(လူငယ့်အသံ)
ဧပြီ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်မှာ အစို်းရစစ်တပ်နဲ့ ကရင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲပြင်းထန်နေချိန် ၁၉၉၂ ခုနှစ်လောက်က ပစ်ခတ်မှုတွေအကြား ပညာကို ခက်ခက်ခဲခဲသင်ယူခဲ့ရသူ စောရှားဖောင်အွာတစ်ယောက် လက်ရှိမှာ ကရင်ပြည်နယ်ရဲ့ အသက်ငယ်ဆုံး လွှတ်တော်အမတ်တစ်ဦးဖြစ်လာပါတယ်။
အဖ မန်းထွေးနဲ့ အမိ နောင့်ဟွန်ရဲ့ သားသမီးလေးဦးအနက် သားထွေးဖြစ်သူ စောရှားဖောင်အွာဟာ ငယ်စဉ်ဘဝက ပြည်တွင်းစစ်ဒဏ်အကြား သူဖြတ်သန်းခဲ့ရတဲ့ သူရဲ့ငယ်စဉ်ဘဝ အခြေအနေမှန်ကို အခုလို ပြောပြပါတယ်။
“နောင်နိုင်းရွာမှာပေါ။ အဲ့အချိန်တို်က်ပွဲတွေက တအားပြင်းထန်နေတာ။ ကျောင်းတက်နေရင်း တိုက်ပွဲဖြစ်ရင် ကျောင်းကို လနဲ့ချီ ပိတ်လိုက်ရတယ်။ တတိယတန်းအထိ နေခဲ့တယ်။ တိုက်ပွဲတွေ တအားပြင်ထန်လာတော့ ကျနော်တို့ မိသားစု ငြိမ်းချမ်းနေတဲ့ သာမညဘက်ကို ပြောင်းလာတယ်။ တတိယတန်းကနေ ကျောင်းဆက် တက်ပေမဲ့ ပြောင်းလာခါစ အိုးပိုင်အိမ်ပိုင်မရှိသေးတဲ့ ကျနော်အတွက်တော့ အရမ်းကို ခက်ခဲခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။
၁၉၉၃ ခုနှစ်က စပြီး သူရဲ့ မိဘနဲ့အတူ အစ်ကိုစောကျော်ထီ၊ စောဒါးနောင်နှင့် အစ်မနန်းဆောင်ဖော့ဒီတို့ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာအုပ်စု၊ နောင်နိုင်းကျေးရွာကနေ သာမညကျေးရွာသို့ ပြောင်းရွှေ့ လာခဲ့တာပါ။ တတိယတန်းကစလို့ သာမညနှင့် ဆယ်မိုင်ခန့်ဝေးသည့် ဝဲကရင်ကျေးရွာသို့ အသွားအပြန် ခြေလျင်နဲ့ ဆယ်တန်းအောင်သည်အထိ ပညာဆည်းပူးခဲ့ရတာပါ။
သို့ပေမဲ့ ဆယ်တန်းအောင်သည့်တိုင် ရည်ရွယ်ချက် တစုံတရာ မရှိခဲ့ပုံနဲ့ အဲ့ဒီခေတ်က ပညာစနစ်နိမ့်ကျပုံကို သူပြန်ပြောတာက “ဆယ်တန်းအောင်ခဲ့တာတောင်မှာ ကျနော့်တို့မှာ ရည်ရွယ်ချက်ရည်မှန်း ချက်တွေ မရှိခဲ့ဘူး။ အဲ့ခေတ်က ဆယ်တန်းအောင်ရင် ဘာတက်၊ ဘာလုပ်လို့ရတယ်ဆိုတာကို အသိပညာတွေ ကြိုတင်ပြဋ္ဌာန်းထား တာတွေ မရှိဘူူး။ ကျောင်းမှာ သင်ပြခဲ့တာလည်း ဆယ်တန်းအောင်ရင် ဒါတွေ တက်လို့ရတယ်ဆိုတာလည်း မရှိဘူး။ ကျနော်တို့က အဲ့ဒီဘက်မှာ အရမ်းအလှမ်းဝေးတယ်။ ဆက်သွယ်ရေးစနစ်ကလည်း အရမ်းခက်ခဲတယ်” လို့ ဆိုပါတယ်။
ဒီလိုနဲ့ ၂၀၀၁ခုနှစ်တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ကွန်ပျူတာတက္ကသိုလ်(ပေါင်းကူး)နှင့် ပထဝီဝင် ဘာသာရပ်နဲ့ အဝေးသင်တက္ကသိုလ်နှစ်ခုကို ၂၀၀၂ခုနှစ်မှာ ဆက်တက်ခဲ့ပါတယ်။ ဒါပေမယ့် မိသားစုရဲ့ အထောက်အပံ့နဲ့ ကျောင်းဆက်မတက်နိုင်ဘဲ ၂၀၀၄-၂၀၀၅ ခုနှစ်မှာ အပြင်ထွက်ပြီး စားပွဲထိုး၊ လိုင်းကား နောက်လိုက်၊ ကားမောင်းသမား စတဲ့ ကျဘမ်းအလုပ်လုပ်ရင်း ၂နှစ်ကျောင်းနားခဲ့ရပါတယ်။ နောက်ပိုင်း ၂၀၀၆-၂၀၀၇ မှာ အဝေးသင်ကို ဆက်မတက်ဘဲ ကွန်ပျူတာတက္ကသိုလ်တစ်ခုတည်းကိုသာ ဆက်လက်ဆည်းပူးပြီး (B.C.Tech)ဘွဲ့ကို အောင်မြင်ခဲ့ပါတယ်။
ကျောင်းပြီးသွားတဲ့နောက်မှာ NGOs အဖွဲ့တစ်ခုဖြစ်သည့် Karen Development Network (KDN)မှာ ဒေသန္တာရစီမံကိန်းမန်နေဂျာအဖြစ် လူမှုရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် NGOs အဖွဲ့တစ်ခုဖြစ်တဲ့ အာဒရာ နိုင်ငံတကာအဖွဲ့အစည်းထဲကို ဆက်လက် ပါဝင်လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒီအလုပ်တွေ လုပ်ဆောင်ရင်း သူဟာ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တစ်ဦးဖြစ်တာနဲ့အညီ ၂၀၁၂ခုနှစ်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထဲကို ဝင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲမှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၂)မှာ NLD အမတ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့ရာမှ အနိုင်ရရှိခဲ့ပြီး လက်ရှိ အသက်(၃၂)အရွယ်မှာ လွှတ်တော်အမတ်တစ်ဦးဖြစ်လာသလို NLD မှ ကရင်ပြည်နယ်၊ လူငယ်လုပ်ငန်း အဖွဲ့တာဝန်ခံတစ်ဦးအဖြစ်လည်း တာဝန်ယူနေရပါတယ်။
ယနေ့ခေတ် လူငယ်များအပေါ် သူရဲ့အမြင်က “ကျနော်တို့နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ကြည့်မယ်ဆိုရင် လူငယ်က အများဆုံးဖြစ်တယ်။ ဒါပေမဲ့ ယနေ့ ခေတ်လူငယ်တွေက နိုင်ငံရေးတက်ကြွမှုအပိုင်းတွေမှာ စီးပွားရေး အခန်းကဏ္ဍတွေမှာပါဝင်မှုက တအားနည်းနေသေးတာကို တွေ့ရတယ်။ ဘာဖြစ်လဲဆိုတော့ လူငယ်တော်တော် များများက အပျော်အပါးဘက်မှာ လိုက်စားတာ၊ နောက်ပြီး ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံမှာ လူငယ်တွေ နိုင်ငံရေး လုပ်ဖို့ အသက်ကန့်သတ်ထားတာတွေ ရှိတယ်။ ဒီထက်မက လူကြီးတွေက လူငယ်တွေကို နေရာမပေးချင်တဲ့ အစွဲတွေကလည်း အဓိကပဲ”လို့ ဆိုပါတယ်။
သူ့အနေနဲ့ ကရင်လူငယ်တွေ နိုင်ငံရေးမှာ အရမ်းတက်ကြွပြီး ကဏ္ဍပေါင်းစုံမှာ အဘက်ဘက်က ပါဝင်နိုင်တဲ့ လူငယ်တွေကို မြင်တွေ့ချင်တယ်။ အခြားလူမျိုးစုတစ်ခုက အရမ်းတော်နေခဲ့ရင် သူတို့ တော်နေတာကို ကရင်လူငယ်တွေ မလိုက်နိုင်ဘူးဆိုရင် ယနေ့ခေတ်မှာ ဘယ်လိုမှ လူရာဝင်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း သူရဲ့ သဘောထားဆန္ဒကို ပြောပါတယ်။
“လူငယ်ဆိုတာ အနာဂါတ်ပဲ။ အဲဒီ အနာဂါတ်ကောင်းဖို့ိုဆိုရင် အခြေခံကောင်းဖို့ လိုတယ်။ လူမျိုးစုရဲ့အင်အား ကလည်း လူငယ်တွေမှာပဲ ရှိတယ်။ ပုခုံးပြောင်းတာဝန်ကို လူငယ်တွေ မလုပ်ချင်လည်း လုပ်သွားရမဲ့အနေ အထားမှာ ဒီပြောင်းလဲနေတဲ့ ခေတ်မှာ လူငယ်တွေပိုပြီး အခွင့်အလမ်းတွေရှိလာတာကြောင့် လူငယ်တွေ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်တွေမှာ အများကြီး ပိုလုပ်ဖို့လိုလာပြီ”လို့ သူ့အနေနဲ့ တိုက်တွန်းလိုက်ပါတယ်။