ဖက်ဒရယ်ဒီမိုကရေစီအတွက် ညီညီညွတ်ညွတ် ဖြတ်သန်းရမည့် ၂၀၁၆
Time pass slowly ဆိုသည့်အတိုင်း ခရစ်နှစ် ၂၀၁၅ ကုန်ဆုံးကာ ၂၀၁၆ သို့ ရောက်ရှိလာပြီးဖြစ်သလို ကရင်အမျိုးသားများ ကောက်သစ်စားချိန် ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ်ကုန်ဆုံးကာ ၂၇၅၅ခုနှစ်သို့ တရွေ့ရွေ့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ကုန်လွန်ခဲ့ သည့် ၂၀၁၅ခုနှစ်ကို ပြန်ငဲ့ကြည့်လျှင် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က အနိုင်ရခဲ့ပြီး ပြည်သူလူထု အားလုံး လိုလားသည့် အပြောင်းအလဲအတွက် ရောင်နီသန်းလာသယောင် ထင်ရမည်ဖြစ်သည်။ သို့သော် နှစ်ပေါင်း ၅၀ကျော် အာဏာရှင်လက်အောက်သို့ ကျရောက်ခဲ့ပြီး ရာစုနှစ်ဝက်ကျော်ကြာ ယနေ့တိုင် မပြီးဆုံးသေးသည့် ပြည်တွင်းစစ်မီး ဖြစ်ပွားနေ သည့် မြန်မာနိုင်ငံအတွက်မူ တိုင်းရင်းသားပြည်သူပြည်သားများ လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင် ရေးအတွက်မူ ၂၀၁၆ခုနှစ်သည် အစခရီးသာ ရှိသေးသည်ဟု မှတ်ယူမိသည်။
နှစ်ပေါင်းများစွာ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် ကျင့်သုံးခဲ့သည့် အကျိုးရလဒ်အဖြစ် တိုင်းပြည်သည် အဖက် ဖက်မှ ချွတ်ခြုံကျကာ လူနေမှုစနစ် နိမ့်ကျခဲ့ရသည်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်အခြေခံ အဆောက်အအုံများ ပျက်စီးယိုယွင်းနေမှု၊ ခေတ်အ ဆက်ဆက်အာဏာရှင်များနှင့် ယင်းတို့ကို အမှီပြုကာ အကျိုးစီးပွားဖြစ်ခဲ့သူ များအနေဖြင့် အာဏာကို လက်လွှတ်ရတော့မည့် အခြေအနေကို လက်ခံရန်ခက်ခဲနေအုံးမည်ဖြစ်ကာ အများလိုလားသည့် အပြောင်းအလဲအတွက် အဟန့်အတားသဖွယ် ရှိနေဦးမည်ဖြစ်သည်။
ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၈ဖွဲ့သည် ၂၀၁၅၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် အစိုးရနှင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစာချုပ်အရ လာမည့် ၂၀၁၆ ဇန်နဝါရီလတွင် နိုင်ငံရေးဆွေးနွေးပွဲ စတင်တော့မည် ဖြစ်သည်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေး ရပြီးစအချိန်ကတည်းက တိုင်းရင်း သားများ နိုင်ငံရေးအရ တန်းတူအခွင့်အရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်မရခဲ့၍ ပြည်တွင်းစစ်မီးဖြစ်ပွားကာ အကျိုးဆက်အ နေနှင့် အစစအရာရာ နွမ်းပါးနိမ့်ကျခဲ့ရသည်။ မြန်မာ့နိုင်ငံရေးဟု ဆိုရာတွင် မြန်မာနိုင်ငံအတွင်း ရှေးပဝေသဏီထဲက အတူတကွ နေထိုင်လာသည့် တိုင်းရင်းသားများအရေး ပြေလည်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ကို သမိုင်းက သက်သေပြခဲ့ပြီး ယင်းကို လက်ရှိ နိုင်ငံရေးဇာတ်ခုံပေါ်မှ လူပုဂ္ဂိုလ်များ သဘောပေါက်နားလည်ကာ နှလုံးစိတ်ရင်းအမှန်ဖြင့် လုပ်ဆောင်သွားရန်လိုသည်။
မကြာခင် ပြုလုပ်တော့မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အားလုံးမပါဝင်ခြင်း၊ ဆွေးနွေးပွဲအ တွက် နိုင်ငံရေးမူဘောင်တွင် ကိုယ်စားလှယ်ပါဝင်မှုကိုကြည့်မည်ဆိုက စစ်အာဏာရှင်တို့ ကျင့်သုံးတတ်သည့် ကိုယ်စားလှယ် အသာရယူဆွေးနွေးပွဲများ ပုံစံမျိုးရှိနေရာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအတွက်များစွာ ခက်ခဲနေဦးမည့် သဘောရှိနေ သေးသည်ကို တွေ့ရသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ရွေးကောက်ပွဲအနိုင်ရ NLD အနေဖြင့်လည်း တိုင်းရင်းသားများ အရေးကို ခြုံငုံနားလည်ကာ ဖယ်ကြဉ်ထားခြင်းမပြုဘဲ မဖြစ်မနေ ဦးဆောင်လုပ်ကိုင်သွားရမည်ပင် ဖြစ်သည်။
အချုပ်ဆိုရသော် ကမ္ဘာ့သမိုင်းအရ မြေရှင်ပဒေသရာဇ်စနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ်၊ ကိုလိုနီစနစ်၊ စစ်အာဏာရှင်စနစ်တို့ကို တိုင်းရင်းသားပြည်သူများ စည်းလုံးညီညွတ်မှုဖြစ်တွန်းလှန်၊ တော်လှန်ခဲ့၍သာ မျက်မှောက် ဒီမိုကရေစီနိုင်ငံများ ကမ္ဘာပေါ်တွင် ပေထွန်းလာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အလားတူ မိမိနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတွင်လည်း မည်သည့် အခက်အခဲ၊ အတားအဆီးများ ရှိနေစေကာမူ တိုင်းရင်းသားညီအစ်ကိုများ စုပေါင်းညီညာစွာ လုပ်ဆောင်သွားမည်ဆိုပါက အောင်မြင်မှုကို ဆွတ်ခူးနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။


















