Home သတင်း ကရင်ပါတီများ ‌ပေါင်းစည်း‌ရေးကို ‌ကော်မတီဖွဲ့ကာ တစ်နှစ်အတွင်း လုပ်‌ဆောင်သွားမည်

ကရင်ပါတီများ ‌ပေါင်းစည်း‌ရေးကို ‌ကော်မတီဖွဲ့ကာ တစ်နှစ်အတွင်း လုပ်‌ဆောင်သွားမည်

1581

ဇန်နဝါရီ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ကရင်နိုင်ငံ‌ရေးပါတီ ၅ ခု ‌ပေါင်းစည်း‌ရေးအတွက် ‌ကော်မတီတစ်ရပ်ဖွဲ့စည်းကာ လိုအပ်သည့် ပြင်ဆင်မှု များကို တစ်နှစ်အတွင်း လုပ်‌ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်ဟု အမှတ် ၇စီ၊ ဘူတာရုံလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့၌ ဇန်နဝါရီ ၂၆ရက်‌နေ့က ပြုလုပ်သည့် ကရင်ပါတီများ‌ပေါင်းစည်း‌ရေး ဒုတိယအကြိမ် အစည်းအ‌ဝေးအပြီး ထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ကရင်ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)နှင့် ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသားပါတီ(KNP)တို့မှ ကိုယ်စားလှယ် စုစု‌ပေါင်း ၃ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည့် ယင်းအစည်းအ‌ဝေးတွင် ပါတီ‌ပေါင်းစည်းကြရန် ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အစည်းအ‌ဝေး တက်‌ရောက်သည့် PSDP ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက “ကရင်ပါတီများ‌ပေါင်းစည်း ‌ရေး ‌ကော်မတီကို တစ်ပါတီချင်းစီက ကိုယ်စားလှယ် ၆ဦးစီနဲ့ အဖွဲ့ဝင် ၃ဝ ဦးပါ ‌ကော်မတီကို ဖွဲ့စည်း သွားမယ်။ အဲဒီ‌ကော်မတီအ‌နေနဲ့ ကရင်တစ်ပါတီတည်း ‌ပေါင်းစည်း‌ရေး ကိစ္စရပ်‌တွေကို တစ်နှစ်အတွင်းအပြီး စီမံလုပ်သွားဖို့ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစည်းအ‌ဝေးတွင် ကရင်နိုင်ငံ‌ရေးပါတီ ၅ခုက တစ်ပါတီချင်းစီအလိုက် ‌ပေါင်းစည်း‌ရေး အမြင်စာတမ်းများ တင်သွင်းခဲ့သလို ကရင်အမျိုးသားပါတီမှ မူဝါဒပိုင်းဆိုင်ရာ စာတမ်းကို တက်‌ရောက်လာသူများက လက်ခံသည့်အတွက် ‌ပေါင်းစည်း‌ရေးကို ဆက်လုပ်သွားမည်ဖြစ်သည်ဟု KNP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းကလည်း ယခုလို ‌ပြောသည်။

“အဓိကက‌တော့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဖို့ရယ်၊ ‌နောက်တချက်က အနာဂတ်ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌ရေးအတွက် အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အ‌ခြေခံတဲ့အမျိုးသား ပြည်နယ်များနဲ့ ဖွဲ့စည်း‌ရေးကိစ္စကိုမူကို အားလုံးသ‌ဘောတူတယ်။ ‌နောက်ဆုံးအချက်က‌တော့ မည်သည့် ပါတီအဖွဲ့အစည်းတခုရဲ့ ဩဇာခံမဖြစ်ရဘူးဆိုတာ တင်တယ်။ အဲ့ဒီအ‌ပေါ်မှာ မူတည်ပြီး ‌ဆွေး‌နွေးပြီး‌တော့ အခုလို ‌ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်”ဟု မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်နိုင်ငံ‌ရေးပါတီ ၅ပါတီ ‌ပေါင်းစည်း‌ရေးကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌ရွေး‌ကောက်ပွဲအပြီး နိုဝင်ဘာ ‌နောက်ဆုံးအပတ်တွင် စတင်‌ဆွေး‌နွေးခဲ့ပြီး ယင်းအစည်းအ‌ဝေးတွင် ‌ပေါင်းစည်း‌ရေးကို မူအရ သ‌ဘောတူခဲ့ပြီဖြစ်သည်။

ထို့‌နောက် ယခု ဒုတိယအကြိမ်အစည်းအ‌ဝေးတွင် ‌ပေါင်းစည်း‌ရေးအတွက် ဆုံးဖြတ်ကာ လာမည့် ‌ဖေ‌ဖော်ဝါရီလအတွင်း ‌ပေါင်းစည်း‌ရေး‌ကော်မတီဖွဲ့စည်းရန်အတွက် အစည်းအ‌ဝေးထပ်မံပြုလုပ်သွားရန် ရှိ‌ကြောင်းလည်း ပါတီတာဝန်ရှိ သူများထံမှ သိရသည်။