ဇန်နဝါရီ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၏ ၁၄ကြိမ်မြောက် ကွန်ကရက်အပြီး နို့တကောမြို့နယ်အဆင့် ပထမဆုံး ညီလာခံကို ဇန်နဝါရီ ၁၉ရက်မှ၂၃ရက်နေ့အထိ တဂေးရွာ၌ ကျင်းပခဲ့ရာ၌ မြို့နယ်ကော်မတီဝင်သစ် ၂၁ဦးကို ရွေးကောက်တင် မြှောက်ခဲ့ကြသည်။
၎င်းမြို့နယ်အဆင့် ညီလာခံတွင် မြို့နယ်ဥက္ကဋ္ဌအဖြစ် ယခင် ဥက္ကဌဟောင်းဖြစ်သူ ပဒိုစောဖောဒေးအောင်မြတ်၊ ဒုဥက္ကဋ္ဌ ယခင် ဒုဥက္ကဋ္ဌ စောဖားတခေါ်၊ အတွင်းရေးမှူး စောဒုကော်နှင့် အတွင်းရေးမှူး(၂) စဖိုးကျော်၊ တရားသူကြီးချုပ် စောနေသဘလေး၊ အမြဲ တမ်းကော်မတီနှင့် ဋ္ဌာနမှူးများ အပါဝင် ကော်မတီဝင် ၂၁ဦးကို ရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ်သည်။
မြို့နယ်ဥက္ကဋ္ဌ စောဖောဒေးအောင်မြတ်က “ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကတော့ ခရိုင်က တင်မြှောက်ထားတဲ့အတွက် ဖွဲ့စည်းပုံအရ ပြန်ပြီး အရွေးခံစရာ မလိုပါဘူး။ ကျန်တာတွေကတော့ ဒီမိုကရေစီစနစ်အရ လျှို့ဝှက်မဲစနစ်နဲ့ပဲ ရွေးချယ်ကြတယ်။ ကော်မတီထဲမှာ အသစ်ပါလာတဲ့သူတွေ ရှိသလို ယခင်လူဟောင်းတွေ ပါလာတာလည်းရှိတယ်״ဟု ကေအိုင်စီသို့ ပြောသည်။
သုံးရက်ကြာ ကျင်းပသည့် ၎င်းညီလာခံတွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီးအ ခွင့်အရေးများကို သက်ဆိုင်ရာ ဌာန(၁၄)ခုအလိုက် တင်ပြကြပြီး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ခေါင်းဆောင်သစ်များ ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ထို့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် အစိုးရသစ်၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ပြီး ပူးပေါင်းလုပ်ဆောင်သွား ရန်နှင့် နို့တကောမြို့နယ်အဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပသွားရန်များကို ရှေ့လုပ်ငန်းစဉ်အဖြစ် ဆုံးဖြတ်ခဲ့ကြ သည်ဟုလည်း ယင်းညီလာခံသို့ တက်ရောက်ခဲ့သည့် ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေက ပြောသည်။
၎င်းညီလာခံသို့ KNU ဗဟိုကော်မတီဝင် ပဒိုစောလစ္စတန်၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းနှင့် ကော်မတီဝင်များ၊ နို့တ ကောမြို့နယ် ဥက္ကဌ စောဖောဒေးအောင်မြတ်၊ ဝင်းရေး၊ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်တို့မှ ကိုယ်စားလှယ်များအပြင် နို့တကော မြို့နယ်ရှိ ကျေးရွာအုပ်စု(၂၁)စုမှ ဒေသခံကိုယ်စားလှယ်များ အပါအဝင် လူဦးရေ(၄၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
ကေအဲန်ယူနယ်နိမိတ် သတ်မှတ်ချက်အရ ဒူးပလာယာခရိုင်၌ ဝင်းရေး၊ နို့တကော၊ ကျုံဒိုးနှင့် ကော့ကရိတ်မြို့နယ်တို့ ပါဝင်ပြီး အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအရ ဗဟိုအဆင့် ညီလာခံကို ၄နှစ်တစ်ကြိမ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ကို ၂နှစ်တစ်ကြိမ်၊ ကျေးရွာအုပ်စုအ ဆင့်ကို ၁နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။



















