ဧပြီ ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်သတင်းဋ္ဌာန-KIC က ဦးဆောင်ပြီး “ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဘယ်လိုတည်ဆောက် သင့်သလဲ” ခေါင်းစဉ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ အချေအတင် စကားဝိုင်း (Debate) အစီအစဉ်က ပါဝင်ဆွေးနွေးခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်သဘောထားကို ပြန်လည်ကောက်နုတ်တင်ပြလိုက်ပါတယ်။
ပဒို စောသမိန်ထွန်း – ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (ကရင်အမျိုးသားအစည်းရုံး KNU)
ကျနော်တို့ KNU အနေနဲ့ကတော့ ၂၀၁၂ လောက်ကတည်းက ဖားအံမှာ အပစ်ခတ်ရပ်စဲရေးကို လုပ်ပါတယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးသိန်းစိန်အစိုးရနဲ့ ကျနော်တို့ အမြဲတမ်း ဆက်သွယ်သွားလာမှု ရှိပါတယ်။ ဦးသိန်းစိန်အစိုးရကလည်း ကျနော်တို့ကို အမြဲတမ်း ဆက်ဆံမှု ကောင်းပါတယ်။ အဲဒီတော့ သင့်မြတ်ရေး ဆိုတဲ့နေရာမှာ နိုင်ငံရေးအရ သင့်မြတ်ရေးအပြင် ပုဂ္ဂိုလ်ရေးအရ သင့်မြတ်ရေးကလည်း သိပ်ကို အရေးကြီးပါတယ်။
အဲဒိတော့ ကျနော်တို့ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အပစ်အခတ်ရပ်စဲရေးကိုလုပ်လာတာ စောဘဦးကြီး လက်ထက်ကတည်းက အင်းစိန်တိုက်ပွဲ ၁၉၄၉ ခုနှစ်၊ ဧပြီလ ၄ ရက်နဲ့ ၈ ရက်ကြားမှာ စောဘဦးကြီးနဲ့ ဦးနု တွေ့တော့လည်း လက်နက်ချခိုင်းတာပဲ။ အဲဒီမှာလည်း မသင့်မြတ်လို့ ပျက်ခဲ့ရတယ်။ နောက်တစ်ချိန် ၁၉၆ဝ ခုနှစ် အိမ်စောင့်အစိုးရနဲ့ တိတ်တိတ်ပုန်းဆွေးနွေးပွဲမှာလည်း ဗိုလ်ချုပ်နေဝင်းနဲ့ ကျနော်တို့ခေါင်းဆောင်တွေ တွေ့ခဲ့ကြတယ်။ ဒါလည်း အဆင်မပြေဘူး။ ဘာကြောင့်လည်းဆိုတော့ ဆွေးနွေးရတာ တစ်ဖက်သတ် အုပ်နင်း ထားသလိုဖြစ်ပြီး တန်းတူမှုမရှိဘူး။
၁၉၆၃ခုနှစ် တော်လှန်ရေးကောင်စီခေတ် တပြည်လုံး အပစ်အခတ်ရပ်စဲရေးပြီးမှ လုပ်တဲ့ဟာကလည်း တစ်ဖက်သတ် ချုပ်ကိုင်မှုဖြစ်နေတော့ ဒါလည်း ပျက်တာပဲ။ အဲဒီကနေ ၁၉၉၅-၉၆ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာလုပ်တဲ့ ဆွေးနွေးပွဲကလည်း သူတို့ဘက်က ကြိုတင်ဘောင်ခတ်ပြီးတော့မှ ဆွေးနွေးတော့ ဒီဘောင်ကို ကျနော်တို့လက်မခံနိုင်တော့ ဒီမှာလည်း ပျက်တာပဲ။ ၂၀၀၄ခုနှစ်ရောက်တော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်မြတွေ့တဲ့ နေရာမှာလည်း ဘာဘောင်မှ မထားပဲနဲ့ လုပ်တယ်။ အဆင် တော်တော်ပြေတယ်။ အဲဒီမှာ ဗိုလ်ချုပ်ခင်ညွန့် အရေးယူခံရတယ်။ ဗိုလ်ချုပ်မြလည်း ဆေးရုံတက်ရတယ်။
အခု ဦးသိန်းစိန် အစိုးရလက်ထက်ကျတော့ သူက စိတ်ရှည်တယ်။ တန်းတူမှုထားတယ်။ သူတို့ အတွေးအခေါ် တွေကို ပြောင်းလဲပြီးတော့မှ ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ်။ ဒီကနေ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက်က ဦးဆုံးလုပ်ရမှာက အပစ်အခတ်ရပ်စဲရေးပဲ ဖြစ်တယ်။ အဲဒီတော့ အပစ်အခတ်ရပ်စဲရေး ဟာ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားလူမျိုး စုတွေရဲ့လက်နက်ကိုင်အဖွဲ့ အစည်းအသေးလေးတွေ ကနေ အင်အားကောင်းတဲ့ အဖွဲ့အစည်းတွေလည်း ရှိတဲ့အတွက် စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲ ရေးဖြစ်ဖို့ဟာ သိပ်ကို အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် ကျနော်တို့ ဖားအံမှာ လက်မှတ်ထိုးတာ ပဏာမအပစ်ခတ်ရပ်စဲရေးဖြစ်ပြီး နေပြည်တော်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့လက်မှတ်ထိုးတာ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဖြစ်တယ်။ ဒါပေမယ့် ခက်တာက ၈ဖွဲ့ပဲ ဖြစ်တယ်။ အဲဒီလိုလက်မှတ်ရေးထိုးတဲ့နေရာမှာ တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက အားလုံးပါမှ လက်မှတ်ထိုးနိုင်မယ်ဆိုတဲ့ အခါကျတော့ အစိုးရကလည်း အားလုံးကို ထည့်မတွက်ဘူး။ ကျနော်တို့ KNU အနေနဲ့ကတော့ အားလုံးမပါနိုင်ရင်တောင် တစ်ဝက်ဖြစ်ရင် ထိုးမယ်ဆို ပြီးတော့ ၈ ဖွဲ့နဲ့ ထိုးလိုက်တာ တစ်ပိုင်းတော့ အေးသွားတာပေါ့။ ဒါပေမယ့် တပြည်လုံး မအေးသေးဘူး။ အဲဒီတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို မဖြစ်သေးဘူး။
ကျနော်တို့ ကရင်လက်နက်ကိုင်အဖွဲ့တွေမှာလည်း ကွဲပြားမှုလေးတွေရှိတော့ ပြန်လည်းပူးပေါင်းဖို့က KNU အနေနဲ့ ဘာမှမခွဲခြားထားပါဘူး။ ပြန်လည်ပူးပေါင်းဖို့အတွက်လည်း စီစဉ်နေပါတယ်။ စီစဉ်တဲ့အခါမှာလည်း ဟိုး ၁၉၄၉ခုနှစ်က လုပ်ခဲ့ဖူးတဲ့ ကရင်တပ်ပေါင်းစု ပုံစံမျိုးတချို့က လုပ်ချင်တယ်။ အဲဒီတုန်းကဖွဲ့တာက ဘာမား ရိုင်ဖယ်က ကရင်တွေ ကရင်ရုိုင်ဖယ်ကရင်တွေ ရဲတွေ အဲလိုအမျိုးမျိုးတွေရှိလို့ တစ်စုတစ်စည်းတည်းဖြစ်အောင် ဖွဲ့တာ။ အခုက ကိုယ့်အထဲက ခွဲထွက်သွားတဲ့ဟာတွေဖြစ်တော့ ပြန်လည်ပေါင်းစည်းဖို့ KNU အနေနဲ့ အမြဲဆီးကြိုနေပါတယ်။
မန်းမင်းရဲထွေး – အထွေထွေအတွင်းရေးမှူး ၁ (ကရင်အမျိုးသားပါတီ KNP)
ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ အဲ့ဒီမတိုင်ခင် ပထမ ကျနော်တို့လုပ်ရမှာက ဘာလဲဆိုတော့ လူ့အခွင့်အရေးနဲ့ လူသားတွေရဲ့ လိုအပ်ချက်တွေက ဘာလဲဆိုတာပါပဲ။ အဲ့ဒါတွေကို ကျနော်တို့က ပြင်ဆင် လုပ်ရပါမယ်။ လူတွေဟာ လူ့အဖွဲ့အစည်းပဲဖြစ်ဖြစ် လူတစ်ဦးချင်းပဲဖြစ်ဖြစ် တရားဥပဒေ ရဲ့အောက်မှာ လုံခြုံမှု ရှိရပါမယ်။ ဒုတိယအချက်ကတော့ လူမှုဖူလုံရေး ဥပမာ-အစားအစာ၊ ရေကောင်းရေသန့်၊ ကျန်းမာရေး စောင့်ရှောက်မှု စတာတွေအတွက် လိုအပ်ပါတယ်။ နောက်တစ်ခါ အသိအမှတ်ပြုရေး။ သူတို့ရဲ့ ဓလေ့စရိုက် ထုံးစံတွေကို အသိအမှတ်ပြုရမယ်။ လွတ်လွတ်လပ်လပ် ပြောပိုင်ဆိုပိုင်ခွင့် ရှိရမယ်ဆိုတဲ့ အသိအမှတ်ပြုခံရရေး နဲ့ လူ့အခွင့်အရေးဆိုတာ ပထမ ပြည့်စုံရပါမယ်။ အဲ့ဒီလူ့အခွင့်အရေးတွေ အသိအမှတ်ပြုရေးတွေ အားလုံး ပြည့်စုံမှ ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့နေရာမှာလည်း သမိုင်းအမှန်တွေ အမှန်တရားတွေကို သိရှိဖို့ လို်အပ်ပါ တယ်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့တဲ့နေရာမှာ ကျနော်တို့ ကရင်လူမျိုးတွေ ဘာကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ရတာလဲ အဲ့သမိုင်း အမှန်တွေ၊ ဒါပေမယ့် တစ်ဖက်က ပြောထားခဲ့တာတော့ ပြည်နယ်လိုချင်လို့ သူပုန်ထချင်လို့ သောင်းကျန်းချင်လို့ အဲ့လို သမိုင်းတွေမှာ ရေးထားခဲ့တယ်။
အဲဒီသမိုင်းအမှန်တွေကို သိရမယ်။ ဘာဖြစ်လို့ သျှမ်းတွေ လက်နက်ကိုင်ရတာလဲ၊ ကရင်တွေ လက်နက်ကိုင် ရတာလဲ၊ ကချင်တွေ လက်နက်ကိုင်ရတာလဲ၊ အဲ့ဒီသမိုင်း အမှန်တွေကိုသိမှ ဘယ်သူက မှားလဲ မှန်လဲဆိုတာကို သိမှသာလျှင် ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးကို သိရပါမယ်။ မေတ္တာတရားလည်း ရှိရပါမယ်။ တစ်ဖက်နဲ့ တစ်ဖက် လေးစားရမယ်။ စာနာထောက်ထားမှု ရှိရပါမယ်။ ခံစားခဲ့ရတဲ့ ဝေဒနာတွေကိုလည်း ကျနော်တို့ ကုစား ပေးရပါမယ်။ အပြန်အလှန် နားလည်မှု ရှိရပါမယ်။ ဒါက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တစ်ခါ ငြိမ်းချမ်းရေး ဆိုတဲ့နေရာမှာ လိုအပ်တာက တရားဥပဒေစိုးမိုးရေး ရှိရမယ်။ နောက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ လိုအပ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရပါမယ်။ အားလုံးဥပဒေအောက်မှာ ရှိကြဖို့၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိကြဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု အစိုးရသစ်တွေ ပေါ်ပေါက်လာရမယ်။ တရားမျှတတဲ့ စီးပွားရေးဖော်ဆောင်မှုတွေလည်း ရှိရမယ်။
နောက်ပြီးတော့ ပဋိပက္ခကနေ အသွင်ကူးပြောင်းပြီး လူမှုအဖွဲ့အစည်းအတွင်းမှာ ပြန်လည်သင့်မြတ်ရမယ်။ ပြန်လည်ပြီး အကျိုးစီးပွားဖြစ်ထွန်းအောင် ကျနော်တို့ ဆောင်းရွက်ရမယ်။ အဲ့ဒါမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရမယ်။ ဒီနေ့လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာ အဲ့ဒီ အချက်အလက်တွေနဲ့ပြည့်စုံလား မပြည့်စုံဘူးလားဆိုတာနဲ့ ဒီနေ့ပြန်လည်းသင့်မြတ်ရေးကို ခေါင်းစဉ်တည်တဲ့နေရာမှာ NLD အစိုးရနဲ့ တပ်မတော်နဲ့ ပြန်လည်သင့်မြတ်ရေး ကိုပဲ ဦးတည်နေကြတယ်။ အဲ့တော့ NLD အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေနဲ့ ဘယ်လိုသင့်မြတ်အောင် လုပ်မလဲဆိုတာ အဲ့ဒီက ပွတ်တိုက်မှုတွေ၊ သူတို့ရဲ့ဆောင်ရွက်မှုတွေ၊ အကောင်အထည်ဖော်မှုတွေက အရေးကြီးပါတယ်။ နောက်ပြီး တပ်မတော်ဘက်ကလည်း နယ်မြေစိုးမိုးမှုတွေ ဆက်ရှိနေမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် နှစ်ဖက်တပ်တွေ ထိပ်တိုက်တွေ့ပြီးတော့ တိုက်ပွဲတွေဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် တပ်မတော်က စိုးမိုးသိမ်းပိုက်ထားတဲ့ နေရာကနေ ဆုတ်ခွာဖို့က အင်မတန်မှလည်း အရေးကြီး လှပါတယ်။ ဒီတော့ ငြိမ်းချမ်းရေးရ ဖို့ဆိုရင် တရားမျှတတဲ့ ပြန်လည်တည်ဆောက်မှုတွေပြုလုပ်ရမယ်။ ပဋိပက္ခ ကနေပြီးတော့ အသွင်ကူးပြောင်းရေး ဥပမာ တိုက်လာခိုက်လာခဲ့ကြတာကနေ အသွင်ကူးပြောင်းပြီးတော့မှ အားလုံး ချစ်ချစ်ကြည်ကြည်လက်တွဲပြီးတော့ ကိုယ့်တိုင်းပြည်အတွက် ပြည်ထောင်စုစိတ်ဓါတ်နဲ့ အားလုံးဝိုင်းပြီး လုပ်ကြရမယ်။ ကိုယ့်အမျိုးသားရေးအတွက်လည်း ဒီစိတ်ဓါတ်အတိုင်း သွားရမယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာလည်း သမိုင်းအမှန်ကို သိရမယ်။ သမိုင်းအမှန်ကိုသိမှ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိလာမယ်။ ခွင့်လွတ်မှု ရှိကြမယ်၊ စာနာနားလည်မှု ရှိကြမယ်။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက်ဆီကနေ သင်ယူရမယ်။ မှတ်သားကြမယ်ဆိုရင် ယုံကြည်မှုတွေရလာပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရမှာ ဖြစ်ပါတယ်။
မန်းသိန်းဇော် – ဒါရိုက်တာ (သွီးလူမှုဖွံ့ဖြိုးမှုကွန်ရက်)
ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဆိုုလိုု့ရှိရင် ဒီနိုုင်ငံတော်နဲ ့ တိုုင်းရင်းသားလက်နက်ကိုုင်တွေ အားလုုံး ပါဝင်ချုပ်ဆိုုထားတဲ့ NCA ပေါ့နော်။ NCA ပါ အချက်အလက်တွေကိုု လိုုက်နာဖိုု့ လိုုမယ်ပေါ့။ နှစ်ဖက်စလုုုံုးက လက်ရှိ ပြန်လည်သင့်မြတ်ရေးလိုု့ ပြောတဲ့အခါကျတော့ စစ်တပ်ဘက်ကနေပြီးတော့ သိသာထင်ရှားတဲ့ ပြောင်းလဲခြင်းမျိုး လုုပ်ဖို့ လိုမယ်။ ဥပမာ … စစ်တပ်တွေ အားလုုံးပြန်ရုတ်သိမ်းတာမျိုး၊ ကာချုပ်ကနေပြီး အမိန့် ထုုတ်တာမျိုး၊ တရားဝင်ထုတ်ပြန်ကြေညာတာတို့ကိုလုပ်ပြီး စစ်တပ်တွေ အားလုံးနောက်ပြန်ဆုတ်ခိုင်းတာတိုု့ ကိုယ့်တပ်နေရာ ကိုယ်ပြန်လာနေခိုုင်းတာတို့ကို အဓိကထားပြီး လုပ်သင့်တယ်လို့ ကျနော်မြင်တယ်။
စစ်တပ်သည် ပွင့်လင်းမြင်သာပြီး ထင်သာမြင်သာရှိတဲ့ ပြေင်းလဲခြင်းမျိုးကိုု သူ့ဘက်ကသာ အရင်ဦဆုုံး အကောင်အထည်ဖော်မည်ဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုုင်တွေဘက်ကတော့ ယုုံကြည်မှုအတိုင်းအတာ တစ်ခုထိ ရလာမယ်လိုု့ ကျနော့် ယုုံကြည်တယ်။ နောက်တစ်ချက်က အပစ်ရပ်နယ်မြေတွေနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ အကောင်ထည်ဖော်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုု ရပ်ဖိုု့ လိုမယ်လို့ ကျနော်တိုု့ အနေနဲ့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုုတော့ တဖက်က ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်။ ခိုင်မာတိကျတဲ့ စာချုပ် ဆိုထားတာ မဟုတ်သေးဘဲနဲ့ ဖွံ့ဖြိုးရေးကို လုပ်နေတာဆိုတော့ ဒါဟာ နိုင်ငံရေးအရရော စစ်ရေး အရကော ကြည့်ရင် ဒါဟာ ပွင့်လင်း မြင်သာမှုမရှိတဲ့ လုုပ်ငန်းစဉ်တစ်ခုပေါ့။ ဒါကို ကျနော်တို့ ပြည်သုူလူထု တစ်ယောက်အနေနဲ့ မြင်တာဖြစ်ပါတယ်။
ကရင်အမျိုးသားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး Unity နဲ့ ပြောရမယ်ဆိုရင်တော့ ကျနော်တိုု့ ကရင်လက်နက်ကိုင်တွေအားလုံး နံပါတ်တစ်၊ ပြန်လည်ပေါင်းစည်းဖို့ လိုပါတယ်။ ဒီကေဘီအေ ကိုပဲ မေးမေး၊ ငြိမ်းချမ်းရေးကောင်စီကိုုပဲပြောပြော သူတို့သည်လည်း ဘယ်သူ့ မူဝါဒကိုု အသုံးပြုသလဲဆိုုတော့ စောဘဦးကြီးရဲ့ မုူဝါဒလို့ပဲ သူတို့က ပြောဆိုုနေကြတယ်။ ဒါဆိုုရှင်းတယ်။ မူတူတဲ့အတွက် ဘာမှမပေါင်းနိုင်စရာ အကြောင်းမရှိဘူး။ မိခင် ကေအဲန်ယူကပဲ ခွဲထွက်သွားတယ်၊ မိခင် ကေအဲန်ယူရဲ့ အရိပ်အောက်မှာ ပြန်လည်ခိုလှုံတာဟာ ပြဿနာမရှိဘူးလို့ ကျနော့်အနေနဲ့မြင်တယ်။ စိတ်ထဲမှာ ရှိနေတဲ့ အတ္တတွေမာနတွေ လျှော့ချနိုင်မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ လွယ်လွယ်လေး ဘာမှ ခက်တာမဟုုတ်ဘူး။ သူတို့ လက်ရှိဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ အတ္တတွေ၊ မာနတွေ၊ အစွဲတွေ ဆက်ကြီးနေမယ်ဆိုလို့ကတော့ ကျနော်တို့ အမျိုုးသားပြန်လည်သင့်မြတ်ရေးကို လွယ်လွယ်နဲ့ ရလာမယ် မဟုတ်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိရင်လည်းပဲ ကျနော်တို့ ကရင်အမျိုးသားတွေ တောင်းတ နေတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ဖယ်ဒရယ်ဆိုတာလည်း ရဖို့က အလှမ်းဝေးသွားဖို့ပဲ ရှိတယ်လို့ ကျနော်သုံးသပ်ချင်တယ်။
နော်ဒါးဒါး – ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (ကရင်အမျိုးသမီးအစည်းအရုံး KWO)
ကျမအမြင်ပြောရရင်တော့ အခုငြိမ်းချမ်းရေးလုပ်တဲ့ ၅ နှစ်တာကာလအတွင်းမှာ အားနည်းချက် အားသာချက် ဘာတွေရှိလဲဆိုရင် လက်မှတ်ထိုးနိုင်ခဲ့တာ အားသာချက်ပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေးလို့ ကျမတို့ပြောလိုက်မယ် ဆိုရင် တစ်ဖွဲ့တည်း ငြိမ်းချမ်းတာမျိုး မဟုတ်ဘဲ တစ်တိုင်းပြည်လုံးငြိမ်းချမ်းတာကို လိုချင်တယ်။ အခု တခြား ပြည်နယ်တွေမှာ မငြိမ်းချမ်းသေးဘဲ တိုက်ပွဲဖြစ်နေတယ်။
အခုတက်လာတဲ့ အစိုးရသစ်ကို ကျမတို့ ယုံတယ်။ အရင်ဆုံး လုပ်ရမှာက ယုံကြည်မှုတည် ဆောက်ရမယ်လို့ ကျမမြင်တယ်။ အစိုးရသစ်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကို်င်အဖွဲ့အစည်းတွေအားလုံး ယုံကြည်မှု မတည်ဆောက်နိုင်သေးဘူးဆိုရင် ကျမတို့ လိုချင်တဲ့ ငြိမ်းချမ်းရေးက ရအုံးမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် တစ်စိတ်တစ်ဒေသအားဖြင့် ကရင်ပြည်နယ်ကြီး အခုငြိမ်းချမ်းနေတာကို ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးလို့ ပြောလို့ မရသေးပါဘူး။ အဲဒီတော့ ဒီလိုငြိမ်းချမ်းနေတာလေးကို ရေရှည်ထိန်းသိမ်းနိုင်ဖို့က လူထုတွေ KNU နဲ့အစိုးရသစ် အပြင် အစိုးရဟောင်းမှာလည်း အများကြီးတာဝန်ရှိပါတယ်။
လက်ရှိအခြေအနေမှာ အစိုးရသစ်နဲ့ အစိုးရဟောင်းရဲ့ စပ်ကူးမတ်ကူးကာလလို့ ပြောလို့ရတယ်။ ပြောင်းလဲချိန် တန်ပြီဆိုပြီး တက်လာတဲ့ အစိုးရသစ်လက်ထက်မှာ အနည်းငယ်ပြောင်းလဲလာတာတွေတော့ တွေ့နေရပြီ။ တစ်ဆက်တည်းမှာပဲ ကျမတို့လိုချင်တာက လူအခွင့်အရေးတွေ၊ ဥပဒေအထက်မှာ ရှိနေတဲ့လူတွေလည်း ရှိနေတုန်းဖြစ်ပါတယ်။ ကျမတို့လိုချင်တာ လူတိုင်းအတွက် အကာအကွယ်ပေးနိုင်မယ့် ဥပဒေဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအတွက်လည်း ဒီဥပဒေတွေက အရေးကြီး အရာတစ်ခုဖြစ်တယ်လို့ ကျမပြောချင်ပါတယ်။
နောက်တစ်ခုက ကရင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးကိစ္စ ဖြစ်ပါတယ်။ လက်မှတ်ထိုးလိုက်လို့ ပြည်သူတွေ လွတ်လပ်သွားလာလို့ရတဲ့အခါမှ မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကြုံတွေ့နေရတဲ့ ဆိုးကျိုးတစ်ခုပေါ့။ ကရင်ပြည်နယ်ထဲမှာ လက်နက်ကိုင်အဖွဲ့တွေလည်း စုံတယ်။ မူးယစ်ဆေးဝါးရောင်းတဲ့ သူတွေကလည်း ဒီကရင်လက်နက်ကိုင်တွေနဲ့လည်း တချို့ဆက်နွယ်မှုရှိတယ်လို့ သိရတဲ့အခါကျတော့ လက်မှတ်ထိုးတာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေ လုပ်ရမယ့်အစား ဒီမူးယစ်ဆေးဝါး ကိစ္စကို ပြန်ပြီး လုပ်ရမယ်ဆိုရင် တကယ့်တကယ်လုပ်ရင် ကျမတို့ကရင်အချင်းချင်းပဲ မျက်နှာနာရမှာ ဖြစ်ပါတယ်။
မငြိမ်းချမ်းခင်ကတော့ စစ်ကြောင့် ဖြစ်လာသမျှကို အမျိုးသမီးတွေအနေနဲ့လည်း ခံစားခဲ့ရသလို အခုလို အချိန်ကျတော့ အဲလိုမူးယစ်ဆေးဝါးပြသာနာတွေဟာလည်း အခုနကပြောသလို ပြန်လည်သင့်မြတ်ရေး မရှိသေးသမျှတော့ ဆက်ပြီး ခံစားနေရဦးမှာပဲ။ ပြန်လည်သင့်မြတ်ရေးလို့ ပြောလို့ရှိရင်လည်း စစ်တပ်တွေက အပြောင်းအလဲမရှိဘူး။ တပ်တွေကို တိုးချဲ့ချင်တိုင်းတိုးချဲ့နေပြီးးတော့ ဒီဘက်ကတော့ဘာမှ မတိုးချဲ့ရဘူး။ ဒါလည်း ပြဿနာတစ်ခုပဲ။ ဒါတွေ ဘယ်သူ့မှာ တာဝန်ရှိလဲ။ ဒါတွေကို လူထုတွေမျက်ခြေမပြတ် စောင့်ကြည့်နေရမယ်။ ထောက်ပြနေရမယ်။ ကျမတို့လူထုတွေ အမျိုးသမီးတွေ မပါရင်တော့ ငြိမ်းချမ်းရေနဲ့ ပြန်လည်သင့်မြတ်ရေးက ဘယ်တော့မှ မဖြစ်လာဘူးလို့ ကျမမြင်ပါတယ်။
ကျမအနေနဲ့ ပထမဆုံးတောင်းဆိုချင်တာက ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်တဲ့စိတ်က လူတိုင်းမှာ ကိန်းဝပ်နေရမယ်။ တကယ်လိုချင်တယ်ဆိုရင် တကယ်ကြိုးစားကြမှာပဲ။ တချို့က ပါးစပ်က ငြိမ်းချမ်းရေးပြောပြီး တကယ်မလိုချင်တဲ့သူတွေလည်း အများကြီး ရှိနေတုန်းပဲ။ နောက်တစ်ခုပြောချင်တာက ငြိမ်းချမ်းရေးလိုချင်ရင် ကျမတို့အမျိုးသမီးအသံကိုလည်း နားထောင်ပေးဖို့လိုအပ်တယ်။ ကျမတို့အမျိုးသမီးတွေက စစ်ကို ဖန်တီးနေတဲ့ သူတွေ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို အစဉ်တစိုက်လိုလားနေတဲ့ သူတွေသာ ဖြစ်တယ်။ နောက်ဆုံး ပြောချင်တာက လူတိုင်းက စစ်မှန်တဲ့စေတနာတွေ ထားရှိပြီးတော့မှ ယုံကြည်မှုကို လေးလေးနက်နက် တည်ဆောင်နိုင်ဖို့ ကျမတိုက်တွန်းချင်တယ်။
မန်းထွန်းဝေ (တောင်သူလယ်သမားနှင့် စားသောက်ကုုန်ထုုတ်လုုပ်ငန်း အလုုပ်သမားများသမဂ္ဂ ကော်မတီဝင်)
ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ ပြန်လည်တည်ဆောက်ရေးကို ဘယ်လိုတည်ဆောက်သင့်သလဲဆိုတဲ့ နေရာမှာ ကျနော်တို့ ပြည်နယ် ၇ ခုရှိတဲ့ အထဲမှာ ၄ခုလောက်တော့ ကျနော်ရောက်ခဲ့တယ်။ ရောက်ခဲ့တဲ့ အထဲမှာ ကျနော်ဘာတွေ့ရသလဲဆိုတော့ အကြောက်တရားပဲ။ အဲ့တော့ အဲ့ပြည်သူတွေရဲ့ဘဝက ဘာနဲ့တူလဲ ဆိုတော့ ဆူးကြားထဲက သီးနေတဲ့ ဘူးလေးနဲ့ တူတယ်။ အသံကျယ်ကျယ်လေး ပြောလိုက်ကတည်းက ကြောက်လန့်နေတယ်ပေါ့။ အဲ့ဘဝက လွတ်မြောက်စေချင်တယ်။ ပြီးတော့ ငြိမ်းချမ်းရေးကို ဘယ်လောက် လိုချင်လဲဆိုရင် ငြိမ်းချမ်းရေးကို အစားအသောက်လိုပဲ စာလောင်မွတ်သိပ်နေတယ်။ ဒါကိုလည်း အစိုးရက သိရှိနေဖို့ လိုအပ်ပါတယ်။ အဲ့တော့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါ ဘာလိုအပ်သလဲဆိုတော့ မာန်မာန မစ္ဇရိယစိတ်သုံးခုက လွတ်ကင်းနိုင်ဖို့က အထူးကို အရေးကြီးပါတယ်။ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီကိစ္စမှာ မေတ္တာတရားရှေ့ထားဖို့ အင်မတန်မှ အရေးကြီးဆုံး အချိန်အခါလည်း ဖြစ်ပါတယ်။
နှစ်တွေလည်း လွန်မြောက်နေပါပြီး။ ကျနော်တို့ သားတွေသမီးတွေကလည်း ဒီအတိုင်းပဲ ခေတ်မမှီတဲ့ဘဝက နေပဲနေထိုင်သွားရတော့မှာလားလို့ ကျနော်ပြောချင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်တဲ့ နေရာမှာ ကျနော်တို့ ပြည်သူတွေရဲ့ဆန္ဒအရ ဘာအလိုအပ်ဆုံးလည်းဆိုတော့ ကျနော်တို့ရဲ့ လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဒေသစွဲ အဲဒီအစွဲတွေ လွတ်ကင်းမှသာလျင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်ပေါ်လာနိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ အဖွဲ့အစည်းတွေအနေနဲ့ အဆင့်မီတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပေါ်ဖို့ လိုတယ်။ အဲ့ဒီလိုအဆင့်မီသလို ကျနော်တို့ ပြည်သူတွေ အသိတရားနောက်က လိုက်လာဖို့ လိုတယ်။ အဲ့လို နှစ်ခုပေါင်းစပ်မှပဲ ငြိမ်းချမ်းရေးအတွက် ပိုပြီး အကျိုးရှိမယ်။ ဥပဒေတစ်ခုတည်း ခိုင်မာနေလို့လည်း မပြီးဘူး။ အဲ့ဒီဥပဒေတွေကို ပြည်သူအပေါင်းက သိနေဖို့ လိုတယ်။ အဲ့လို မသိခဲ့ပဲ လုပ်ခဲ့မယ်ဆိုရင် ဒီငြိမ်းချမ်းရေးက အပေါ်ပိုင်းလောက်မှာပဲ ပြီးလောက်မယ်။ ပြည်သူက မသိခဲ့ဘူးဆိုရင် ဆိုးယက်တိုက်ခိုက်မှု၊ တော်လှန်ပုန်ကန် တိုက်ခိုက်မှုတွေ ရှိနေအုံးမယ်။ အဲ့တော့ ကျနော်တို့တွေ တစ်ဦးကိုတစ်ဦး အပြန်အလှန် ပြောစကား နားထောင်ပြီး လေးစားလိုက်နာကြမယ်ဆိုရင် ကျနော်တို့ လိုလားနေတဲ့ငြိမ်းချမ်းရေးကို ပြန်လည် ရရှိကြမှာပါ။