျ‌နော်တို့ကလည်း Norconsult ဆိုတဲ့ ‌နော်‌ဝေက Consultation (ညှိနှိုင်းတိုင်ပင်မှု) လုပ်တဲ့ ကုမ္ပ ဏီတစ်ခုက‌နေ အကူအညီနဲ့ သူတို့ကလည်း လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ဒီလိုဟာမျိုး‌တွေ သူတို့‌ပေးမှာ‌ပေါ့‌နော်။ ‌လော‌လောဆယ်‌တော့ အခုမှ အစပျိုးတဲ့အချိန်ပဲ ရှိပါတယ်။

‌မေး။ ။ အခုလုပ်မယ့်စီမံကိန်းက KNU စီးပွား‌ရေး‌ကော်မတီအ‌နေနဲ့ လုပ်မှာလား။ ဒါမှမဟုတ် သူး‌လေကုမ္ပဏီအ‌နေနဲ့ လုပ်မှာ လည်း ဒါကို ရှင်းပြပါ။
ကျ‌နော်တို့ ဒီစီမံကိန်းကို ‌ကေအဲန်ယူ စီးပွား‌ရေး‌ကော်မတီက‌နေ တိုက်ရိုက် Decision ‌တွေကို အဲဒီက‌နေ ချပြီး‌တော့ ‌ပေါ့‌နော်။ ဆို‌တော့ အ‌ကောင်အထည်‌ဖော်တဲ့‌နေရာမှာ သူး‌လေကုမ္ပဏီက လိုက်ပြီး အဲဒါကို အ‌ကောင်အထည်‌ဖော်‌ပေးမယ့် သ‌ဘော ရှိပါတယ်။

‌မေး။ ။ ‌စော‌စောက ‌ပြောသွားတာ ဒီစီမံကိန်းကို ‌နော်‌ဝေက အဖွဲ့တစ်ဖွဲ့က ကူညီ‌ပေးမယ်လို့ ‌ပြောတယ်။ ဘာ‌တွေ အဓိကထား ပြီး ကူညီသွားမလဲ။
ဒီကိစ္စက နည်းပညာပိုင်းကိစ္စပဲ။ ဘာ‌ကြောင့်လဲဆို‌တော့ ကျ‌နော်တို့က နည်းပညာပိုင်းမရဘူး။ ဆို‌တော့ ဒီဟာကိုလုပ်ဖို့ လည်း နိုင်ငံတကာ လက်ခံတဲ့ ဒီလို Consultant Agency (အကြံ‌ပေးပုဂ္ဂိုလ် ကိုယ်စားလှယ်အဖွဲ့)ကြီး‌တွေ ရှိဖို့လိုတယ်‌လေ။ သူတို့ရဲ့ အကူအညီရမှပဲ ကျ‌နော်တို့က တကယ်နိုင်ငံတကာ အ‌တွေ့အကြုံ၊ နိုင်ငံတကာနည်း‌တွေ ‌ဖော်‌ဆောင်နိုင်မှာ‌ပေါ့။ အဲဒါ‌ကြောင့် ကျ‌နော်တို့‌ခေါ်တာ International Perspective (နိုင်ငံတကာ ရှု‌ထောင့်)လို့‌ခေါ်တာ၊ နိုင်ငံတကာမှာ တကယ် ‌အောင်မြင်ခဲ့တဲ့ပုံမျိုး IFC (International Finance Corporation) Standard ‌အောင်မြင်လာ‌အောင်ဆိုတာက ခုနလို Norconsult ကုမ္ပဏီကြီး‌တွေ ပါဝင်ဖို့ လိုပါတယ်။ အခုက သူတို့က ကျ‌နော်တို့ကို လာကူညီတာ‌ပေါ့‌နော်။

‌မေး။ ။ ‌နောက်တစ်ခုက ဒီ‌ဘောကထာ့စီမံကိန်းက BOT စနစ်ကို ကျင့်သုံးမယ်လို့ ထုတ်ပြန်‌ပြောဆိုထားတာရှိပါတယ်။ BOT စနစ်ဆိုတာက အားလုံးနားလည်‌အောင် နည်းနည်းရှင်းပြ‌ပေးပါအုံး။
BOTဆိုတာက Build Operate Transfer ဆိုတာက ရှင်းရှင်း‌ပြောရင်‌တော့ အစိုးရက လျှပ်စစ်လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်းရင်းသားလုပ်ငန်းရှင်‌တွေအတွက် ‌ပေးထားတဲ့ အခွင့်အ‌ရေး‌ပေါ့‌နော်။ ဥပမာအားဖြင့် Hydro Electricity Project ‌တွေ လုပ် မယ်ဆိုရင် ကျ‌နော်နားလည်တာ နှစ်ခုရှိပါတယ်။ တစ်ခု Joint investure (ပူးတွဲ ရင်းနှီးမြှုပ်နှံမှု) နိုင်ငံတကာနဲ့ ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီတစ်ခုနဲ့‌ပေါင်းပြီး လုပ်တယ်။ ‌နောက်တစ်ခုက ပြည်တွင်းက ကုမ္ပဏီတစ်ခုက ‌နေပြီး‌တော့ နိုင်ငံတကာအကူအညီ၊ ‌ချေး ‌ငွေနဲ့ လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့‌ပေါ့‌နော်။ အဲဒီလို နှစ်ခုရှိတဲ့အထဲမှာ BOT ဆိုတာက‌တော့ တိုင်းရင်းသားလုပ်ငန်းစဉ်က‌နေပြီး ‌တော့ ကိုယ်တိုင်လုပ်ကိုင်တဲ့ပုံစံမျိုး၊ နိုင်ငံတကာ ‌ချေး‌ငွေယူတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

‌မေး။ ။အကယ်၍များ ‌ဘောကထာ့ စီမံကိန်းကို လုပ်ဖြစ်သွားမယ်ဆိုလို့ရှိရင်‌ပေါ့‌လေ။ ရရှိလာမယ့် အကျိုးအမြတ်‌တွေကို ပြည် သူ‌တွေအတွက် ဘယ်လိုသုံးမလဲ။ နိုင်ငံ‌တော်အခွန်‌ငွေအတွက် ဘယ်‌လောက်‌ပေးရမလဲ။ KNU အတွက်‌ကော ဘယ်‌လောက်လဲ။ နည်းပညာ အကူအညီ‌ပေး‌နေတဲ့ ‌နော်‌ဝေအဖွဲ့ အတွက်‌ကော ဘယ်လိုခွဲ‌ဝေသွားမလဲဆိုတာ နည်းနည်း ရှင်းပြပါအုံး။
စီးပွား‌ရေးအ‌ခြေခံက‌တော့ ဖက်ဒရယ်ကို အ‌ခြေခံတဲ့အတွက်‌ကြောင့် ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ်၊ ‌ဒေသခံအတွက် Equity (အကျိုးခံစားခွင့်)ဆိုတာ သူတို့ စဉ်းစား‌ပေးရတာပဲ။ ဒီ‌နေရာမှာ သူ့ရဲ့အကျိုးအမြတ်ထဲက ‌ဒေသခံ‌တွေကို ‌ပေးရမယ်။ ဒါက ကျ‌နော်တို့နိုင်ငံအတွက် အသစ်ဖြစ်မယ်ဆို‌ပေမယ့် နိုင်ငံတကာက အမြဲတမ်းသုံး‌နေကြ။ သူတို့ Sustainable Development (ကြာရှည်ခံတဲ့ ဖွံ့ဖြိုး‌ရေးလုပ်ငန်း)ဆိုတာ အဲဒါပဲ။ အဲဒါ‌တွေ လုပ်‌ပေးရမယ်ဆို‌တော့ ဒီအ‌ခြေခံ‌ပေါ်မှာမူတည်ပြီး‌တော့ ‌ဒေသခံ‌တွေ က Fee Equity (‌ငွေ‌ကြေးအကျိုးခံစားခွင့်) ရတဲ့အ‌ပေါ်မှာ သူတို့ အများကြီး အကျိုးရှိပါတယ်။ သူတို့ရပ်ရွာတိုးတက်ဖို့ သူတို့ ဖာသာသူတို့ လုပ်ပိုင်နိုင်ခွင့်ရှိလာတာ‌ပေါ့။ ဒ
‌နောက်တစ်ဖက်မှာလည်း ဒီကိစ္စမျိုးက ‌ရေရှည်လုပ်ရတဲ့ကိစ္စဖြစ်‌တော့ ကျ‌နော်တို့‌ကေအဲန်ယူကလည်း ရှင်းရှင်း‌ပြောရင် ပြည်သူ‌တွေအတွက် ရပ်တည်‌နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အခါကျ‌တော့ တစ်ခါတည်း ကျ‌နော်တို့က အားလုံးပါဝင်ပြီး‌တော့ ဆုံးဖြတ်နိုင်တဲ့ Manage လုပ်နိုင်တဲ့ Sharing Body ပုံစံမျိုးကို ကျ‌နော်တို့ဖွဲ့ဖို့ ရှိပါတယ်။ ဆိုလိုချင်တာက ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ်၊ စီးပွားလုပ်ငန်းရှင်ကြားပဲဖြစ်ဖြစ်၊ နယ်စပ်ပဲဖြစ်ဖြစ် စသဖြင့် အားလုံးပါဝင်နိုင်တဲ့ Trusty Board (စိတ်ချယုံ ကြည်ရတဲ့အဖွဲ့)တစ်ခုကို ကျ‌နော်တို့ လုပ်ဖို့ရှိပါတယ်။ အဲဒီ Trusty Board က‌နေပြီး‌တော့ ဒီလုပ်ငန်းကို ကိုင်တွယ်သွားခြင်းအား ဖြင့် Trusty Board ရဲ့ ဆုံးဖြတ်ချက်ကို မူတည်ပြီး‌တော့ ရတဲ့ ဝင်‌ငွေကို ဘယ်လိုပုံစံသုံးစွဲသွားမလဲဆိုတာ လုပ်‌ဆောင်သွားမယ်။

‌မေး။ ။ ဒီ‌ဘောကထာ့စီမံကိန်းနဲ့ပတ်သက်ပြီး ‌ဒေသခံပြည်သူ‌တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေကြားမှာ ‌ဝေဖန်‌ထောက်ပြ ‌ပြောဆိုသံ‌တွေ မျိုးစုံကြား‌နေပါတယ်။ ဒီအ‌ပေါ်မှာ တာဝန်ရှိသူတစ်‌ယောက်အ‌နေနဲ့ ဘာများ‌ပြောချင်သလဲ။
ဒီမိုက‌ရေစီပါ။ ဒီမိုက‌ရေစီက‌တော့ Agree to Disagree ‌ပေါ့။ ဒါ‌ပေမယ့် Agree ဖြစ်တဲ့အခါကျ‌တော့လည်း Agree ဖြစ် တဲ့အတိုင်း လိုက်သွားတာ‌ပေါ့။ ဒါ‌ပေမယ့် Agree မဖြစ်ခင်က‌တော့ Disagree ဖြစ်တဲ့ဟာကို ဝိုင်းပြီးညှိပြီး‌တော့ အ‌ဖြေရှာကြတာ ပဲ‌လေ။ ဒါက‌တော့ ဒီမိုက‌ရေစီရယ်လို့ လက်ခံကြတဲ့ Societies တိုင်းမှာ ဒါက ‌ကျော်ဖြတ်ရမှာဖြစ်ပါတယ်။

‌မေး။ ။ ဒီ‌ဘောကထာ့ စီမံကိန်းအတွက် ‌ဒေသခံ‌တွေနဲ့ သွား‌ရောက်‌တွေ့ဆုံတဲ့အပိုင်းက ဘယ်လိုရှိလဲ။ ‌ဒေသခံ‌တွေရဲ့ တုံ့ပြန်မှု ‌တွေ‌ကော ဘာ‌တွေရှိလဲ။
‌ဒေသခံ‌တော့ အခု ကျ‌နော်တို့ ကြားရသ‌လောက်က‌တော့ သူတို့ဆန့်ကျင်တယ်‌ပေါ့။ ဆန့်ကျင်တယ်ဆို‌ပေမယ့် ‌နောက် နားလည်‌အောင် ရှင်းပြလိုက်‌တော့လည်း ‌အေး…အဲဒါဆိုလည်း မဆိုးပါဘူးလို့ ဆိုတဲ့ ပုံစံမျိုးနဲ့ ကျ‌နော်တို့အဲလိုပဲ နားလည်တယ်။ ဘာလဲဆို‌တော့ သူတို့အမှန်တကယ် ဂဃနဏ မသိတဲ့အခါကျ‌တော့လည်း သူတို့စိုးရိမ်တာ‌ပေါ့။ ဒါက‌တော့ သူတို့ စိုးရိမ်ပိုင်ခွင့် ရှိ တယ်‌လေ။ ကျ‌နော်တို့ကလည်း သူတို့ နားလည်‌အောင် ရှင်းပြရမှာ‌ပေါ့။ အဲဒီနှစ်ခုကြားထဲမှာ မဆုံနိုင်တဲ့ကာလက‌တော့ ဒီလိုပဲ ဖြစ်မှာပဲ‌လေ။ ဆို‌တော့ အဲဒါကို ဆုံနိုင်‌အောင် အစီအစဉ်‌တွေ ကျ‌နော်တို့ ဆွဲထားပါတယ်။

‌မေး။ ။ ‌နောက်ဆုံးအ‌နေနဲ့ ကျ‌နော်‌မေးတဲ့အထဲမှာ မပါတဲ့ အချက်‌တွေ ဘာများ ဖြည့်စွက်‌ပြောချင်ပါ‌သေးလဲ။
‌စော‌စောက ‌ပြောတဲ့အထဲမှာ ပြည့်စုံပါပြီ။