ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
ကရင်ပြည်နယ်၊ ဖားအံမြို့၌ ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်နေ့ဝက်အထိ ပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် ကရင်နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲတွင် ကရင်နိုင်ငံရေးပါတီ ၅ ခုက ပါတီတစ်ခုတည်း ပေါင်းစည်းရေး အတွက် အခြေခံမူဝါဒရေးဆွဲရန် (၁၀)ဦးပါ မူဝါရေးရာရေးဆွဲရေး ကော်မတီတစ်ခုကို ယနေ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
ထိုသို့ ဖွဲ့စည်းရာတွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ မန်းအောင်ပြည်စိုး၊ နန်းစေအွာ၊ ကရင်အမျိုးသား ပါတီ(KNP)မှ မန်းထိန်ဝင်းစိန်၊ မန်းကျော်ငြိမ်း၊ ကရင်ပြည်သူ့ပါတီ(KPP)မှ နမ့်ခင်အေးဦး၊ စောဒစ်ဆင်ထွန်းလင်း၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)မှ နော်လားခူ၊ စောရဲဝင်းနိုင်နှင့် ကရင်ပြည်နယ် ဒီမိုကရက်တစ်နှင့် ဖွံ့ဖြိုးတိုး တက်ရေးပါတီ(KSDDP)မှ မန်းအောင်တင်မြင့်နှင့် ကိုဆွိတို့ကို မူဝါဒရေးရာကောမတီဝင်အဖြစ် ပါဝင်သည်။
“ဒီမူဝါဒရေးဆွဲရေးကော်မတီက မူဝါဒတွေ ရေးဆွဲမယ်။ မူဝါဒ ရေးဆွဲတာက သိပ်မကြာဘူး။ နောက်ပြီး ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွေက အစ၊ အဲဒါတွေကို ရေးဆွဲဖို့ တာဝန်ရှိတယ်လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ်”ဟု ကရင်အမျိုးသားပါတီ(KNP) အတွင်းရေးမှူး မန်းကျော်ငြိမ်းက ကေအိုင်စီသို့ ပြောသည်။
ယခုပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကော်မတီဖွဲ့စည်းခဲ့ခြင်းအပြင် ပါတီအသီးသီး၏ မူဝါဒများကို ချုပ်ပြီး တစ်ခုတည်းသော ပါတီမူဝါဒဆိုင်ရာ အခြေခံမူ(မူကြမ်း)ကို ရရှိသွားခြင်း နှင့် ကရင်နိုင်ငံရေးပါတီများ တစ်ပါတီတည်း ပေါင်းစည်းရေး ဒုတိယအကြိမ်အစည်းအဝေးကို မေလ တတိယအပတ်၌ ဖားအံမြို့တွင် ကျင်းပသွားခြင်း စသည့် အချက် ၃ ချက်တို့ကို ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းမူဝါဒရေးဆွဲရေးကော်မတီဝင် ၁ဝ ဦးသည် တွေ့ဆုံဆွေးပွဲ ဆုံးဖြတ်ချက်အရ ပါတီတစ်ခုတည်း ပေါင်းစည်းရေးအတွက် မျက်နှာစုံညီအစည်းအဝေး (ကရင်နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ)ကို ဖားအံမြို့၌ ထပ်မံမကျင်းပသွားမီ ဧပြီလ ၂၃၊ ၂၄ ရက်နေ့ဝန်းကျင်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကာ မူဝါဒနှင့် ဖွဲ့စည်းပုံရေးဆွဲသွားရန် ရှိသည်ဟု သိရသည်။
ပါတီပေါင်းစည်းရေးကိစ္စအပေါ် KSDDP ဥက္ကဌ စောသာထူးကျော်က “အခုလို ကရင်ပါတီ တစ်ခုတည်းဖြစ်လာ ဖို့ ရှိတယ်ဆိုတော့ ကျနော်တို့ ပါတီတွေ ဝမ်းသာတာနဲ့အမျှ ပြည်သူလူထုတွေလည်း မျှော်လင့်စောင့်စားနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မူကြမ်း(မူဝါဒ)ရေးဆွဲရေး ကော်မတီလည်း ဖွဲ့ထားပြီးဆိုတော့ ဒီထက်ပိုပြီး ပီပြင်သွားမယ်။ နောင်ဆိုရင် ပြည်သူလူထုတွေရဲ့ တခဲနက်ထောက်ခံမှုကို ရလာမယ်လို့ မျှော်လင့်တယ်”ဟု တွေ့ဆုံဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့အပြင် ယခုတွေ့ဆုံဆွေးနွေးပွဲတွင် ကရင်ပါတီများသည် ပေါင်းစည်းရေးကို သဘောတူကြပြီဖြစ်သော်လည်း ပါတီတစ်ခုတည်း ဖြစ်ရေးအတွက် လိုအပ်သည့် မူဝါဒနှင့် ဖွဲ့စည်းပုံများကို ရှေ့ဆက် တဆင့်ပြီးတဆင့် ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်သည်ဟု ကရင်နိုင်ငံရေးပါတီ ၅ခုမှ ခေါင်းဆောင်များက ပြောဆိုသည်။
ကရင်နိုင်ငံရေးပါတီများသည် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ၌ ပေါင်းစည်းရေးကို မူအရ သဘောတူခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၆ရက်နေ့တွင် ပေါင်းစည်းရေးကော်မတီတစ်ရပ်ဖွဲ့ပြီး လိုအပ်သည့် ပြင်ဆင်မှုများကို တစ်နှစ်အတွင်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။



















