ဇန်နဝါရီ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားများ လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ အခွင့်အရေးများ မရရှိသေးသည့်အပေါ် နှစ်သစ်မှစ၍ တက်ညီ လက်ညီ ကြိုးစားသွားကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ကရင်ပြည်သူလူထုထံသို့ ယနေ့ ကျရောက်သော ကရင်သက္ကရာဇ် ၂၇၅၅ခုပြည့်နှစ်တွင် တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ ဇန်နဝါရီလ ၁ဝရက်နေ့တွင် ကျရောက်သော ၂၇၅၅ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ် တစ်ခုလုံး အတိုင်းအတာဖြင့် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ကျေးရွာတွင် နေရာဒေသအသီးသီးမှ ပရိဿတ် သောင်းနှင့်ချီ တက် ရောက်ခဲ့ကြသည့် နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ထိုသို့ တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
အခမ်းအနား သဘာပတိတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးစောဂျော်နီက “ကျနော်တို့ ကရင်အမျိုးသားလိုလားတောင်းတတဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေးတွေဟာ တစ်ခုမှ မရသေးဘူး။ အခုက တိုက်ပွဲကာလပဲ ရှိပါသေးတယ်။ တိုက်ပွဲကတော့ သွေး ထွက်သံယိုမရှိတဲ့ စားပွဲပေါ်တိုက်ပွဲပေါ့။ ကျနော့်အနေနဲ့ တိုက်တွန်းချင်တာက အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်အားလုံးကို နှစ် ဟောင်းမှာ အကုန်ချန်ထားပြီးတော့ ကျနော်တို့ အမျိုးသားလိုလားတောင်းတမှု ပြည့်ဝဖို့အတွက် တက်ညီလက်ညီ အတူတကွ ကြိုးစားကြပါလို့ ပြောချင်တယ်״ဟု မိန့်ခွန်းပြောကြားခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်သော်လည်း ကရင်အမျိုးသား များ လိုလားတောင်းတသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေးတို့ကို အပြည့်အစုံရရှိရန် မကြာခင် ကျင်းပတော့မည့် နိုင်ငံရေးဆွေးနွေးပွဲကာလတွင် ဆက်လက် ဆွေးနွေးတောင်းဆိုသွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောဂျော်နီက ဖြည့်စွက် ပြောဆိုသည်။
ကရင်ပြည်နယ်ရှိ ဖားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်နှင့် မြဝတီမြို့နယ် စုပေါင်းပါဝင် ကျင်းပသော ၎င်းကရင်နှစ် သစ်ကူးပွဲတော်သို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများမှ ထိပ်တန်းခေါင်းဆောင်များ၊ အစိုးရ တပ်မတော်အရာရှိများ၊ အထင် ကရ ကရင်သံဃာတော်များ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ပြည်ပရောက် ကရင်အမျိုးသားများ၊ နယ်စပ်ဒေသရှိ ကရင်အမျိုးသားများနှင့် နိုင်ငံခြားသား ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
နံနက် ၇နာရီတွင် စတင်ကျင်းပသည့် ၎င်းအခမ်းအနားကို ရိုးရာဒုံးယိမ်းအဖွဲ့များ ချီတက်ခြင်း၊ ကရင်အမျိုးသားသီချင်းဖြင့် အလံ တော်လွှင့်ထူခြင်း၊ သဘာဝပတိမှ မိန့်ခွန်းပြောကြားခြင်း၊ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်နယ် ဝန်ကြီးချုပ်၊ (KNU/KNLA)ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စောဋ္ဌေးမောင်နှင့် နယ်ခြားစောင့်တပ် ညွန်ကြားရေးမှူးချုပ်တို့၏ မိန့်ခွန်းများကို ဖတ်ကြားခဲ့ပြီး ကရင်အမျိုးသားကောက်သစ်စားပွဲ အစီအစဉ်တို့ကိုလည်း ဆက်လက် ကျင်းပခဲ့ကြသည်။
၎င်းအခမ်းအနားသို့ တက်ရောက်သည့် ထိုင်းနိုင်ငံတွင်း လူသိများသည့် ကရင်အမျိုးသားတေးသံရှင် စောချေက “တစ်အချက်က တော့ ကရင်နှစ်သစ်ကူးပွဲတော်ကို အတူလာဆင်နွှဲတာပေါ့။ နှစ်တစ်ချက်က ကရင်နှစ်သစ်ကူးပွဲတော်ကို မြန်မာပြည်က ကျနော် တို့ ညီအစ်ကိုတွေ ဘယ်လိုကျင်းပသလဲ လာလေ့လာတာဖြစ်တယ်။ ကျနော်တို့ ကရင်အမျိုးသားတွေက အကွဲအပြဲတွေ အရမ်း များတယ်။ ဒီနှစ်မှာ ပြည်တွင်း၊ ပြည်ပအပြင်၊ ထိုင်းနိုင်ငံမှာရှိတဲ့ ကရင်အမျိုးသားတွေ အများအပြား လာရောက်ပူးပေါင်းတာ တွေ့ ရတဲ့အပေါ် အခိုက်အတန့် ဝမ်းသာစရာလေးတစ်ခုဖြစ်တယ်״ဟု ပြောသည်။
ရွှေကုက္ကို၌ ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၄ရက်နေ့က စတင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေး ရောင်းပွဲတော်၊ ကရင်အမျိုးသားတော်လှန်ရေးပြခန်း၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုပြခန်းတို့အပြင် ကရင်ရိုးရာ ဒုံးပြိုင်ပွဲ၊ ထိုင်း-မြန် မာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၊ အားကစား၊ ဇာတ်သဘင်နှင့် ခေတ်ပေါ် တေးဂီတအစီအစဉ်များ ပါဝင်ခဲ့ကြသည်။
ယခုနှစ် ကျရောက်သော ၂၇၅၅ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်ကို ရွှေကုက္ကိုလ်ကျေးရွာ အပါအဝင် ရန်ကုန်၊ ဖားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် စသည့် အမြို့မြို့အနယ်နယ်မှ ကရင်အမျိုးသားများကလည်း အသီးသီး ကျင်း ပခဲ့ကြသည်။