ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် သားကြီး ဒုဗိုလ်မှူး ကြီးစောနေကော်မြတို့အား ရည်စူး၍ တစ်နှစ်တစ်ကြိမ် အောက်မေ့ဖွယ် ဘုရားဝတ်ပြု ဆုတောင်းပွဲကို ယနေ့ (ဇန်နဝါရီ ၂ဝရက်နေ့)တွင် ကျရောက်သော စောဘိုမြ၏ ၈၉နှစ်မြောက်မွေးနေ့၌ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဟွေ့မဲ့ ပလဲ့ကျေးရွာရှိ ၎င်းတို့နေအိမ်၌ မိသားစုဝင်များက ကျင်းပခဲ့ရာ ရပ်ဝေးရပ်နီး အသိမိတ်ဆွေ ၃၀၀ကျော် တက် ရောက်ဝတ်ပြုခဲ့ကြသည်။
ဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီး နော်လားဖိုးက “ဝတ်ပြုပွဲမှာ အသိမိတ်ဆွေနဲ့ ဆရာသမားတွေက ကျမတို့ကို လာပြီးအားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ တစ်နှစ်တစ်ကြိမ် ဝတ်ပြုပွဲ ပြုလုပ်တဲ့အခါ အဘိုး (ဗိုလ်ချုပ်ကြီးစောဘိုမြ) လုပ်ဆောင်ခဲ့တဲ့အရာ၊ သူ့ရဲ့ သဘောထား၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ပုဂ္ဂိုလ် အဲဒါ တွေကို ပြန်လည်ကြားရတဲ့အတွက် သူရှိနေတုန်းပဲလို့ ခံစားမိတယ်။ သူကတော့ တာဝန်ကျေပြွန်သွားပါပြီ״ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းဝတ်ပြုဆုတောင်းပွဲသို့ KNU ခေါင်းဆောင်များဖြစ်ကြသည့် ပဒိုစောဒေးဗစ်သကဘော၊ ပဒိုစော လားစေး၊ ဗိုလ်မှူးချုပ်မန်းသာစိန်၊ ခရိုင်အဆင့် KNU ခေါင်းဆောင်အချို့၊ ဘာသာရေး ခေါင်းဆောင်များ၊ ထိုင်း ရပ်မိရပ်ဖနှင့် ရပ်ဝေးရပ်နီးရှိ အသိမိတ်ဆွေ အလွှာပေါင်းစုံ တက်ရောက်ခဲ့ ဝတ်ပြုခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးစောဘိုမြ သက်ရှိထင်ရှားစဉ်က အတူလက်တွဲခဲ့သူ KNLA စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ ဗိုလ်မှူးချုပ်မန်းသာစိန်က “အချုပ်ပြောရရင် ရိုးရိုးလေးနဲ့ သူ ရပ်တည်လုပ်ဆောင်ခဲ့တာ မျိုးချစ်ခေါင်း ဆောင်တစ်ယောက်ပါ။ လူမျိုးတိုင်း တန်းတူရည်တူ တစ်ပြေးညီစွာ လွတ်လပ်ရေး အတူရရှိရေး တိုက်ပွဲဝင်ခဲ့ တယ်။ တစ်ပါးကျွန်အဖြစ်မှ ဖိနှိပ်ကျွန်ပြုခံရတဲ့ဘဝမှ လွတ်မြောက်ရေး၊ တိုက်ပွဲဝင်ခဲ့တဲ့၊ ခံယူခဲ့တဲ့၊ ခေါင်းဆောင် ခဲ့တဲ့ ပုဂ္ဂိုလ်ထဲမှာ တစ်ဦး အပါအဝင်ပါ״ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်းစံတော်ချိန် နံနက် ၈နာရီမှ ၁ဝနာရီခွဲအထိ ကျင်းပခဲ့သည့် ၎င်းဝတ်ပြုဆုတောင်းပွဲတွင် ခရစ်ယာန်ဘာသာ ဝင်များ၏ ယုံကြည်မှုအရ ဘုရားဝတ်ပြုခြင်း၊ ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဘဝဖြတ်သန်းမှုသမိုင်းကို အကျဉ်းချပြ ခြင်း၊ ဓမ္မတေး၊ ခေတ်ပေါ်တေးသီချင်းတို့ဖြင့် ဂုဏ်ပြုသီဆိုခြင်းနှင့် မိသားစုဝင်များဘက်မှ တက်ရောက်ဝတ်ပြု သူများကို ကျေးဇူးတင် စကားပြောဆိုပြီးနောက် နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
KNU ဥက္ကဋ္ဌနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးစောဘို မြသည် ၂၀၀၆ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး သားကြီးဖြစ်သူ KNLA (၂၀၂)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောနေ ကော်မှာ ၂၀၀၈ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ အဆိုပါအောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲကို မိသားစုဝင်များက ဗိုလ်ချုပ်ကြီးစောဘိုမြ ကွယ်လွန်ခဲ့သည့်အချိန်မှစ၍ နှစ်စဉ် ကျင်းပခဲ့ရာ ယခုအကြိမ်မှာ ၁ဝကြိမ်မြောက်ဖြစ် သည်။



















