Home သတင်း မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံစီမံကိန်း ဆက်မလုပ်ရန် ‌ဒေသခံများ ကန့်ကွက်၊ ‌တောင်းဆို

မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံစီမံကိန်း ဆက်မလုပ်ရန် ‌ဒေသခံများ ကန့်ကွက်၊ ‌တောင်းဆို

2285

မတ် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်‌မြေ မွန်ပြည်နယ် သထုံခရိုင် တပ်မဟာ(၁)၊ ပိန္နဲ‌တော‌ကျေးရွာအုပ်စုအတွင်းရှိ မင်းလွင်ထုံး‌ကျောက်‌တောင်‌ခြေတွင် ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ‌ဆောင်ရွက်‌နေသည့် ဓာတ်သတ္တု ဆက်လက် စမ်းသပ် တိုင်းတာ‌ရေးနှင့် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းကို ဆက်မလုပ်ရန် ‌ဒေသခံများက ယ‌နေ့ ကန့်ကွက်‌တောင်းဆို လိုက်သည်။

မင်းလွင်‌တောင်ကို အမှီပြု၍ ဘိုးစဉ်‌ဘောင်ဆက်ကတည်းက အသက်‌မွေးဝမ်း‌ကျောင်းပြုလာခဲ့ပြီး စက်ရုံတည်‌ဆောက်ပါက ‌ဒေသအ‌မွေအနှစ်၊ အမှတ်အသားများ ‌ပျောက်ကွယ်ကာ သဘာဝပတ်ဝန်းကျင်၏ ‌နောက်ဆက်တွဲဆိုးကျိုးများလည်း ဖြစ်လာနိုင် သည့်အတွက် ဖြူမင်းထွန်းကုမ္ပဏီ၏ ဓာတ်သတ္တုစမ်းသပ်တိုင်တာခွင့် စီမံကိန်း ဧပြီလအတွင်း ကုန်ဆုံးသည့်အခါ ‌ရှေ့ဆက်မ လုပ်ရန် မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ မက်က‌လေးလမ်းနံ‌ဘေး ကက်သလစ် ခရစ္စယာန်ဘုရား‌ကျောင်း၌ ပြုလုပ်သည့် KNU နှင့် ‌တွေ့ဆုံပွဲသို့ တက်‌ရောက်ခဲ့ကြသူ ‌ဒေသခံနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ကန့်ကွက်‌တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတက်‌ရောက်သည့် မင်းလွင်‌ကျေးရွာ ‌ဒေသခံ ‌နော်‌ဖော‌နောက “ဒီ‌နေရာမှာ ကျမတို့ အသက်‌မွေးဝမ်း ‌ကျောင်းအတွက် လယ်ယာ‌တွေ၊ ခြံ‌တွေရှိတယ်။ ဒီ‌တောင်ကို အမှီပြုပြီး ကျမတို့ လိုအပ်တဲ့ ထင်း၊ သစ်၊ ဝါးနဲ့ ဟင်းသီးဟင်ရွက် စတာ‌တွေ ရတယ်။ ကုမ္ပဏီလုပ်ငန်း‌တွေ လာလုပ်လို့ ဒီ‌တောင်ကုန်သွားရင် ပကတိ အ‌နေအထားအတိုင်း ဘယ်‌တော့မှ ပြန်မဖြစ်လာနိုင်‌တော့ဘူး။ ဒါကို ကန့်ကွက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကိစ္စအ‌ပေါ် လိုက်လံကူညီ‌ပေး‌နေသည့် ကရင်ဖွံ့ဖြိုး‌ရေးကွန်ရက်(KDN)မှ တာဝန်ရှိသူ ‌နော်က‌ပေါ်‌စေးက “ကုမ္ပဏီက နည်း မျိုးစုံနဲ့ဝင်လာပြီး ‌ဒေသခံ‌တွေကို စည်းရုံးတာ‌ပေါ့။ သူတို့က စမ်းသပ်ခွင့်လို့ ‌ပြော‌ပေမယ့် အခု စာချုပ် စာရွက်စာတမ်းထဲမှာ စက်ရုံ တည်‌ဆောက်ခွင့်ပါ ပါတဲ့အတွက် ကျမတို့ စိုးရိမ်တယ်။ ‌ဒေသခံ‌တွေကလည်း ဒီစီမံကိန်းကို ကန့်ကွက်တာ ဖြစ်ပါတယ်”ဟု ‌ပြော သည်။

ယ‌နေ့ပြုလုပ်သည့် ‌တွေ့ဆုံပွဲတွင် KNU မှ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောတာဒိုမူး၊ သထုံခရိုင် အတွင်း‌ရေးမှူး ပဒို‌စောကိုလင်းနှင့် အဖွဲ့ အပါအဝင် ကရင်ပြည်နယ်ရှိ ဖားအံမြို့နယ် ကရင်စာ/ယဉ်၊ မွန်ပြည်နယ်ရှိ သထုံ၊ ‌မော်လမြိုင်၊ ကျိုက္ခမီ၊ မုဒုံ၊ ကျိုက်မ‌ရော စသည့်မြို့နယ်တို့မှ ကရင်စာ/ယဉ် ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းအချို့နှင့် မင်းလွင်‌တောင် ‌ဒေသခံလူထုများ စုစု‌ပေါင်း ၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

KNU သထုံခရိုင် အတွင်း‌ရေးမှူး ပဒို‌စောကိုလင်းက “ဒီလုပ်ငန်းက စမ်းသပ်တဲ့အဆင့်ပဲ ကျ‌နော်တို့ ခွင့်ပြုတာ ဖြစ်ပါတယ်။ ကျ‌နော်တို့က ပြည်သူ‌တွေကို ကိုယ်စားပြုပြီး အလုပ်လုပ်‌နေတဲ့ အဖွဲ့ပါ။ ပြည်သူ‌တွေ သ‌ဘောမတူတာကို ကျ‌နော်တို့ လုံးဝ မလုပ်ပါဘူး။ အမြဲ‌လေးစားပါတယ်။ စမ်းသပ်ကာလလွန်သွားရင် ပြည်သူ‌တွေရဲ့ သ‌ဘောထားကို ပြန်ယူမယ်။ သူတို့ရဲ့ သ‌ဘော ထားအတိုင်းပဲ ကျ‌နော်တို့ လုပ်သွားမယ်”ဟု ‌ပြောသည်။

မင်းလွင်‌တောင်ကို ဓာတ်သတ္တုစမ်းသပ်တိုင်းတာကာလမှာ ၂၀၁၅ခုနှစ်၊ ဧပြီ ၂၂ရက်မှ ၂၀၁၆ ဧပြီ ၂၁ရက်‌နေ့အထိဖြစ်ပြီး ဖြစ် ‌မြောက်နိုင်စွမ်း‌လေ့လာရန် ကာလကို ၂၀၁၆ခုနှစ်၊ ဧပြီ ၂၂ရက်မှ ၂၀၁၇ခုနှစ်၊ ဧပြီ ၂၂ရက်‌နေ့အထိဖြစ်‌ကြောင်း မြန်မာအစိုးရ သတ္တုတွင်းဝန်ကြီးဌာနမှ ဓာတ်သတ္တုစမ်းသပ် တိုင်းတာရန်နှင့် ဖြစ်‌မြောက်နိုင်စွမ်း‌လေ့လာရန် ခွင့်ပြုမိန့်စာကို ပြီးခဲ့သည့်နှစ် ဧပြီ လ ၂၃ရက်‌နေ့က ထုတ်ပြန်ထားသည်။

အလားတူ မင်းလွင်‌တောင် သတ္တုစမ်းသပ်မှုနှင့် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မှုလုပ်ငန်းကို ကန့်ကွက်‌ကြောင်း ၎င်း‌ဒေသရှိ ‌ဒေသခံရွာသားများ စု‌ပေါင်း၍ မွန်ပြည်နယ် အစိုးရထံသို့ ၂၀၁၅ ခုနှစ်၊ ‌မေလ ၂၆ရက်‌နေ့က အသနားခံစာတစ်‌စောင် ‌ပေးပို့ခဲ့ ‌သေးသည်။ ပိန္နဲ‌တော‌ကျေးရွာအုပ်စုရှိ မင်းလွင်‌တောင်‌ခြေအနီးတဝိုက်တွင် မင်းလွင်ရွာ၊ ဝမ်းဘဲအင်း၊ ထီးညာလု၊ ပိန္နဲ‌တော၊ ပန်းသာယာ၊ အလယ်ရွာ စသည့်‌ကျေးရွာများ တည်ရှိသည်။