ဇန်နဝါရီ ၃၁ ရက်၊ ၂၀၁၆ ခုနှစ်။ စအိုင်ဆူး
ကွဲပြားနေသည့် ကရင်လက်နက်ကိုင်အဖွဲ့အားလုံးသည် ကရင့်တပ်မတော် ဖြစ်သည်ဟု ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်၌ ယနေ့ ဗဟိုအဆင့် ပြုလုပ်သော (၆၇)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားလိုက်သည်။
“(ကရင်)ညီအစ်ကိုမောင်နှမ အားလုံးကို ကျနော်ပြောချင်တယ်။ လက်နက်ကိုင်နေတဲ့ ကရင်တပ်ဖွဲ့ အားလုံးဟာ ကရင့်တပ်မတော်တွေဖြစ်တယ်။ တော်လှန်ရေး စတင်မလုပ်ခင်ကတည်းက ကျနော်တို့ မိဘတွေ၊ ခေါင်းဆောင်တွေ ပြောထားပြီးသားပဲ။ ကရင်ဟာ ကရင်ပဲ”ဟု ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ၎င်း၏ မိန့်ခွန်းတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးအောင်မြင်လိုလျှင် ကရင်များအားလုံး ညီညွှတ်ရန် လိုအပ်ကြောင်း၊ ကရင်ပြည်သူလူထု များကလည်း ကရင်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည် ပေါင်းစည်းကြရန် လိုလားကြကြောင်းနှင့် ကရင်အချင်းချင်း တိုက်ခိုက်နေကြခြင်းသည် အများ၏ အထင်သေး မလေးစားခံရမည်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ကရင်လက်နက်ကိုင်အဖွဲ့များတွင် KNU အပါအဝင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ မကြာသေးမီက ပြန်လည်ဖွဲ့စည်းသော တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC နှင့် မြန်မာအစိုးရလက်အောက်ခံ (ကရင်)နယ်ခြားစောင့်တပ်(BGF)တို့ ရှိကြသည်။
ကရင်တော်လှန်ရေးနေ့ အခမ်းအနား၌ KNU ဥက္ကဌ စောမူတူးစေးဖိုးမှ သဝဏ်လွှာဖတ်ကြားခြင်း၊ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ မိန့်ခွန်းပြောကြားခြင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းအပြင် နှစ်(၅၀)ကြာတော်လှန်ရေးအမှုထမ်းခဲ့သူများ၊ တော်လှန်ရေး အတွက် ကိုယ်အဂင်္ါပေးဆပ်ခဲ့သူများနှင့် ရန်သူဖမ်းမိ၍ ထောင်ကျကာ ပြန်လည် လွတ်မြောက်လာသူ များကို အသီးသီး ဂုဏ်ထူးဆောင်ဆုတံဆိပ်ပေးအပ်ခဲ့ကြသည်။
အခမ်းအနား၌ ဗိုလ်ချုပ်ကြီး စောဂျော်နီက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် “နောက်တက်လာမဲ့ အစိုးရက ဘာအစိုးရပဲတက်တက် အာဏာရှင် အစိုးရပဲ တက်တက် ဒီမိုကရေစီ အစိုးရပဲ တက်တက် ကျနော်တို့ ကရင်အမျိုးသားတွေ လိုချင်တဲ့ တန်းတူအခွင့်အရေး ကိုယ်ပိုင် ပြဌာန်းခွင့်တွေ မရမချင်းတော့ ကျနော်တို့ ဆက်တိုက်သွားမယ်״ဟု ပြောကြားခဲ့သည်။
ကေအဲန်ယူ ဖားအံခရိုင်တွင် ပြုလုပ်သော (၆၇)နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ကေအဲန်ယူ အုပ်ချုပ်ရေးနှင့်စစ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့်တပ်ဖွဲ့ဝင်များ၊ မဟာမိတ်အဖွဲ့အစည်း များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပနှင့် နယ်စပ်ရှိ ကရင်ပြည်သူလူထုများ သောင်းချီကာ တက်ရောက်ခဲ့ကြသည်။
ဖဆပလ အစိုးရလက်ထက် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေး အဖွဲ့ (ကေအဲန်ဒီအို)ကို တရားမဝင်အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် ကေအဲန်ဒီအိုတို့ အကြား တိုက်ပွဲများစတင်ဖြစ်ပေါ်ပြီး တပြည်လုံးရှိ ကရင်များက ခုခံတော်လှန်သည့်နေ့ကို အစွဲပြု၍ ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။



















