အောက်တိုဘာ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သာမညကျေးနယ်တွင် မဲရုံနည်းပြီး မဲပေးသူ အရေအတွက်များသည့်အတွက် မဲပေးချိန် မလုံမ လောက်ဖြစ်မည်ကို ဒေသခံအချို့က စိုးရိမ်နေကြသည်ဟု သာမညကျေးနယ်မှ ဒေသခံ ခွန်ဝင်းအောင်က ကေအိုင်စီသို့ ယမန် နေ့က ပြောသည်။
“မဲဆန္ဒရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ပြောတယ်၊ အချိန်လောက်ပါ့မလားပေါ့။ မဲဆန္ဒရှင်က များတယ်။ မဲရုံက ၄ရုံပဲရှိတော့ အားလုံးမဲပေးနိုင်ဖို့အတွက် မှီပါ့မလား။ အဲဒါကို ကျနော်တို့ စိုးရိမ်တယ်။ ၂၀၁၀ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ မဲဆန္ဒရှင်တွေဟာ နေပူထဲမှာတန်းစီပြီးကို မဲပေးခဲ့ရတယ်”ဟု ခွန်ဝင်းအောင်က ပြောသည်။
ဖားအံမြို့နယ်၊ သာမညကျေးနယ်တွင် မဲဆန္ဒရှင်သူဦးရေ စုစုပေါင်း ၉,၉၀၀ကျော်ရှိပြီး မဲရုံစုစုပေါင်း ၄ရုံသာရှိသည့်အတွက် မဲရုံ ဖွင့်ချိန်မှာ မနက် ၆နာရီမှ ညနေ ၄နာရီအထိဖြစ်သော်လည်း မဲရုံတစ်ရုံတွင် မဲဆန္ဒရှင် နှစ်ထောင်ကျော် မဲပေးရမည်ဖြစ်၍ မဲပေး ချိန် မလုံလောက်မည်ကို မဲဆန္ဒရှင်အချို့က စိုးရိမ်နေကြခြင်းဖြစ်သည်။
အဆိုပါကျေးနယ်အတွင်းရှိ မဲဆန္ဒရှင်များက မိမိတို့ဒေသတွင် မဲရုံစုစုပေါင်း ၅ရုံဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ခွဲက မဲရုံစောင့်ကြည့်မည့် မဲရုံမှူးဦးရေနည်းပါး၍ အခက်အခဲရှိသဖြင့် ၄ရုံသာ ဖွင့်လှစ်ပေးခဲ့သည်။
အလားတူ ဖားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုတွင် စုစုပေါင်းကျေးရွာ ၁၃ရွာ၌ မဲထည့်နိုင်သည့် မဲဆန္ဒရှင်ပေါင်း ၆ထောင် ကျော်ရှိသော်လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ခွဲက မဲရုံ ၂ရုံသာ ဖွင့်ပေးထားခဲ့သည်ဟု လှာကမြင်ကျေးရွာ အုပ်ချုပ် ရေးမှူး စောဌေးကျော်မျိုးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေး အရပ်ဖက်လူမှုဖွဲ့အစည်းများကွန်ရက်မှ ကိုမြင့်အောင်က “လူတစ်ဦးကို မဲပေးမည့်အချိန် တစ်မိနစ်လောက်ပဲ ကြာမြင့်မယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောဆိုထားပေမယ့် လည်း အမှန်တကယ် လက်တွေ့မှာ လူတစ်ဦး မဲပေးဖို့အချိန်က ၅မိနစ်မက ရှိတယ်ဆိုတာ တွေ့ရတယ်”ဟု ပြောသည်။
ယင်းသို့ အချိန်မလောက်ငှခဲ့ပါက မဲပေးပိုင်ခွင့် ဆုံးရှုံးသွားနိုင်ပြီး ရွေးကောက်ပွဲရလဒ်အပေါ် ထိခိုက်နိုင်သော်လည်း မဲဆန္ဒရှင် အားလုံး မဲပေးနိုင်ရန်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်ဟု ဖားအံမဲဆန္ဒ အမှတ်(၁)တွင် ဝင်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စောမိုးမြင့်က ပြောဆို သည်။
ကရင်ပြည်နယ်တစ်ခုလုံးတွင် မဲပေးနိုင်သူ လူဦးရေ စုစုပေါင်း ၈၇၆,၄၈၅ဦးရှိပြီး တစ်ပြည်နယ်လုံးရှိ မဲရုံစုစုပေါင်း ၆၈၄ရုံသာ ဖွင့် လှစ်ထားရှိကြောင်း ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။


















