(ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၆ခုနှစ်)
မယ်လဒုက္ခသည်စခန်းထဲမှ SALC ကောလိပ်ကျောင်းအုပ်ဆရာ စောဟေ့စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
မေး – SALC ကောလိပ်ကျောင်း ဖြစ်ပေါ်လာရတဲ့အကြောင်း ရှင်းပြပေးပါလား။
Shalom Arts and Leadership College-SALC ဟာ အရင်က Leadership and Management Course-LMC လို့ ခေါ်ပါတယ်။ ကျောင်းက ၂နှစ် တက်ရတာပေါ့နော်။ ဒီကျောင်းရဲ့ အဓိက ဦးတည်ချက်၊ မျှော်မှန်းချက်တွေကတော့ အနာဂတ်မှာ လူငယ်တွေ ဦးဆောင်မှုလုပ်တတ်ဖို့ နဲ့ တာဝန်ယူတတ်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုက လူငယ်တွေ မိမိလူမှုအသိုင်းအဝိုင်းမှာ ပြန်ပြီး အလုပ်လုပ်ချင်တဲ့စိတ်ရှိလာအောင် ဖြစ်ပါတယ်။ LMC ကျောင်းကိုတော့ ၁၉၉၉ခုနှစ်မှာ ကရင်လူငယ်အစည်းအရုံး (ကေဝိုင်အို) ဥက္ကဋ္ဌဟောင်း စောဖဲဘူး(ကွယ်လွန်)က မယ်လဒုက္ခသည်စခန်းမှာ တည်ထောင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ကျောင်းမှာ နိုင်ငံရေး၊ သမိုင်းနဲ့ အဂင်္လိပ်စာ ဘာသာရပ်တွေကို အဓိက သင်ကြားပေးပါတယ်။
တတိယနိုင်ငံ ရွှေ့ပြောင်းအခြေချထားရေး အစီအစဉ် မရှိခင်ကဆိုရင် ဒီကျောင်းကို ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့တယ်။ ၂၀၀၅ခုနှစ်၊ ဒီအစီအစဉ် စတင်ခဲ့တဲ့အခါ ကျောင်းရဲ့လည်ပတ်မှုဟာ အရင်ကလို မဟုတ်တော့ဘူး။ ပြန်လည် နေရာချထားရေး အစီအစဉ်နဲ့ ကျောင်းဆရာတွေ၊ ကျောင်းသားတွေ တော်တော်များများ ကျောင်းကနေ ထွက်သွားကြတယ်။ ကျောင်းကို အကူအ ညီပေးတဲ့ ဩစတြေးလျားနိုင်ငံက အလှူရှင်အဖွဲ့ကလည်း အကူအညီ ဖြတ်လိုက်တယ်။ ကျောင်းဆရာလည်းထွက်၊ ကျောင်းသား တွေလည်း ထွက်တာများတော့ ကျောင်းရဲ့သတ်မှတ်ထားတဲ့ သင်ကြားမှုစနစ်ပိုင်းတွေ ထိရောက်မှု မရှိတော့ဘူး။ အဲဒီတုန်းက ဆိုရင် ဒုက္ခသည်စခန်ုးထဲက ဆယ်တန်းလွန်ကျောင်းတွေဟာ LMC ကျောင်းတစ်ခုတည်းမဟုတ်ဘူး။ အခြားကျောင်းတွေလည်း ကျနော်တို့ကျောင်းနည်းတူ ခံခဲ့ရပါတယ်။ ၂၀၁ဝခုနှစ်အထိ ကျောင်းဟာ ဒီအတိုင်းပဲ လည်ပတ်ခဲ့ရတယ်။
၂၀၁၀နောက်ပိုင်းမှာ ဒီအခြေအနေကို တွေ့နေရတဲ့ ကျောင်းဆရာ တစ်ယောက်နှစ်ယောက်က ဒီကျောင်း ပြိုပျက်မ သွားဖို့ ကျောင်းကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။ ၂၀၁၁ခုနှစ်မှာ ဒီကျောင်းကို ကျနော် နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ အချိန်ပိုင်းအဖြစ် သင်ကြားပေးခဲ့ပြီး ကျောင်းကို ဘယ်လိုပြန်လည်တည်ထောင်ဖို့နဲ့ လက်ရှိ အခြေအနေနဲ့ အံဝင်ဂွင်ကျဖြစ်အောင် ဘယ်လိုလုပ် သင့်လဲဆိုတာ ကျနော်တို့ ဆွေးနွေးခဲ့ကြတယ်။
၂၀၁၁တုန်းကဆိုရင် အခု ဖိလစ်ပိုင်မှာ ကျောင်းသွားတဲ့ ဆရာဝီလျံက ကျောင်းအုပ်ပေါ့။ သူထွက်သွားပြီး ၂၀၁၂ လောက်မှာ ကျနော်က ကျောင်းအုပ်အနေနဲ့ ဆက်တာဝန်ယူတယ်။ အဲဒီအချိန်မှာ နယ်စပ်ကျောင်းတွေကို ကူညီပေးနေတဲ့ Child Dream အလှူရှင်အဖွဲ့ကနေ ကျနော်တို့ အကူအညီ ရသွားတယ်။ ၂၀၁၂ခုနှစ်မှာပဲ ကျောင်းကော်မတီအဖွဲ့ဝင်တွေကို ကျနော်တို့ ပြန်ဖွဲ့စည်းခဲ့တယ်။
လစ်လပ်နေတဲ့ ကော်မတီဝင်နေရာတွေကို ပြန်ဖြည့်ဆည်းလိုက်ပြီး ကျောင်းရဲ့ဖွဲ့စည်းပုံကိုလည်း ကျနော်တို့ ပြန်လည်ချမှတ်တယ်။ ကျောင်းပညာရေးဆိုင်ရာ ဘာသာရပ်တွေကို တိုးမြှင့်ခဲ့တယ်။ ကျောင်းသားကော်မတီကို လည်း ကျနော်တို့ ပြန်လည်ဖွဲ့စည်းခဲ့တယ်။ ကျောင်းသားတွေနေဖို့ မိန်းကလေး၊ ယောက်ျားလေး ဘော်ဒါဆောင်နှစ်လုံးကိုလည်း ဆောက်နိုင်ခဲ့တယ်။
မေး – LMC ကျောင်းကို SALC ကောလိပ်ကျောင်းအဖြစ် ပြန်လည်မွမ်းမံ ဖွဲ့စည်းလိုက်တော့ ဘာတွေ ကွာခြားသွားလဲ။
ကျနော်တို့ ဒီကျောင်းကို ပြန်လည်ဖွဲ့စည်းခဲ့ပေမယ့် LMC ဆိုတာ ပျောက်သွားတာတော့ မဟုတ်ဘူး။ ခေါင်းဆောင်မှု အစီအစဉ်(Leadership Program)ကတော့ ဆက်ရှိနေတာပါ။ အဲဒီမှာ ကျောင်းကို လစ်ဘရယ်အတ်(Liberal Arts)တစ်ခု ထပ်တိုးတယ်။ (Liberal Arts)ကို တိုးတာက (Academic)လို ဘာသာရပ်တွေပေါ့။ ကျနော်တို့ ဒီကျောင်းကို တိုးမြှင့်မွမ်းမံမှု လုပ်မယ်ဆိုရင် ကျောင်းနာမည် ပြောင်းရမယ်။ အဲဒါကြောင့် ကျနော်တို့ ဆွေးနွေးမှုတွေလုပ်ပြီး ကျောင်းရဲ့နာမည်ထဲမှာ Liberal တစ်လုံး၊ Leadership တစ်လုံး ထည့်တယ်။ ကျောင်းကို အဆင့်မြှင့်တင်တဲ့အတွက်လည်း College ကျောင်းလို့ သတ်မှတ်ခေါ် ဝေါ်တယ်ပေါ့။ ကျောင်းနာမည် အစအလုံးမှာ Shalom အဲဒီစကားလုံးက ဟေဗြဲလူမျိုး(Hebrew) ဘာသာစကားကနေ လာ တယ်။ Peace လို့ အဓိပ္ပါယ်ရတယ်။ တချို့က ဒါကို နားမလည်ဘူး။ ကျောင်းနာမည် အပြည့်အစုံဆိုရင် Shalom Arts and Leadership College – SALC ပေါ့။ ဒီနာမည်ရွေးတယ်ဆိုတာလည်း ကျနော်တို့လူမျိုးတွေ စည်းလုံးညီညွှတ်မှု ရှိစေချင်တဲ့ သဘောပါ။ ကျောင်းက အဆင့်မြင့်လိုက်တဲ့အတွက် စာသင်နှစ်ကိုလည်း (၄)နှစ်တာ သတ်မှတ်လိုက်တယ်။
အခု SALC ကျောင်းက အရင်က ကျောင်းရဲ့ Vision (မျှော်မှန်းချက်) အတိုင်းပါပဲ။ ခေါင်းဆောင်မှုက ပညာရေးနဲ့အတူ အရည်အသွေး ပြည့်မီရမယ်ပေါ့။ ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းကို စာသင်နှစ် လေးနှစ်တာနဲ့ ကျနော်တို့ တိုးမြှင့်ရေးဆွဲတယ်။ (Liberal Arts Program) နဲ့ (Leadership Program) ပေါ့။ Leadership Program ကတော့ အရင်ကအတိုင်း (၂)နှစ်၊ Liberal Arts Program ကတော့ (၄)နှစ်အပြည့် ကျနော်တို့ သင်ကြားပေးပါတယ်။ Liberal Arts Program မှာ ကျနော်တို့ ဘာသာရပ် ခုနှစ်ခု သင်ကြားပေးတယ်။ အဲဒါတွေကတော့ Sociology(လူမှုရေး)၊ Education(ပညာရေး)၊ English (အဂင်္လိပ်)၊ Economic (ဘောဂ)၊ Political Science (နိုင်ငံရေးသိပ္ပံ)၊ Philosophy (ဒဿနိကဗေဒ)နဲ့ Computer(ကွန်ပျူတာ) စတာတွေ ဖြစ်ပါတယ်။ အဲဒါအပြင် Music (ဂီတ)ကိုလည်း ဘာသာရပ်အခွဲလေး ပုံစံနဲ့ သင်ကြားပေးပါတယ်။
မေး – SALC ကျောင်းကို တက်ရောက်နိုင်ဖို့ ဘယ်လိုပညာအရည်အချင်း သတ်မှတ်ထားလဲ။
ဒီကျောင်းကိုတက်နိုင်ဖို့ ဒုက္ခသည်စခန်းထဲက အခြားဆယ်တန်းလွန်ကျောင်းတွေလိုပဲ အရည်အချင်းတွေ စစ်ဆေးပါ တယ်။ အထက်တန်းကျောင်း အောင်ပြီးတဲ့သူတိုင်း တက်ခွင့်ရှိပါတယ်။ ပြည်တွင်းကော၊ နယ်စပ်ကော ကျောင်းသား အားလုံး တက်နိုင်ပါတယ်။ ဒါပေမယ့် ဆယ်တန်းအောင် လက်မှတ်ယူလာရမယ်။ ပြီးတော့ သူ့ကို အုပ်ထိန်းမယ့် သက်ဆိုင်သူရဲ့ ထောက် ခံစာ ယူလာရမယ်။ တက်ရောက်တဲ့ကလေးတွေကို ကျနော်တို့ ဝင်ခွင့်စာမေးပွဲစစ်တဲ့အခါမှာ အဂင်္လိပ်နဲ့ အထွေထွေဗဟုသုတ၊ အဲဒီနှစ်ခုကို မေးပါတယ်။ အထွေထွေ ဗဟုသုတ ဆိုတဲ့နေရာမှာ စီးပွားရေး၊ နိုင်ငံရေး၊ အဖွဲ့အစည်းဆိုင်ရာ အကြောင်းအရာတွေ ကို မေးပါတယ်။ အဂင်္လိပ်စာကျတော့ Karen Refugee Committee Education Entity (KRCEE)က ထုတ်ပေးတဲ့ မေးခွန်းကို ကျနော်တို့ယူတာ ဖြစ်ပါတယ်။ စာမေးပွဲဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားတွေကို သူတို့ရဲ့ အဖြေလွှာကို ကျနော်တို့ စစ်ဆေးပြီး ရွေးချယ်တယ်။ အထူးသဖြင့် အဂင်္လိပ် အခြေခံကောင်းတဲ့ ကလေးတွေကို ကျနော်တို့ ရွေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် တို့ရဲ့ ကျောင်းဘာသာရပ်အားလုံးဟာ အဂင်္လိပ်ဘာသာနဲ့ သင်ကြားလို့ ဖြစ်ပါတယ်။
မေး – ဒီကျောင်းမှာ ကျောင်းသူကျောင်းသားဦးရေကို ဘယ်လိုသတ်မှတ်ပါသလဲ။
စစချင်း ဒီကျောင်းကို မွမ်းမံဖွဲ့စည်းတဲ့အခါ ကျောင်းသူကျောင်းသားဦးရေ (၇၀)ကျော် ရှိပါတယ်။ စာသင်နှစ်က လေး နှစ်တာပေါ့။ အဲဒီအချိန်က စာသင်နှစ် (၂)နှစ်တာ တက်ရောက်ထားတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အသစ်ဝင်ရောက်လာတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ လူဦးရေတွေပေါ့။ နောက်တစ်နှစ်တော့ ၁၀၀လောက်ရှိမယ်။ ပြီးခဲ့တဲ့နှစ် စာသင်နှစ်ကစပြီး ၁၅ဝ လောက် များလာတယ်။ အမှန်ကတော့ ကျောင်းသားဦးရေကို ကျနော်တို့ များများမထားချင်ဘူး။ ဘာဖြစ်လဲဆိုရင် ကျောင်းနေ ရာကျဉ်းသလို ကျောင်းဆရာ၊ ဆရာမကလည်း သိပ်မရှိသေးဘူးလေ။ ၂၀၁၅ခုနှစ်ကစပြီးတော့ တိုးချဲ့မှုတွေ ပိုလုပ်လာတယ်။ အကြောင်းက ပြည်တွင်းကနဲ့ နယ်စပ် ဒုက္ခသည်စခန်းတွေထဲက ကလေးတွေ ကျနော်တို့ကျောင်းကို တက်ရောက်ချင်တဲ့သူတွေ များလာလို့ ဖြစ်ပါတယ်။ တချို့အဝေးကနေ လာတဲ့ကလေးတွေ ဝင်ခွင့်မအောင်လို့ ပြန်ရရုံနဲ့ အချိန်လည်းကုန်ရုံပါပဲ။ ဒါကြောင့် သူတို့အတွက် စဉ်းစားပေးပြီး လက်ခံရတာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကျောင်းကို တက်မယ့်ကလေးတွေ ဝင်ခွင့်စာမေးပွဲ တော့ အားလုံး ဖြေရပါတယ်။ ဝင်ခွင့်စာမေးပွဲ အချိန်မီ လာရောက်မဖြေဆိုနိုင်သူတွေအတွက် အချိန်တစ်ခု ပြန်သတ်မှတ်ပေး တယ်။ အထူးသဖြင့် တပ်မဟာ(၅)၊ တပ်မဟာ(၃)လို အနေဝေးတဲ့ ကလေးတွေအတွက်ပေါ့။ အခု စာသင်နှစ်မှာ တချို့ တတိယ နိုင်ငံ ထွက်တာရှိလို့ ကျောင်းသားဦးရေ ၁၄ဝ ဝန်းကျင်လောက်ပဲ ကျန်ပါတယ်။
မေး – SALC ကျောင်း ပိုမို တိုးတက်ဖို့ ဘာမျှော်မှန်းချက်တွေ ထားရှိထားလဲ။
ဒီကျောင်းက ပြောမယ်ဆိုရင် ခေါင်းဆောင်မှုကျောင်းပါပဲ။ ကျောင်းပြီးသွားတဲ့ လူငယ်တွေဟာ မိမိလူမှုအသိုင်းအဝိုင်း မှာ တနေ့ ပြန်ပြီး တာဝန်ယူလိုတဲ့စိတ်ရှိလာအောင် မျှော်လင့်ပါတယ်။ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ ပြန်ဦးဆောင်တဲ့အခါမှာ လည်း အရည်အချင်း ပြည့်မီတဲ့သူအဖြစ် ကျနော်တို့ မျှော်လင့်တယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ဖွင့်လှစ်ရတာပါ။ Liberal Arts ဆိုတာကလည်း လူငယ်တွေ တွေးခေါ်ဖန်တီးနိုင်စွမ်းနဲ့ လူမှုအသိုင်းအဝိုင်းဆိုင်ရာ အလုပ်တွေ အပါအဝင် ခေါင်းဆောင်မှုပညာ တွေ ယှဉ်တွဲပေါင်းစုမိစေဖို့ ဖြစ်ပါတယ်။ အဓိကတော့ လူငယ်တွေ မိမိလူမှုအသိုင်းအဝိုင်းမှာ ပြန်ပြီးအလုပ်လုပ်ဖို့က ကျနော်တို့ ရဲ့ ကြီးမားတဲ့မျှော်မှန်းချက်ပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျနော်တို့ကျောင်းဟာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေရတဲ့ အနေအထားမှာပဲ ရှိသေးပါတယ်။ ကျောင်းဆရာဖြစ်စေ၊ ကျောင်းသင်ရိုးညွှန်းတမ်းမှာဖြစ်စေ၊ ကျောင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဖြစ်စေ ဒီလိုအပ်ချက်တွေ အားလုံး ဟာ ပြင်ဆင်နေရတဲ့ အနေအထားမှာပဲ ရှိသေးပါတယ်။ ဒီကျောင်းနဲ့ပတ်သက်ပြီး ကျနော်တို့ မျှော်မှန်းချက်က အကြီးကြီးပါပဲ။ ဒီထက် ကြီးထွားလာအောင် မြင်ချင်ပေမဲ့ အခွင့်အရေးပေါ် မူတည်ပြီး ကျနော်တို့လုပ်လို့ မရသေးဘူး။ လူငယ်တွေကို ပညာရေး အခွင့်အလမ်း ပိုပြီး သင်ယူခွင့်ရစေချင်တယ်။ ကျနော်တို့ ဦးတည်တာက ဒီကျောင်းမှာ ချမှတ်ထားတဲ့ ၂နှစ်တာ Leadership Program ဟာ အနာဂတ်မှာ သီးသန့်ဌာနထားမယ်။ Liberal Arts Program ကိုလည်း သီးသန့်ဌာနထားမယ်။ နောက်ပြီး ကွန် ပျူတာ၊ ဂီတတွေကိုလည်း သူ့ဌာနနဲ့သူ မွမ်းမံလုပ်ဆောင်သွားမယ်။ အခု ဘာသာရပ်တွေကို ဌာနတစ်ခုရဲ့အောက်မှာပဲ ရောနှော သင်ကြားနေရတဲ့ အခြေအနေမှာပဲ ရှိသေးတယ်။
ဒုက္ခသည်စခန်းထဲမှာပဲ နေနေရတဲ့ အတောအတွင်းမှာ ကျောင်းကို ပိုမို ကောင်းမွန်အောင်ပဲ လုပ်နေရတဲ့ အနေအထား ပါ။ ကျနော်တို့ ပြင်ဆင်ထားရမှာက တနေ့ ဒီကျောင်းဟာ အစိုးရကျောင်းလား၊ ပုဂ္ဂလိကကျောင်းလား။ ဒါတော့ ကျနော်တို့ ကော် မတီထဲကော၊ ကရင်ပညာရေးဌာနနဲ့ကော ပြောဆိုဆွေးနွေးရဦးမှာပါ။ အရေးကြီးတာကတော့ ဒီကျောင်းဟာ ဘယ်လိုပုံစံနဲ့ဆက် ပြီး ဖွဲ့စည်းတည်ဆောက်မလဲ၊ ပြီးတော့ ဘယ်လောက်အကျိုးပြုမှုရှိလဲ ဆိုတာပဲ ဖြစ်ပါတယ်။
မေး – ထူးချွန်တဲ့ ကျောင်းသားတွေကို ဘယ်လို အခွင့်အလမ်းတွေ ပေးလဲ။
ကျောင်းအောင်သွားသူတဲ့ သူတွေကို ဟိုလုပ်ရမယ်၊ ဒါလုပ်ရမယ် ကျနော်တို့ မပြောဘူး။ သူတို့ သင်ယူခဲ့ရတဲ့ ဘာသာ ရပ်တွေအပေါ် မူတည်ပြီး သူတို့ရဲ့ စိတ်ပါဝင်စားမှုတွေကို ဖြစ်ပေါ်စေလာတာပဲ။ လူမှုရေးလား၊ လူ့အခွင့်အရေးလား၊ နိုင်ငံရေး လား၊ စီးပွားရေးလား စတဲ့အရာတွေပေါ့။ သူတို့ကို ပြောတယ်။ နင်တို့ရဲ့ စိတ်ပါဝင်စားမှုကို ပြောပြပါ။ အဲဒါမှ နင်တို့ကို ငါတို့က ရှေ့ဆောင်လမ်းပြပေးလို့ ရမယ်။ ထူးချွန်တဲ့ကျောင်းသားတွေကိုတော့ အိန္ဒိယ၊ ဖိလစ်ပိုင်တို့လို နိုင်ငံတွေမှာ ကျောင်းတက်နိုင်ဖို့ ကျနော်တို့ ချိတ်ဆက်ပေးတာ ရှိပါတယ်။ အထူးသဖြင့် Scholarship စတဲ့ ထောက်ပံ့မှု ရတဲ့သူတွေကိုပါ။ သီးသန့် Scholarship ရအောင် လိုက်လုပ်ပေးတာတော့ မဟုတ်ဘူးပေါ့။ SALC ဖွင့်လှစ်ပြီးနောက် မာစတာဘွဲ့ရဖို့ ပညာတော်သင်ရတဲ့ သူ (၃)ယောက် ရှိပါတယ်။ မနှစ်က ဖိလစ်ပိုင်မှာ တစ်ယောက်သွားပြီ။ ဒီနှစ်မှာ တစ်ယောက် ထပ်သွားမယ်။ အိန္ဒိယမှာ တစ်ယောက် သွားမယ်။ တဆက်တည်းမှာပဲ အခြားကျောင်းမှာအောင်ပြီး ကျနော်တို့ကျောင်းကို ဝန်ထမ်းအဖြစ် တစ်နှစ်၊ နှစ်နှစ် ပြန်လာကူပေးတဲ့သူတွေ ကိုလည်း ကျနော်တို့ပို့တာလည်း (၃)ယောက်ရှိပါတယ်။
မေး – SALC ကျောင်းကို အောင်သွားတဲ့ ကျောင်းသူကျောင်းသားတွေဟာ လူမှုအကျိုးပြု အသိုင်းအဝိုင်းမှာ ဘယ်လောက်အတိုင်း အတာအထိ အလုပ်ပြန်လုပ်ကြလဲ။
ဒီကျောင်းအောင်သွားတဲ့ ကျောင်းသားတွေဟာ အထူးသဖြင့် စာသင်ကျောင်းတွေမှာ ပြန်အလုပ်လုပ်တာ များတာကို တွေ့ရတယ်။ မိမိရဲ့ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်စေချင်ရင် အခြေခံပညာရေးရဲ့ အခက်အခဲတွေကို သိရမယ်။ ဆိုလိုတာက ကျနော်တို့ ဒုက္ခသည်စခန်းတွေထဲက အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာတွေ နည်းလာတယ်။ ဒါတွေကို အရည်အ သွေးကို မြှင့်တင်စေလိုရင် အထက်တန်းကျောင်းတွေကို ပြန်ကူညီပေးဖို့ သူတို့ကို အားပေးတယ်။ အရေးကြီးတဲ့အတွက် အဲလို ပြန်လုပ်တာ ကျနော့်အနေနဲ့လည်း သူတို့ကို ဦးစားပေးတယ်။ မာစတာဘွဲ့ရတဲ့သူတွေကျတော့ ကောလိပ်ကျောင်းကို ပြန်ကူပေါ့။ ဒီကျောင်းပြီးသွားတဲ့သူတွေထဲမှာ ဒုက္ခသည်စခန်းကျောင်းတွေမှာ စာသင်ကြားတဲ့သူရှိသလို (NGOs)ထဲမှာ အလုပ်လုပ်ထဲသူ လည်း ရှိပါတယ်။ ပြည်တွင်းထဲက စာသင်ကျောင်းတွေမှာသွားပြီး စာပြန်သင်ပေးတဲ့သူလည်း ရှိပါတယ်။ တပ်မဟာ(၄)၊ (၃)၊ (၆)၊ (၅)တွေထဲက ကျောင်းတွေကိုပေါ့။ တချို့ အဖွဲ့အစည်းကိုယ်စားနဲ့ လာတဲ့သူလည်း သက်ဆိုင်ရာအဖွဲ့အစည်းဆီမှာ ပြန်အ လုပ်လုပ်ကြပါတယ်။
မေး – ပညာရေးဟာ အနာဂတ်လူငယ်တွေအတွက် ဘယ်လောက်အထိ အရေးကြီးလဲလို့ ထင်မြင်ယူဆလဲ။
ပညာရေးဆိုတာ လူတစ်ယောက်ကို မျက်စိပွင့်၊ နားဖွင့်အောင် လုပ်ပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် တို့ စာသင်ပေးနေတဲ့ လေးနှစ်တာအတွင်း အောင်သွားတဲ့ ကလေးတစ်ယောက်ဟာ မျက်စိမပွင့်ရင် အားနည်းချက်ရှိလို့ပဲဖြစ်မှာ။ ပညာရေးဆိုတာ လူတစ်ယောက်ကို ပြောင်းလဲစေတဲ့အရာပါပဲ။ အဆင့် တစ်၊ နှစ်၊ သုံး ရဖို့ မဟုတ်ဘူး။ မိမိရဲ့အမြင်သဘောကို ပြောင်းလဲစေရမယ်။ ပြီးတော့ မိမိရဲ့ဘဝထဲမှာ မိသားစုအပေါ်ဖြစ်စေ၊ လူမှုအသိုင်းအဝိုင်းမှာဖြစ်စေ၊ လူမျိုးအတွက်ဖြစ်စေအပေါင်း လက္ခဏာဆောင်တဲ့ အရာတစ်ခု စွမ်းဆောင်ပေးနိုင်ရလိမ့်မယ်။ ရေးကြီးခွင်ကျယ်တဲ့ အလုပ်မှ မဟုတ်ပါဘူး။ မိမိလုပ်နေတဲ့ ဘယ်အလုပ်မဆို အကောင်းဘက်ဆောင်တဲ့ ပြောင်းလဲမှု ဖြစ်ရပါမယ်။
အခု လူငယ်တွေ အတော်များများက ပညာတွေသင်ယူပြီးရင် သူတို့မြင်တာက သူတို့ရဲ့ အနာဂတ်ဘဝဟာ မျှော်လင့် ချက် သိပ်မရှိဘူး။ အထူးသဖြင့် ဒုက္ခသည်စခန်းတွေက လူတွေတွေဟာ ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်ကြောင့် ထိုးနှက်ခံရ တာ အများကြီးပါ။ ပညာလာသင်တာဟာ အဂင်္လိပ်ဘာသာကို လာသင်ယူဖို့လောက်ပဲ သူတို့အတွေးထဲမှာ ရှိတယ်။ အဲဒီထက် ဘောင်ကျော်ပြီး မတွေးကြဘူး။ ဒါကြောင့် ပညာရေးဟာ အရေးကြီးတယ်။ ပညာရေးဆိုတာ ရှေ့ဆက် ဘယ်လမ်းကို သွားရမ လဲ၊ ဘယ်လိုနေရမလဲ၊ စားရမလဲ စတာတွေ သိနိုင်ဖို့ ဖြစ်ပါတယ်။ လူငယ်တွေဟာ ဘယ်နေရာကိုရောက်ရောက် အပြောင်းအ လဲကို လုပ်ဆောင်တဲ့သူ ဖြစ်ရမယ်။
မေး – တကယ်လို့ ဒုက္ခသည်စခန်းဟာ ပြည်တွင်းဘက် ပြောင်းရွှေ့ရရင် SALC ကျောင်းကို ဘယ်လို ဆက်သွားမလဲ။
ဒီကျောင်းဟာ ဒုက္ခသည်စခန်းထဲမှာ တည်ရှိတဲ့ကျောင်းပါ။ မိမိ လူ့အဖွဲ့အစည်းတွေ ဘယ်ကိုရောက်ရောက် ကျောင်းဆို တာတော့ ရှိသင့်တယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းနောက်ကိုပဲ ကျနော်တို့ လိုက်လုပ်သွားမယ်။ ဒုက္ခသည်တွေ ဘယ်နေရာပြန်ပြီး အခြေစိုက်မလဲ။ အဲဒီနေရာ ကျနော်တို့ကျောင်းရှိမယ်။ တနေ့ကျရင် ဒီကျောင်းကို ဘယ်လိုဆက်လုပ်သွားမလဲဆိုတာ ကျနော်တို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးသားပါ။ ဒုက္ခသည်ကလူတွေ ပြန်နိုင်ပြီဆိုရင် ကျနော်တို့ကျောင်းကလည်း အသင့်အနေအ ထားမှာ ရှိမယ်။ လောလောဆယ် ကျောင်းထားရှိမယ့်နေရာကို လေ့လာစုံစမ်းတာ၊ ပြည်တွင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်တာ လုပ်နေဆဲ အနေအထားမှာ ရှိနေပါတယ်။
———————————————–
စောဟေ့စိုးသည် ၁၉၉၉ခုနှစ်၌ ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် အထက်တန်းကျောင်း အောင်မြင်ခဲ့သည်။ ထို့ နောက် ကရင်ကျောင်းသားကွန်ရက်အဖွဲ့(KSNG)တွင် ဆက်လုပ်ခဲ့ပြီး ရုံးစီမံခန့်ခွဲရေး မန်နေဂျာအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်မှ အိနိ္ဒယနိုင်ငံ Patkai Christian College သို့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် သွားရောက်ပညာ သင်ကြားခဲ့ရာ ၂၀၀၆ခုနှစ်တွင် Bachelor of Arts (B.A)မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၎င်းဘွဲ့ရရှိခဲ့ပြီးနောက် နယ်စပ်သို့ ပြန်လည် ရောက်ရှိလာပြီး KSNG တွင် ပြန်လည်အရွေးခံကာ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ထိုအချိန်တွင် ထိုင်း-မြန်မာ နယ်စပ် ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများပညာရေးကော်မတီ (Burmese Migrant Workers’ Education Committee – BMWEC) ၌လည်း (၂)နှစ် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့သည်။
၂၀၀၈ခုနှစ်တွင် အိနိ္ဒယနိုင်ငံ Oriental Theological Seminary ကျောင်းသို့ ထပ်မံ ပညာဆည်းပူးခွင့်ရရှိခဲ့ကာ ၂၀၁၁ ခုနှစ်တွင် M. Div-Master in Divinity မာစတာဘွဲ့ ရရှိခဲ့သည်။ ပြီးနောက် မယ်လဒုက္ခသည်စခန်း ခရစ်ယာန်ကျမ်းစာကျောင်း တွင် သင်ကြားပို့ချပေးခဲ့သလို ဆယ်တန်းလွန်ကျောင်း Leadership and Management Course (LMC)ကျောင်းတွင် အချိန် ပိုင်း စာသင်ပေးခဲ့သည်။ သူသည် LMC ကို Shalom Arts and Leadership College-SALC အဖြစ် ပြောင်းလဲဖွဲ့စည်းချိန်မှစ၍ ယခုအချိန်ထိ အချိန်ပြည့် ပြန်လည် တာဝန်ယူလျှက်ရှိသကဲ့သို့ ၂၀၁၃ခုနှစ်တွင် ကရင်ဒုက္ခသည်ကော်မတီ(KRC)၌ ဆက်သွယ် ရေးတာဝန်ခံအဖြစ်လည်း တာဝန်ယူ လုပ်ဆောင်လျှက်ရှိသည်။