(လကင်္ာဒီပ)
(၂ဝ မတ်လ၊ ၂၀၁၆)
နှုတ်ဆိတ်မနေသင့်တော့ဘူး ဒေါန
လောဘ ဒေါသ မောဟတွေ ဖုံးနေတဲ့
စောရတွေက အသားထဲခိုအောင်း
ပြည်သူ့ခေါင်းကိုနင်း
ပြည်အရင်းအမြစ် သယံဇာတတွေကို ခိုးဖို့ကြံ
ပွင့်လင်းမြင်သာမှု မရှိတဲ့အခါ
လိမ်ညာမှုတွေဟာ ဘွားဘွားပေါ်လို့လာတယ်။
မြိုသိပ်မနေသင့်တော့ဘူး သံလွင်
ရေအလျင်ကို ရပ်တံ့အောင်
တောင်မြောက်ဆန်တက် ဟန်ဖျက်ရေးကြံ
တာတမံ ဘောင်တွေနဲ့ ထိန်းချုပ်
သူလုပ်သမျှ သူခိုင်းစေရာ
ပြည်မျက်နှာ မထောက်သူတချို့ရဲ့
သက်မဲ့ နယ်ရုပ်လေးလို သင့်ကိုထိုးကျွေးဖို့ ပြင်ကြပြီ။
စိတ်အေးလက်အေး အတွေးတွေချဲ့
ငေးနေနဲ့တော့ ထီးထာစွေးရေ
ကိုရွှေပဲခူးရိုးမကြီးကိုလည်း ပြောလိုက်ပါ
ငါနဲ့မဆိုင် အနေသာကြီး
ရပ်တည်ပြီး မနေကြနဲ့တော့လို့
ကျုပ်တို့ သံလွင်ရေပြင်
ဒါးဂွင် ဟတ်ကြီး ဘောကထ
ကျောချမှ ဓါးပြမှန်း သိခွင့်ရကြပြီကွဲ့။
သူ့စွမ်းအား သူ့အရင်းအမြစ်
သူချစ်တဲ့ ပြည်သူတွေခံစားရရင်
သေချင်သေ ခမ်းချင်ခမ်း
စွမ်းပြလိုက်ချင်တယ်ဆိုတဲ့
အတ္တမဲ့ သံလွင်မြစ်တစ်စင်း
ဒင်းတို့ကြောင့် မှောင့်မှောင့်မှားမှား
သားကောင်ချနင်းကိန်းဆိုက်တဲ့အခါ
စီးကျလာမျက်ရည်တွေဟာ
ဘောကထမှာ ဆုံလို့လာတယ်လေ။
ဘောကထချောင်းဖျားမှာ
သောကလာပေါင်းမိရော့သလား
ကျောက်နဂါးကြီးရေ
ဒဏ်ရာတွေ ပြောပြလိုက်ပါအုံး
ဘုံးဘုံးလဲခဲ့တဲ့ တောတန်းကြီးအကြောင်း
ခေါင်းမဖော်နစ်မြုပ်သွားရှာ
လယ်ယာမြေဇာတ်မြောများ
နောက်ကျော ဓါးထိုးခံရတဲ့အကြောင်းတွေပေါ့။
သင့်ကြောင့် သဘာဝတရား
မဟားဒရား မဖေါက်ပြန်စေ
ပြည်သူတွေ မနစ်နာကြစေရေး
ရှေးရှုဆောင်ရွက် ထိန်းသိမ်းရန်ဝန်တာ
ကမ္ဘာကြီး တည်နေသေးသရွေ့လည်း
ဆည်းလည်းရှိုက်သံလေးလို
နားဝင်ချို အေးမြနေစေချင်ပါ့
ဘောကထမျက်ရည် ခမ်းခြောက်ပါစေသတည်း။