ဧပြီ ၂၂ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အနေဖြင့် တပ်ပိုင်းဆိုင်ရာပြောင်းလဲဖွဲ့စည်းမှုအနည်းငယ် ရှိသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ် (NCA) အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးက ယနေ့ ပြောဆိုသည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ရည်မှန်းချက်က အဖိုးလားပွယ် မကွယ်လွန်မီ လမ်းပြခဲ့တဲ့ စကားအတိုင်း ‘ငြိမ်းချမ်းရေးကို ရအောင်ယူမယ်။ မြဲအောင်ထိန်းမယ်။’ အဲဒီမှာ ကြားခဲ့တဲ့ စကားအတိုင်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ လက်ရှိဖော်ဆောင်နေတဲ့ NCA အတိုင်း ကျနော်တို့ ဆက်လုပ်ဖော်ဆောင်သွားမယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့အနက် ကရင်လက်နက်ကိုင် ၃ ဖွဲ့တွင် တစ်ဖွဲ့ အပါအဝင်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အားလုံးနှင့် လက်တွဲပူးပေါင်းသွားမည်ဟုလည်း DKBA က ဆိုသည်။
DKBA တွင် NCA စာချုပ်လက်မှတ်ရေးထိုးရာ၌ ပါဝင်သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် လက်ထက်တွင် အဖွဲ့ထဲမှ ဗိုလ်မှူးကြီး စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စောကျော်သက်နှင့် စောဘိ ဦးဆောင် သည့် တပ်ဖွဲ့များသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့တွင် (ယခင်)တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သဖြင့် လက်ရှိ အဖွဲ့နှစ်ဖွဲ့အဖြစ် ရပ်တည်လျှက်ရှိသည်။
ထို့အတွက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဌာနချုပ်ဖြစ်သည့် ဆုံဆည်းမြိုင်တွင် ဧပြီ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပသည့် တပ်မှူးများ အရေးပေါ် စုံညီအစည်းအဝေး ပြုလုပ်ပြီး စစ်ဦးစီးချုပ်နှင့် ဒုစစ်ဦးစီးချုပ် တာဝန်များကို ပြန်လည်အတည်ပြု ခန့်အပ်ခြင်းအပါအဝင် တပ်ပိုင်းဆိုင်ရာနှင့် ဌာနဆိုင်ရာ ပြင်ဆင်ဖွဲ့စည်းမှု ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။
ယခု တပ်မှူးအရေးပေါ်အစည်းအဝေးအတွင်း ပြန်လည်ဖွဲ့စည်းရာတွင် DKBA ၏ ဌာနပိုင်းဆိုင်ရာ ဖွဲ့စည်းမှု အရ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘဏ္ဍရေး၊ စစ်သင်တန်း စသည့် ဌာနများ ဖွဲ့စည်းပြီး အဆိုပါ ဌာနတာဝန်ခံများကို ဗိုလ်မှူးကြီး အဆင့်ရာထူး တိုးမြှင့်ခန့်အပ်ထားကြောင်း သိရသည်။
ထိုု့အပြင် တပ်ပိုင်းဆိုင်ရာတွင် စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်၊ စစ်ဦးစီး အောက်တွင် ဦး၊ ရေး၊ ထောက်ဌာနနှင့် အခြေချစစ်ဗျူဟာ အောက်တွင် တပ်ရင်း ၃ ရင်း၊ စစ်ဆင်ကွပ်ကဲရေး အမှတ် ၁ အောက်တွင် တပ်ရင်း ၃ ရင်း၊ အမှတ် ၂ အောက်တွင် တပ်ရင်း ၃ ရင်းတို့ဖြင့် ပြင်ဆင်ဖွဲ့လိုက်ကြောင်း သိရသည်။
DKBA သည် ၁၉၉၄ခုနှစ်၌ (KNU)မှ ခွဲထွက်၍ အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲမှုကို မလို လားသဖြင့် ၂၀၁ဝ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သော တပ်ဖွဲ့ဝင်များက အစိုးရကို ၁နှစ် နီးပါး ပြန်လည်ခုခံခဲ့ပြီးနောက် ယခင် ဦးသိန်းစိန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးခဲ့ရာတွင် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။



















