ဖေဖော်ဝါရီ ၈ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးရှိ အိမ်ခြေ ၆၀၀ကျော်ရှိသော ဝါးဒက်ကွင်းရပ်ကွက်ကို ဖေဖော်ဝါရီ ၁ရက်နေ့က ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော အမည်မသိ လူတစ်စုမှ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း အိမ်မီးရှို့ခံခဲ့ရသူ ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။
ထိုနေ့က အဆိုပါ အမည်မသိ လူတစ်စုသည် ကားတစ်စီးနှင့် ဆိုင်ကယ် ဆယ်စီးကျော်ဖြင့် ၎င်းရပ်ကွက်အတွင်းသို့ ဝင်ရောက် လာပြီး ကျေးရွာဒေသခံများအား လက်မအရွယ်ရှိသော သံလုံးသီးကို လေးဂွဖြင့် ချိန်ရွယ်ပစ်ခတ်ခြင်း၊ အိမ်များကို ဖြိုချဖျက်ဆီး ခြင်းနှင့် အိမ်မီးရှို့ခြင်းများကို ပြုလုပ်ခဲ့သည်ဟု အိမ်မီးရှို့ခံရသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“သူတို့က ဝင်လာတော့ ကျနော်တို့ ထွက်ပြေးရတာပေါ့။ သူတို့ အိမ်ကို မီးရှို့တယ်။ ကျနော်တို့က အသက်ရှင်ဖို့ပဲ ရုန်းပြီး ဘာမှ မသယ်နိုင်ကြဘူး။ ဒီကိစ္စမှာ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေကို ကျနော်တို့ အကူအညီတောင်းခဲ့တယ်။ ဘယ်သူမှ ကျနော် တို့ကို မကူညီကြဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဝါးဒက်ကွင်းအတွင်း နယ်မြေသည် အများပိုင် မြေလွတ်မြေရိုင်းဖြစ်ခဲ့ပြီး အစိုးရ အာဏာပိုင်များက နိုင်ငံတော်ပိုင်မြေ ဆိုင်းဘုတ် ထောင်ထားကြောင်းနှင့် ရပ်ကွက်မီးရှို့မခံရမီ ရက်ပိုင်းအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက ကျေးရွာဒေသခံများအား မိမိနေ ထိုင်သည့်နေရာမှ အပြီးထွက်ခွာရန် ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
လက်ရှိ ရွာမီးရှို့ခံရသော ဒေသခံများသည် ဝါးဒက်ကွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီအဖြစ် သွားရောက်အခြေစိုက် ခိုလှုံနေကြရပြီး အစားအစာ၊ အဝတ်အစားနှင့် ဆေးဝါးများ လိုအပ်လျှက်ရှိရာ ဝါးဒက်ကွင်းဘုန်းကြီးကျောင်းတွင် ခိုလှုံသူများကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကျိုက်ထိုမြို့နယ် ဥက္ကဌ ပဒိုစောစိုးမြင့်နှင့်အဖွဲ့က ဖေဖော်ဝါရီ ၂ရက်နေ့တွင် စောင် အထည် ၁၅၀၊ ဆန်အိတ် ၁၅အိတ်နှင့် စားသောက်ဖွယ်ရာအချို့ကို သွားရောက်ကူညီပေးခဲ့သည်။
ယင်းအိမ်မီးရှို့ခံခဲ့ရသော ဒေသခံများကို ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သည့် ကေအဲန်ယူ ကျိုက်ထိုမြို့နယ် အတွင်းရေးမှူး စောကျော်မြင့်ဦးက “ကျနော်တို့ အဲဒီကိုရောက်တော့ တွေ့ရတဲ့ အခြေအနေက တော်တော်ဆိုးတယ်ဗျာ။ အိမ်တွေဟာ အရှို့ခံရ လို့ တိုင်တွေပဲ ကျန်တယ်။ လူတွေကလည်း ငိုတဲ့သူက ငို၊ အကူအညီ တောင်းသူက တောင်းနဲ့ မြင်ရတာ တကယ် စိတ်မချမ်း သာစရာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ ရွာမီးရှို့ခံရမှုအပေါ် သွားရောက်တွေ့မြင်ခဲ့သည့် အခြေအနေများကို သက်ဆိုင်ရာ ကေအဲန်ယူ သထုံဆက်ဆံရေးရုံးသို့ စာပေးပို့ထားသည်ဟုလည်း စောကျော်မြင့်ဦးက ဆက်ပြောသည်။
ဝါးဒက်ကွင်းရပ်ကွက်တွင် အခြေစိုက်နေထိုင်သူအများစုသည် ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ တနော်ကျွန်းကျေးရွာအုပ်စုအတွင်းမှ ဒေသခံများဖြစ်ကြပြီး ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်တွင် ပြောင်းရွှေ့လာသူများဖြစ်ကြောင်း သိရသည်။