ဇန်နဝါရီ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) အခြေစိုက်ရာ ဝေါ်လေဒေသအတွင်းတွင် မြန်မာအစိုးရ စစ်တပ်များက ဝေါ်လေ-မောဖိုးကလိုး ကားလမ်းဟောင်းကို ယခင်လ ဒီဇင်ဘာမှစ၍ ပြုပြင်ဖောက်လုပ်လျှက်ရှိပြီး ယင်းလမ်းဖောက်လုပ်မှုကို မလိုလားကြောင်း နယ်ခံ KNLA က ယနေ့ ပြောဆိုလိုက်သည်။
ဝေါ်လေ-မောဖိုးကလိုး ကားလမ်းဟောင်းကို ၃၄ ပေ အကျယ်ဖြင့် အစိုးရ၏ ဆောက်လုပ်ရေး ယန္တရားတပ်ရင်း အမှတ်(၉၀၄)မှ လုပ်ဆောင်နေပြီး လက်ရှိတွင် ယုံကြည်မှုတည်ဆောက်နေသည့် ကာလဖြစ်သောကြောင့် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေစိုးမိုးရေးကဲ့သို့ လုပ်ဆောင်မှုမျိုးကို အစိုးရ စစ်တပ်အနေဖြင့် မပြုလုပ်သင့်ကြောင်း KNLA တပ်မဟာ(၆)၊ အမှတ်(၂၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောဘူးဖောက ကေအိုင်စီသို့ ပြောသည်။
“ငြိမ်းချမ်းရေးကို ဦးတည်လုပ်နေတဲ့အခါ ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေ ထားရှိရမယ်။ ဖွံ့ဖြိုးရေး လုပ်ဆောင်ရမယ့် ကာလမဟုတ်သေးတဲ့ အချိန်မှာ မလုပ်သင့်ရင် မလုပ်ရဘူး။ ဘာဖြစ်လဲဆိုရင် အခု လမ်းဟောင်းက မပြုပြင်လည်း သွားလာလို့ ရပါတယ်။ တကယ်လို့ လုပ်မယ်ဆိုလည်း ကျနော်တို့နဲ့ ညှိနှိုင်းမှုတွေ သေချာလုပ်စေချင်ပါတယ်”ဟု ဒု-ဗိုလ်မှူးကြီး စောဘူးဖောက ပြောဆိုသည်။
ဝေါ်လေဒေသရှိ အစိုးရ စစ်တပ်အခြေစိုက်ရာ စခန်းများသို့ ဦးတည်နေသည့် ကားလမ်းဟောင်းများကို တစ်နှစ်လျှင် တစ်ခုနှုန်းဖြင့် ပြုပြင်ဖောက်လုပ်သွားရန် အစိုးရစစ်တပ်ဘက်မှ စီမံကိန်းချမှတ်ထားကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဆောက်လုပ်ရေး ယန္တရားတပ်ရင်း အမှတ်(၉၀၄) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဖြိုးသီဟကျော်နှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ထိုသို့ ပြောဆိုခဲ့သည်ဟု ဒု-ဗိုလ်မှူးကြီး စောဘူးဖောက ဆက်ပြောသည်။
အစိုးရ စစ်တပ်၏ လမ်းဟောင်းပြုပြင်ဖောက်လုပ်မှုနှင့် ပတ်သက်၍ KNLA တပ်မဟာ(၆) ဌာနချုပ်ရုံးသို့ တင်ပြထားကြောင်းနှင့် နောင်လာမည့်နှစ်များတွင် အလားတူ လမ်းဟောင်းပြုပြင်ဖောက်လုပ်မှုမျိုးကို မပြုလုပ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNLA အမှတ်(၂၀၁)တပ်ရင်းက ဆိုသည်။
လမ်းဟောင်းပြုပြင်ဖောက်လုပ်မှုအပေါ် ဝေါ်လေဒေသ မောခီးရွာသားတစ်ဦးဖြစ်သူ စောတာသူးက “မြန်မာစစ်တပ်က လမ်းဟောင်းကို လာပြီး ပြုပြင်ဖောက်လုပ်တာ ကျနော်တို့ ဒေသခံတွေကို အသိပေးတာမျိုး မရှိပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက် အတိအကျကိုလည်း ကျနော်တို့ မသိဘူး။ ကျနော်ထင်တာကတော့ သူတို့ အုပ်ချုပ်ရေးနေရာ လာချမလားပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
ယခု လမ်းဟောင်းပြုပြင်ဖောက်လုပ်မှုကိစ္စကို ဝေါ်လေဒေသရှိ အစိုးရစစ်တပ် တာဝန်ရှိသူများအား ကေအိုင်စီမှ ကြိုးပမ်းဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။
ဝေါ်လေဒေသတွင် အစိုးရ၏ ဝေါ်လေဗျူဟာစခန်းအပါအဝင် မောခီး၊ ကနဲလေး၊ ထိုးကျိုး စသည့် စခန်းများ တည်ရှိပြီး လတ်တလောတွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၁၆)လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၃၁၀) အခြေစိုက်ကာ ခမရ (၅၅၇)က လှုပ်ရှားတပ်အဖြစ် သွားလာနေသည်ဟု သိရသည်။
၎င်းဒေသရှိ အစိုးရ စစ်တပ်သည် သုံးလတာ အကြာဖြင့် ရှစ်မိုင်ဝန်းကျင် အကွာအဝေးရှိသော ဝေါ်လေ-မောဖိုးကလိုး ကားလမ်းဟောင်းကို ပြုပြင်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကလည်း ဝေါ်လေ-ထီးကပလယ် ကားလမ်းဟောင်းကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ဝေါ်လေဒေသအခြေစိုက် နယ်ခံ KNLA က ဆိုသည်။



















